သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့ ဒေါ်စုအတွက် မွေးနေ့ဆုတောင်း


ဒီနေ့ ဇွန်လ(၁၉)ရက်နေ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃)နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် နေထိုင် မကောင်းလို့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ရာမှာ ရှစ်လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု ဖြစ်ပွားချိန်နဲ့ တိုက်ဆိုင်ပြီး မြန်မာ့ နိုင်ငံရေးမှာ လူထု ခေါင်းဆောင် ဖြစ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို နေအိမ် အကျယ်ချုပ်ခံထားရတာ သုံးကြိမ်မြောက်ရှိပြီး စုစုပေါင်း ( ၁၂)နှစ်တာ ကြာသွားပါပြီ။ ဒီနေ့ ကျရောက်တဲ့ သူ့မွေးနေ့မှာ ကမ္ဘာ တလွှားက မြန်မာအရေး လှုပ်ရှားသူတွေဟာ အထိမ်းအမှတ် မွေးနေ့ပွဲတွေ ကျင်းပပြီး ဆုတောင်း မေတ္တာပို့သခဲ့ရာမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးတွေကလည်း ဆုတောင်းပေးပို့ခဲ့ ပြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးပါတယ်။

" ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပျော်ရွှင်မှု အပြည့်ရပါစေလို့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ခြောက်ဦးတို့ ကိုယ်စား ဆုတောင်း မေတ္တာပို့ လိုက်ပါတယ်လို့ ပြောကြား သွားသူကတော့ (၁၉၇၆)ခု နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် အိုင်ယာလန်နိုင်ငံသူ မာရိကော်ရီဂွန်မဂွိုင်းယားပါပဲ၊ သူအပါအဝင် နောက် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်ကြတဲ့ ဂျိုဒီဝီလျှံ၊ ရှာရင်းအာဘေဒီ၊ ဝင်ကာရာမာသိုင်၊ ဝီကို့ဘာတာမန်ချူတမ်းနဲ့ ဘက်တီဝီလျှံတို့လို အမျိုးသမီး ငြိမ်းချမ်းရေးဆုရှင်ခြောက်ဦးတို့အနေနဲ့ ဆူဒန်၊ ဒါဖေါ ငြိမ်းချမ်းရေးရှိဖို့၊ အရှေ့အလယ်ပိုင်း စသည်ဖြင့် ဆောင်ရွက်ရာမှာ တဦးတည်း နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ (၁၉၉၁)ခု နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကို အမြဲသတိရရှိကြောင်းလည်း မစ္စမဂွိုင်းယားက ပြောပါ တယ်။ "

" ကျမတို့ရဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ခြောက်ဦးတို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဆိုင်ရာ ရေးယူ ဆောင်ရွက်မှု အဖွဲ့မှာ ခုနစ်ဦးမြောက်ကတော့ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်သူ နေအိမ် အကျယ်ချုပ် ကျခံ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ကမ္ဘာပေါ်မှာ စုစုပေါင်း နိုဘယ် ဆုရှင် အမျိုးသမီး (၁၂)ဦးသာရှိပါတယ်။ နိုင်ငံ အမျိုးမျိုးက လာကြတဲ့ ကျမတို့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်တွေ ပုံမှန် တွေ့ဆုံကြပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတိုင်း နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲသတိရပါတယ်လို့ မစ္စမဂွိုင်းယားက ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ် အကျယ်ချုပ် သက်တမ်း စုစုပေါင်း (၁၂)နှစ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွတ်မြောက်ရေး အတွက်လည်း သူတို့ အဖွဲ့အနေနဲ့ အမြဲ လှုပ်ရှား ဆောင်ရွက်နေတယ်လို့ မစ္စမဂွိုင်းယားက ပြောပါတယ်။ ဒါပေမယ့် သက္ကရာဇ်(၂၀၀၃)ခု မေလက၊ ဒီပဲယင်း အရေးအခင်းအပြီး မြန်မာ စစ်အစိုးရက ငါးနှစ် နေအိမ် အကျယ်ချုပ် ဆက်တိုက် ချခဲ့ပြီး မကြာသေးခင်က ခြောက်ကြိမ်မြောက် သက်တမ်းတိုးခဲ့တဲ့ အပေါ်မှာလည်း နိုင်ငံတကာနဲ့အတူ ဒေါသ ထွက်မိတယ် လို့ မစ္စမဂွိုင်းယားကပြောပါတယ်။ တည်ဆဲ လုံခြုံမှု အက်ဥပဒေအရ လူဦးကို အမှုမစစ်ပဲ အများဆုံး ငါးနှစ်ထက်ကို ဖမ်းဆီး ထားခွင့် မရှိတဲ့အတွက်လည်း အခုလို နေအိမ် အကျယ်ချုပ်သက်တမ်း တိုးလိုက်တဲ့အတွက် နိုင်ငံ တကာနဲ့ အတူ ဒေါသ ထွက်ခဲ့ပါတယ်။ ခုလို နေအိမ် အကျယ်ချုပ် သက်တမ်းတုိး လိုက်တာဟာ မြန်မာစစ်အစိုးရက တည်ဆဲ ဥပဒေကို ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါကြောင့်လည်း အခုလို တရားမဝင် နေအိမ်အကျယ်ချုပ် ချထားခြင်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ (၁၉၇၆)ခု နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်က ပြောသွားတာပါ၊ အိုယာလန်နိုင်ငံမှာ ပရိုတက်စတင့်နဲ့ ကက်သလစ် ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေး ရယူဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နိုင်ငံအေးချမ်းမှု ရရှိအောင် ဆောင်ရွက်ခဲ့တာကို ထောက်ပြပြီး မြန်မာ စစ်အစိုးအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးနဲ့ တိုင်းရင်းသား အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဘေးဒုက္ခ ကြာရှည်လှတဲ့ မြန်မာနိုင်ငံသားတွေ အတွက် ဒီမိုကရေစီ ဖေါ်ဆောင်ဖို့ကိုလည်း မစ္စမဂွိုင်းယားက တိုက်တွန်း ပြောကြားသွားပါတယ်။ ဒီနေ့ အသက်(၆၃)နှစ ်ပြည့်မယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာအနစ်နာခံမှုကုိလည်း မစ္စမဂွိုင်းယားက အခုလို ချီးကျူးသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံမှုဟာ ကျမအပါအဝင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသမီးတွေကိုရော၊ ကမ္ဘာ တဝှမ်းက လူတွေကိုရော အလွန်အားကျစေပါတယ်။ သူ့ရဲ့ သတ္တိကိုလည်း ချီးကျူပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပြောဆို ကမ်းလှမ်းမှုတွေကိုလည်း ကျမတို့က ထောက်ခံပါတယ်။ အကောင်းဆုံး ဖြစ်လာ ပါစေလို့လည်းဆုတောင်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဒီမိုကရေစီ ရရှိတဲ့နေ့ကို စောင့်ကြိုနေပါ့မယ်လို့ မစ္စမဂွိုင်းယားက ပြောသွားတာဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG