သုံးရလွယ်ကူစေသည့် Link များ

လေဘေး အကူအညီ ပို့ဆောင်ရေး ရံပုံငွေ ပြတ်လပ်တော့မည်


မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုအတွက် စားနပ်ရိက္ခာတွေ အဓိကထောက်ပံ့နေပြီး သယ်ယူပို့ဆောင်ရေး အတွက်လည်း အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ WFP ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ဟာ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် ရန်ပုံငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါပြီ။ သယ်ယူပို့ဆောင်ရေးအတွက် WFP ကလိုအပ်တဲ့ ရန်ပုံငွေ စုစုပေါင်းရဲ့ တဝက်ကျော်ကိုပဲ ခုချိန်ထိ ရထားသေးတာကြောင့် ရန်ပုံငွေအရေးပေါ်လိုအပ်နေတဲ့အကြောင်း WFP က ဒီကနေ့ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်၊ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထု ၂ ဒဿမ ၄ သန်းတို့အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အကူအညီပေး အဖွဲ့အစည်း ၅၀ လောက်တို့ရဲ့ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးဟာ ရဟတ်ယာဉ်တွေပေါ်မှာ မှီခိုနေရပါတယ်။ အခုတော့ ဒီရဟတ်ယာဉ်တွေအတွက်အပါအဝင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ရန်ပုံငွေတွေပြတ်လပ်နေတာကြောင့် ရန်ပုံငွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီနေ့အချိန်ထိဆိုရင် စုစုပေါင်းလိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရဲ့ တဝက်ကျော်လောက်ကိုပဲ ရသေးတယ်လို့ ဆိုပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ခရစ္စ ကေး (Chris Kaye) က -

"ဒီနေ့ထိဆိုရင် ခန့်မှန်းခြေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၃ ဒဿမ ၅ သန်း လိုအပ်နေပါတယ်။"

ရထားပြီးသား ရန်ပုံငွေတွေထဲက အများစုဟာလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဝေးလံ ခေါင်သီတဲ့နေရာတွေကို အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေပေးပို့ရာမှာ အသုံးပြုဖို့ လှေအမျိုးမျိုးအတွက် အသုံးပြုခဲ့ရပြီးပါပြီ။

လက်ရှိလိုအပ်နေတဲ့ ရန်ပုံငွေပမာဏဟာ ရဟတ်ယာဉ်တွေအတွက် သက်သက်မဟုတ်ဘဲ သယ်ယူပို့ဆောင်ရေး ကဏ္ဍတခုလုံး အတွက် ဖြစ်ပါတယ်လို့ ခရစ္စကေးက ပြောပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို စားနပ် ရိက္ခာတွေနဲ့ အကူအညီပစ္စည်းတွေ လူးလာခေါက်တုန့်သယ်ဆောင်နေတဲ့ လေယာဉ်တွေအတွက် စရိတ်လည်းပါဝင်ပါတယ်။ ရဟတ်ယာဉ်တွေဟာ အဓိကကျပေမယ့် တခြား သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေလည်း ပါဝင်ပါတယ်လို့ ခရစ္စကေးက ပြောပြပါတယ်။

"ကျနော်တို့မှာ မြစ်တွင်းသွားလှေမျိုးစုံရှိပါတယ်။ ဒီယာဉ်တွေအကုန်လုံးဟာ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေးပစ္စည်း မက်ထရစ်တန် ၄၀၀၀ လောက်ကို သယ်ယူနိုင်တဲ့စွမ်းအင်ရှိကြပါတယ်။ ဒါဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ အရေးကြီးတယ် ဆိုတာ ထင်ရှားပါတယ်။ ဒီ သယ်ယူပို့ဆောင်နိုင်စွမ်းအားကို လပေါင်းအတော်ကြာတဲ့ထိ ကျနော်တို့ ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။"

ရဟတ်ယာဉ်တွေဟာ အဆိုးရွားဆုံးထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေမှာ နေထိုင်သူတွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်း ပိုပြီးတော့ များများ ပေးပို့နိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရဟတ်ယာဉ်တွေဟာ အပြင်းအထန် အလုပ်လုပ်ခဲ့ကြရတယ်လို့ ခရစ္စ ကေးကဆိုပါတယ်။ လုပ်ငန်းတွေထဲမှာ အကူအညီပစ္စည်းတွေ ပေးပို့တာသာမက ကုလသမဂ္ဂ၊ ASEAN နဲ့ မြန်မာအစိုးရတို့ ပူးတွဲလုပ်ဆောင်နေတဲ့ အပျက်အစီးနဲ့လိုအပ်ချက် တိုင်းတာစစ်ဆေးမှုကို ကူညီတာလည်းပါပါတယ်။

ဒါ့ကြောင့်လည်း ရန်ပုံငွေတွေ အမြန်ဆုံး ထည့်ဝင်လှူဒါန်းကြဖို့ WFP က မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။ တကယ်က တော့ WFP အနေနဲ့ ရင်ဆိုင်နေရတဲ့ပြဿနာတွေထဲမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍတခုထဲ သက်သက်မဟုတ်ပါဘူး။ ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ ဆန်အကူအညီဟာလည်း ပြတ်လပ်မယ့်အရေး ရင်ဆိုင်နေရတာပါ။ ဒါနဲ့ပတ်သက်ပြီး ခရစ္စ ကေးက "လက်ရှိအချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာကြီး ရင်ဆိုင်နေရပါတယ်။ ဇူလိုင်လလယ်ထိတော့ ဆန်အလုံအလောက် ဖြန့်ဖြူး ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းကျရင်တော့ စားနပ်ရိက္ခာထောက်ပံ့မှု ပြတ်လပ်တာနဲ့ ရင်ဆိုင်ရပါမယ်။ ဒါဟာ လက်ရှိအချိန်မှာ အင်မတန်ကြီးမားတဲ့ စိုးရိမ်ဖွယ်ကိစ္စပါ။" လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ္စ ကေးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာအာဏာပိုင်တွေက WFP ကို ပြည်ပကနေ ဆန်တင်သွင်းခွင့်ပြုထားပြီးပါပြီ။ ဒါပေမယ့် ဒီနေရာမှာလည်း ဆန်ဝယ်ရဖို့နဲ့ မြန်မာနိုင်ငံဆီ အချိန်မီ ပို့နိုင်ရေးဟာ ပြဿနာဖြစ်နေရသေးကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG