သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံများကို ပိတ်ပင်ချက် ဇင်ဘာဘွေ အထက်လွှတ်တော်မှ ပလပ်


ဇင်ဘာဘွေ အတိုက်အခံ ဒီမိုကရေစီ ပြောင်းလဲရေးလှုပ်ရှားမှုအဖွဲ့ MDC က တနင်္ဂနွေနေ့မှာ လုပ်ဖို့ စီစဉ်ထားတဲ့ ချီတက် ဆန္ဒပြပွဲတွေကို မလုပ်ရဘူး ဆိုတဲ့ ဇင်ဘာဘွေ အစိုးရရဲ့ ပိတ်ပင်ချက်ကို အထက် တရားရုံးက အခု ဖယ်ရှား ပေးလိုက်ပါတယ်။ ဒီချီတက်ပွဲဟာဆိုရင် မဲအရေအတွက် တူနေတဲ့အတွက် နောက်တကြော့ ရွေးကောက်ပွဲတွေ ပြန်လုပ်ဖို့ မဲဆွယ်စည်းရုံးမှုတွေ စလုပ်ခဲ့တဲ့ အချိန်ကတည်းကစလို့ အတိုက်အခံ ခေါင်းဆောင် မော်ဂန်ချန်ဂရိုင်း (Morgan Tsvangirai) တက်ရောက်ဖို့ စီစဉ်ထားတဲ့ ပထမဆုံး ဆန္ဒပြပွဲ ဖြစ်တယ်လို့ ဟယ်ရာရီ မြို့ကနေ ဗွီအိုအေ သတင်းထောက် Peta Thornycroft သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မဲပေးမှုမတိုင်ခင်ကတည်းက အကြမ်းဖက်မှုတွေ တိုးလာနေတာကြောင့် အခု ဟယ်ရာရီမြို့မှာ ပြုလုပ်မယ့် ဒီ ချီတက် ဆန္ဒပြပွဲနဲ့ပတ်သက်လို့ မဲပေးသူတွေက စိုးရိမ်နေကြပါတယ်။

အခုလုပ်မယ့် ချီတက်ပွဲဟာ သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) နဲ့ အတိုက်အခံ MDC အဖွဲ့ခေါင်းဆောင် မောဂန်ရှန်ဂရိုင်း တို့အကြား နောက်တကြော့ ရွေးကောက်ပွဲတွေ မစတင်ခင် ဇွန်လ ၂၇ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အတိုက်အခံအဖွဲ့ရဲ့ အဓိက လှုပ်ရှားမှုတခု ဖြစ်ပါတယ်။ မတ်လ ၂၉ ရက် ပထမ တကြိမ် ရွေးကောက်ပွဲတွေမှာ မစ္စတာ ရှန်ဂရိုင်းက မစ္စတာ ဘူဂါဘီ ထက် ထောက်ခံမဲ ပိုရခဲ့ပေမယ့် သိသိသာသာ မဲကွာဟမှုတော့ မရှိခဲ့ပါဘူး။ အဲဒီ ပထမ တကြိမ် ရွေးကောက်ပွဲတွေ စခဲ့တဲ့ အချိန်ကတည်းကစလို့ အဖွဲ့ဝင် ၇၀ ထက်မနဲ အသတ်ခံခဲ့ရတယ်လို့ MDC အဖွဲ့က ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်ကြောက်ရွံ့ကြတဲ့အတွက် ဒီချီတက်ဆန္ဒပြပွဲကို မသွားရဲဘူးလို့ လမ်းမတွေပေါ်က လူတွေက ပြောကြပါတယ်။ ဒါပေမယ့်လည်း သောကြာနေ့ကျရင်တော့ မစ္စတာ ရှန်ဂရိုင်းကို မဲပေးဖို့ မဲရုံတွေဆီကိုတော့ အရောက် သွားကြမယ်လို့ သူတို့က ဆိုပါတယ်။

အတိုက်အခံအဖွဲ့ရဲ့ စုဝေးမှုတွေကို ရဲတွေက ဆက်တိုက် ပိတ်ပင်ခဲ့ကြတာပါ။ ဒါကြောင့် MDC အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ နောက်ပိုင်းမှာ လုံးဝနီးပါး လျှို့ဝှက်ဆောင်ရွက်ရတဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် မစ္စတာ မူဂါဘီ ထောက်ခံသူတွေက အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတယ် ဆိုတဲ့ MDC ရဲ့ စွပ်စွဲချက်ကိုတော့ မစ္စတာ မူဂါဘီက သောကြာနေ့က ငြင်းဆိုလိုက်ပါတယ်။ အခုလို စွပ်စွဲတာဟာ လိမ်ညာ စွပ်စွဲမှုသာ ဖြစ်တယ်လို့ Bulawayo မြို့မှာ သောကြာနေ့က ပြုလုပ်တဲ့ ချီတက်ပွဲတခုမှာ သူ့ကို ထောက်ခံသူတွေကို မစ္စတာ မူဂါဘီက ပြောခဲ့တာပါ။ နောက်ကျရင် သူ အနိုင်ရမယ့် မဲတွေကို တရားမဝင် လုပ်ပစ်ချင်လို့ MDC အဖွဲ့က အခုလို သူ့ကို စွပ်စွဲတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံ ၁၄ နိုင်ငံ ပါဝင်တဲ့ တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ SADC ဟာ ဇင်ဘာဘွေ ရွေးကောက်ပွဲတွေကို ကြီးကြပ်ဆောင်ရွက်ဖို့ အဖွဲ့ဝင် ၃၈၀ ကို စေလွှတ်မှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက စောင့်ကြည့် လေ့လာ သူတွေကိုတော့ ဇင်ဘာဘွေက လာရောက်ခွင့် မပြုသလို နိုင်ငံတကာ လူ့အခွင့်အရေး အရာရှိတွေ လာရောက်ခွင့်ပေးဖို့ ဗြိတိသျှနိုင်ငံရဲ့ တောင်းဆိုချက်ကိုလည်း ငြင်းဆန်ထားပါတယ်။ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကူညီ ထောက်ပံ့ရေးအဖွဲ့ရဲ့ အဆိုအရ ပြီးခဲ့တဲ့ မတ်လ ရွေးကောက်ပွဲတွေအတွင်း စောင့်ကြည့်လေ့လာသူ ၁ သောင်းနီးပါး ရှိခဲ့ပေမယ့် အခု မစ္စတာ မူဂါဘီ အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဦးရေကို ၂,၇၀၀ အထိ လျော့ချပစ်လိုက်တယ်လို့ ဆိုပါတယ်။

အတိုက်အခံ ခေါင်းဆောင် မစ္စတာ ရှန်ဂရိုင်းဟာ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေအတွင်း ၅ ကြိမ် ဖမ်းဆီးခံခဲ့ရသလို MDC အဖွဲ့ အထွေထွေ အတွင်းရေးမှူး တန်ဒိုင် ဘီတီ (Tendai Biti) ဟာလည်း နိုင်ငံတော် ပုန်ကန်မှု အပါအဝင် တခြား စွဲချက်တွေနဲ့ အခုချိန်ထိ ဖမ်းဆီးထိန်းသိမ်း ခံထားရတုန်းပဲ ဖြစ်ပါတယ်။ မစ္စတာ ဘီတီဟာ မတ်လ ရွေးကောက်ပွဲ ရလဒ်တွေကို အချိန်မတန်ခင် သတင်းပေါက်ကြားအောင် လုပ်မှုနဲ့ စွပ်စွဲခံထားရသလို တကယ်တမ်း သူ ပစ်မှု ကျူးလွန်တယ်ဆိုရင် သေဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

သောကြာနေ့မှာ ရွေးကောက်ပွဲတွေ စမှာဖြစ်သလို MDC အဖွဲ့အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာကိုတော့ တနင်္လာနေ့မှာ ကြေညာမှာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ တနေ့တခြား တိုးလာနေတာကို ကြည့်ခြင်းအားဖြင့် မစ္စတာ ရှန်ဂရိုင်း ရွေးကောက်ပွဲကနေ ထွက်သွားအောင် ဖိအားပေးခံနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။ MDC အဖွဲ့ဝင်တွေကတော့ မော်ဂန်ရှန်ဂရိုင်း ရွေးကောက်ပွဲကနေ နုတ်ထွက်မှာ မဟုတ်တာ သေချာပါတယ်လို့ ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG