သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အာဏာပိုင်တွေက သိမ်းဖို့ညွှန်ကြား


ဆိုင်ကလုန်း လေမုန်တိုင်း ဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ် ဒေသက ဒေသခံတွေ လေဘေးဒဏ်က ပြန်လည် နာလန်မထူ နိုင်သေးခင်မှာပဲ လယ်တွေ၊ ယာတွေ၊ လုပ်ငန်းတွေ ဆုံးရှုံးရမယ့် အဖြစ်နဲ့ ကြုံနေရပါတယ်။ အခုဆိုရင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲမှာ ဒေသခံတချို့ဟာဆိုရင် သူတို့လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နေရာတွေကနေ ဖယ်ရှားဖို့ အာဏာပိုင်တွေက အမိန့်ပေး စေခိုင်းနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြတာပါ။ ကိုအောင်လွင်ဦး က ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ အပြည့်အစုံကို ပြောပြပေးပါလိမ့်မယ်။

လေမုန်တိုင်းဒဏ်ခံရပြီးတဲ့နောက် နောက်နောင် ဒီလို သဘာဝဘေးအန္တာရာယ်တွေက ကာကွယ်နိုင်ဖို့ဆိုပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနနဲ့ ဒေသခံအာဏာပိုင်တွေက ဘိုကလေးမြို့နယ်ထဲမှာရှိတဲ့ လယ်ယာ၊ ကိုင်းကျွန်း လုပ်ကိုင်နေတဲ့ နေရာတွေကနေ ဖယ်ရှားပေးဖို့ အမိန့်ပေးစေခိုင်းနေတာမို့ လေဘေး ဒုက္ခသည်တွေအဖို့ တပူပေါ် နှစ်ပူဆင့် အခက်ကြုံ နေရတာပါ။ အခုလလယ်ပိုင်းကပဲ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကြောင့် အခက်ကြုံနေရတဲ့ အကြောင်းကို အမိန့်စာကို လက်ခံရရှိခဲ့တဲ့ ဒေသခံ လယ်သမား တဦး ပြောပြထားတာကတော့ -

"ဧရာဝတီတိုင်း ဘိုကလေးက မြေဧရိယာ ၃၃၃၄၀ကို သစ်တော ကာကွယ်မယ်၊ ဘာဖြစ်မယ်ဆိုပြီး ဖယ်ခိုင်းတယ်။ အမိန့်ပုံစံမျိုးနဲ့ ဖယ်ခိုင်းတယ်။ ကျွန်တော်တို့ကို ဖြည့်စွက်ပေးတာတွေလည်းမရှိတော့ ကျွန်တော်တို့က ဖယ်ပေးရတော့မလို ဖြစ်နေတယ်။ ၁၅ရက် ၆လ ၂၀၀၈ကတော့ သစ်တောဝန်ကြီးဌာနက အမိန့်စာကို ကြေညာတယ်။ ကျွန်တော်တို့ဆီကို ၂ရက်ခြားမှ ရောက်လာတယ်။ ကျွန်တော်တို့ကို အသိပေးခြင်းမရှိဘူး။ အခုမှ လာပြောတယ်။ ဖယ်ဆိုဖယ်။ မဖယ်လို့ရှိရင် ဘယ်လိုဖြစ်မယ်။ ဘာလိုဖြစ်မယ်ဆိုပြီး ပြောတယ်။"

အခုဖယ်ရှားပေးဖို့ ပြောထားတဲ့ ဒေသတွေဟာ လေဘေးဒဏ် မခံရမီ အချိန်အထိ ဒေသခံတွေ လယ်ယာ၊ ကိုင်းကျွန်း အဓိက စိုက်ပျိုးလုပ်ကိုင်နေတဲ့ နေရာတွေ ဖြစ်ပြီးတော့၊ မုန်တိုင်းဒဏ်ခံရပြီး ပြန်လည်နာလန်ထူဖို့ ကျိုးစားနေတုန်း အခုလို အခက်ကြုံ နေကြရတာလည်း ဖြစ်ပါတယ်။

"အဲဒီနေရာတွေမှာ လယ်လုပ်တဲ့ သူတွေလည်းရှိတယ်။ ပိုက်လုပ်တဲ့ သူတွေလည်း ရှိတယ်။ ဒေါက်လုပ်တဲ့သူတွေလည်း ရှိတယ်။ လယ်လုပ်တဲ့သူကတော့ များတယ်။ ပိုက်လုပ်တဲ့သူဆိုတာက ကျားပိုက်တွေ ထောင်တယ်။ ငါးသလောက် ပိုက်တွေ ထောင်ကြတယ်။ ကျွန်တော်တို့က ကြောက်လန့်သွားကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့က ဒါတွေနဲ့ပဲ လုပ်ကိုင်စားနေရတယ်။ ကျွန်တော်တို့မှာ မုန်တိုင်းကလည်း မိထားတဲ့ ဒဏ်တွေကလည်း ရှိသေးတယ်။ ကျွန်တော်တို့ ဘဝသစ်တခုကို ထူထောင်ဖို့ ပြန်ပြီး ကြိုးစားနေတာလေ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို အခုလိုလုပ်တော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြရမှာလဲ။ ကျွန်တော်တို့မှာလည်း ဘာမှ မရှိတော့ဘူး။ ဒီအချိန်မှာ ကျွန်တော်တို့ မျိုးစပါးရဖို့ကို မြို့မှာရှိတဲ့ အသိမိတ်ဆွေတွေဆီက ချေးဌားပြီးတော့ လုပ်နေရတဲ့ အခြေအနေလေ။ စက်တွေဆိုရင်လည်း ကျွန်တော်တို့ ထုတ်လို့မရဘူး။ ထုတ်လို့မရလို့ လူကြီးတွေကို လာဘ်ပေးလာဘ်ယူ လုပ်ရတဲ့ ပုံစံမျိုးနဲ့ လိုက်ပြီး ထုတ်ယူရတယ်။"

ဒီလို အာဏာပိုင်တွေက ဖယ်ရှားဖို့ အမိန့်ပေးထားပေမဲ့ လေဘေးဒဏ်ခံထားရတဲ့ ဒေသခံတွေအတွက် မြေနေရာ ပြန်လည်အစားထိုး စီစဉ်ပေးတာ၊ နစ်နာကြေး အထောက်အပံ့ စတာမျိုးတွေ ကမ်းလှမ်းတာတွေ မရှိဘူးလို့လည်း ဆိုပါတယ်။ ကူရာကယ်ရာမဲ့ ဖြစ်နေတဲ့ လေဘေးဒုက္ခသည်တွေ အနေနဲ့ လတ်တလောမှာ အာဏာပိုင်တွေဖက်က အမြန်ဆုံး ဖယ်ရှားပေးဖို့ကိုသာ ပြောဆိုနေတာမို့ မြေမဲ့ယာမဲ့ ဖြစ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။

"ကျွန်တော်တို့ကို ဖယ်ဆိုပြီး အမိန့်လာပေးတယ်။ မဖယ်ရင် ဘာဖြစ်မယ်ဆိုပြီး ပြောတာပဲရှိတယ်ခင်ဗျ။ ကျွန်တော်တို့ကို ဘာပေးမယ်ဆိုပြီး ကမ်းလှမ်းတာတွေ ဘာတခုမှ မရှိဘူး။ အမြန်ဆုံးဖယ်ပေးရမယ်လို့ပဲ ကျွန်တော်တို့ကို ပြောတယ်ခင်ဗျ။ မဖယ်ရင် ကျွန်တော်တို့ကို အရေးယူမှုတွေလုပ်မယ်လို့ ကြားနေရတယ်။ လယ်ယာပစ္စည်း သွားထုတ်တဲ့အချိန်မှာ မဖယ်တဲ့သူတွေကို ရှိတဲ့ လယ်မြေတွေပါ ထပ်သိမ်းမယ်။ ဘာဆက်လုပ်မလဲဆိုတာ ဘယ်သူမှ မပြောတတ်ဘူး။ သူတို့က လာပြီးတော့ အတင်းအဓမ္မလာလုပ်တော့ ကျွန်တော်တို့က လယ်သမားတွေ။ ဘာမှနားမလည်တော့ ဖယ်ပေးရမလိုပဲ။"

ဧရာဝတီတိုင်း ဘိုကလေးမြို့က ဒေသခံ လယ်သမားတဦး ဖြစ်ပါတယ်။ လေဘေးဒဏ် ခံခဲ့ရတာ တလခွဲနီးပါး ရှိလာတဲ့ အချိန်ထိ လေဘေး အကူအညီတွေကလည်း လုံလုံလောက်လောက်မရ၊ မိုးရာသီ ဆန်စပါးစိုက်ပျိုးတဲ့ ကာလထဲကို ရောက်နေပြီ ဖြစ်ပေမဲ့လည်း စိုက်ပျိုးရေး ပစ္စည်းတွေ မပြည့်စုံလို့ ထွန်ယက်စိုက်ပျိုးတာတွေ မလုပ်နိုင် ဖြစ်နေရတဲ့ အချိန်မှာပဲ အခုလို လက်ငုပ်လက်ရင်း လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို လက်လွတ်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့လည်း ဒီဒေသခံ လယ်သမားကပဲ ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG