သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည့်အပေါ် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ဝေဖန်ရှုတ်ချ


မြန်မာနိုင်ငံအတွင်း အခြေခံ လွတ်လပ်မှုတွေ ဆုံးရှုံးနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ ၈ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ မြန်မာ အစိုးရကို ပြစ်တင် ဝေဖန်တဲ့ ဆုံးဖြတ်ချက် တရပ် ချမှတ်ခဲ့ပါတယ်။ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေနဲ့ပတ်သက်လို့ ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။

မနေ့ကလုပ်တဲ့ ၈ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ တင်သွင်း ချမှတ်ရာမှာ မြန်မာနိုင်ငံအကြောင်းကိုပါ ဆွေးနွေး သွားခဲ့ကြတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကိုတော့ ဥရောပသမဂ္ဂကနေ တင်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ပါ အချက်တွေကတော့ အရင်နှစ်တွေကထက် သိပ်မထူးခြားပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ် ဆိုတဲ့အပေါ် မြန်မာအစိုးရကို ပြစ်တင် ဝေဖန်ထားတာပါ။ ဒီထက် ပိုတာကတော့ အခု ပြီးခဲ့တဲ့ မေလ ဆိုက်ကလုံး မုန်တိုင်းနဲ့ပတ်သက်လို့ ဒုက္ခသည်တွေကို ကူညီရေးမှာ မြန်မာအစိုးရကြောင့် နှောင့်နှေးနေရတဲ့ ကိစ္စကို ထည့်သွင်းထားပါတယ်။ ဒီနေရာမှာ မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာ အထောက်အပံ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးပို့နိုင်ဖို့ ဆိုတာကို တောင်းဆိုထားပါတယ်။

ဆုံးဖြတ်ချက်ပါ အကြောင်းအရာ အများစုက ပြီးခဲ့တဲ့နှစ်ကနဲ့ မထူးခြားပေမယ့် မြန်မာအစိုးရအနေနဲ့လည်း အရင် လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် တောင်းဆိုချက်တွေကိုပဲ လိုက်နာတ ာမတွေ့ရဘူးလို့ ဆုံးဖြတ်ချက်ကို အဆိုပြု တင်သွင်းတဲ့ ဥရောပသမဂ္ဂ ကိုယ်စား ဆလိုဗေးနီးယားနိုင်ငံ ကိုယ်စားလှယ်က ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသား အများအပြားဟာ အကျဉ်းထောင်တွေထဲမှာပဲ ရှိနေဆဲပါ။ အခု ဇွန်လ ၁၉ရက်နေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ရောက်ပါပြီ။ သူမဟာ တဦးတည်း အထီးကျန် နေအိမ်မှာ အကျယ်ချုပ် ချခံထားရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် စစ်အစိုးရက သူတို့ ပြောနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ဖယ်ထုတ်ထားတယ်ဆိုတာ ရှင်းနေပါတယ်။ ဖွဲ့စည်းပုံဆန္ဒခံယူပွဲကိုလည်း ခြိမ်းခြောက်မှုတွေ ကြားထဲ မှာ ကျင်းပသွာခဲ့ပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ လွတ်လပ်စွာစုရုံးခွင့်တွေ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ကပ်ဘေး ကျရောက်နေတဲ့အချိန်မှာပဲ ဒီဆန္ဒခံယူပွဲဆိုတာကို ဦးစားပေးဆောင်ရွက်ခဲ့တာပါ”လို့ အီးယူ ဥရောပသမဂ္ဂကိုယ်စား ဆလိုဗေးနီးယား ကိုယ်စားလှယ် မစ္စတာ အန်ဒရေချ် လိုဂါက ပြောသွားပါတယ်။

ဥရောပ သမဂ္ဂက အဆိုပြုတဲ့ ဆုံးဖြတ်ချက်မှာ ဆိုက်ကလုံး ဒုက္ခသည်တွေကို အကူအညီ ပေးသူတွေ လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့ ထပ်မံ တောင်းဆိုတာပါသလို - ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ် နှိမ်နင်းရာမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ကိုလည်း ထပ်မံ တောင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း မြန်မာ အိမ်နီးချင်း အာရှနိုင်ငံအများစုကတော့ အခု ဥရောပ သမဂ္ဂက အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှုမရှိပါဘူး။ မြန်မာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကဆိုရင် ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စား လှယ်သစ်ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေမယ်လို့ယူဆပါယတယ်။

“မြန်မာအစိုးရကို အနှောက်အယှက်ဖြစ်စေပြီး ဝေဖန်ရှုတ်ချတဲ့ ဒီဆုံးဖြတ်ချက်မျိုးဟာ အထူးကိုယ်စားလှယ်ကြီးရဲ့ ဆောင်ရွက်ချက်အတွက် အနှောက်အယှက်ပဲဖြစ်စေပါတယ်။ မြန်မာအစိုးရနဲ့ လူ့အခွင့်အရေးကောင်စီအကြား အပြသဘောဆောင်ရွက်တာကပဲ မြန်မာအစိုးရအတွက် ကောင်စီနဲ့ဆက်ဆံဆောင်ရွက်ရေးမှာ အဆင်ပြေပါစေမယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ကတော့ အခု ဆုံးဖြတ်ချက်မှာ သဘောထား မပါဝင်ပါဘူး”လို့ အိန္ဒိယ ကိုယ်စားလှယ် Mr. Swashpawan Singh က ပြောသွားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးကိစ္စတွေနဲ့ ဆိုက်ကလုံးမုန်တိုင်း ကယ်ဆယ်ရေးကိစ္စတွေကိုလည်း နိုင်ငံရေးဖိအားတွေလို အသုံးမပြုဖို့ အိန္ဒိယအစိုးရကိုယ်စားလှယ်က မေတ္တာရပ်ခံပါတယ်။

အလားတူလိုပါ အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံကလည်း လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဝေဖန် ရှုတ်ချနေမယ့်အစား မြန်မာအစိုးရနဲ့ အပြုသဘောဆောင် ထိစပ် ဆောင်ရွက်သွားဖို့ကိုပဲ လိုလားပါတယ်။

“မြန်မာ အစိုးရအနေနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် ရှေ့တိုး ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်ဆိုတာကို သတိပြုမိ ပါတယ်။ ဒါကို နိုင်ငံတကာအဝိုင်းအဝိုင်းအနေနဲ့ အားပေးသင့်တယ်လို့ ထင်ပါတယ်။ မြန်မာအစိုးရနဲ့ လူ့အခွင့်အရေး ကောင်စီ အကြား အပြုသဘောဆောင် ဆက်ဆံတာကို လိုလားပါတယ်။ ဒါကြောင့် အခု ဆုံးဖြတ်ချက်မှာ ဖိလစ်ပိုင်ရဲ့ သဘောထား မပါပါဘူး”လို့Ms. Erlinda F. Basilioက ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အခုနှစ်ပိုင်းအတွင်း တိုးတက်တာတွေ အချို့မြင်တယ်။ အထူးသဖြင့်တော့ ဖွဲစည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တာ၊ ဒါကို အတည်ပြုနိုင်တာနဲ့ ဆိုက်ကလုံး မုန်တိုင်းကယ်ဆယ်ရေးမှာ နိုင်ငံတကာနဲ့ ပူးတွဲ ဆောင်ရွက်တာတွေကို ဖိလစ်ပိုင်ကိုယ်စားလှယ်က ထောက်ပြသွားပါတယ်။

အာဆီယံအဖွဲ့ဝင် နောက်ထပ် တနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အယူအဆကတော့ တမျိုးပါ မြန်မာအရေးကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ အဓိက နေရာက ကိုင်တွယ်ဖို့ လိုလားပါတယ်။ ဒီအတွက်လည်း အခုလို လူ့အခွင့်အရေး ကောင်စီကနေ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ အရှည်ကြည့်ပြီး အပြုသဘောဆောင် တွန်းအား ပေးဖို့ကို တိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခိုင်မာတဲ့ အချိန်ဇယား သတ်မှတ်မှုရှိတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တရပ်ရှိဖို့ဆိုတာ မလေးရှား နိုင်ငံအနေနဲ့ အမြဲတမ်း ထောက်ပြပြောဆိုပါတယ်။ ဒီလုပ်ငန်းစဉ်တွေ သိသိသာသာ တိုးတကလာဖို့နဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ နိုင်ငံတကာကလည်း မြန်မာအစိုးရကို အားပေး အထောက်အပံ့ ပြုကြဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီကနေ အဓိက ကျကျ အခန်းကနေ ပါဝင်ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံက အလေးထားပြောဆိုဆောင်ရွက်ပါတယ်။ လူ့အခွင့်အရေး ကောင်စီအနေနဲ့ အပြုသဘောဆောင်ပြီး အရှည်ကို ကြည့်တဲ့ ဆုံးဖြတ်ချက်မျိုးတွေချမှတ်ဖို့ လိုလားပါတယ်” လို့ Mr. Moktar Idham Musa က ပြောသွားတာပါ။

မြန်မာ အစိုးရဖက်ကနေ အမြဲလိုလို အမာခံရပ်တည်လေ့ရှိတဲ့ တရုတ်အစိုးရကိုယ်စားလှယ်ကတော့ မြန်မာအစိုးရရဲ့ အခက်အခဲ အခြေအနေတွေကို နားလည် စာနာဖို့ကိုပဲ အထူးမေတ္တာရပ်ခံပါတယ်။

“မြန်မာ အစိုးရအနေနဲ့ အခုအသစ်ခန့်အပ်တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတယ် ဆိုတာကို ပြသခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့က မြန်မာအစိုးရရဲ့ အခက်အခဲတွေကို နားလည် ပေးသင့်ပါတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ တည်ငြိမ်မှုတွေ တဖြေးဖြေးဖြစ်လာစေဖို့ အခြေအနေ ပတ်ဝန်းကျင် ကောင်းတွေ ဖန်တီးနေမှုကို နိုင်ငံတကာက နားလည် အသိအမှတ်ပြုပြီး အားပေးဖို့ လိုပါတယ်”လို့ Mr. QIAN Bo က ဘာသာပြန်က တဆင့် ပြောသွားခဲ့တာဖြစ်ပါတယ်။

မြန်မာ အစိုးရကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကတော့ အခု ဆုံးဖြတ်ချက်ဟာ နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးဖိအားပေးဖို့ ကြိုးစားတာလို့ အခုလို တုန့်ပြန်သွားပါတယ်။

“အင်အားကြီးနိုင်ငံတွေကနေ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားတွေ ပေးဖို့အတွက် မနှစ်ကလို ဆုံးဖြတ်ချက်မျိုး ချမှတ် နိုင်ဖို့ ကြိုးစားတယ်ဆိုတာ ရှင်းပါတယ်။ မေလအတွင်းက မြန်မာနိုင်ငံတွင်း အဖြစ်အပျက်အတော်မျာများရှိခဲ့ပါတယ်၊”

အခု ကာလအတွင်း မြန်မာနိုငငံအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ကိစ္စရပ်အတော်များများမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်။ ဒီအတွက် ဒီအခြေအနေမှာ အခုလို ဆုံးဖြတ်တာကို လက်မခံဘူးလို့လည်း ပြောပါတယ်။

ဒီလို တိုးတက်မှုတွေ ဖြစ်တယ်ဆိုတာ သိသာ ထင်ရှားတဲ့ ကာလမျိုးမှာ နိုင်ငံကြီးတွေက နိုင်ငံရေး ဖိအား ပေးလိုတဲ့ သဘောမျိုးနဲ့ လုပ်တဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ လက်မခံပါဘူး။ ဒီလို လုပ်မယ့်အစား နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့က ဆိုက်ကလုံး မုန်တိုင်း ဒုက္ခသည်တွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ နောက် ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ မြန်မာအစိုးရကို အားပေးထောက်ခံဖို့လိုပါတယ်။”

ဆုံးဖြတ်ချက် မူကြမ်းတင်သွင်းတဲ့ ဥရောပ သမဂ္ဂကိုယ်စား ဆလိုဗေးနီးယား ကိုယ်စားလှယ်ကတော့ အခု မူကြမ်းမပြင်ခင် ဆုံးဖြတ်ချက်အတွက် အခြားနိုင်ငံတွေနဲ့ ညှိုနှိုင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခု ဆုံးဖြတ်ချက် ကို ဥရောပ သမဂ္ဂက အဆိုပြုပေမယ့် ဂျပန်ကလွဲလို့ အာရှနိုင်ငံအများစုကတော့ ဒီဆုံးဖြတ်ချက်ကို လိုလားတဲ့ ပုံတော့ မတွေ့ရပါဘူး။

XS
SM
MD
LG