သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WFP ရဲ့ မြန်မာ့လေဘေး ထောက်ပံ့ရေးအတွက် အမေရိကန်က ဒေါ်လာ ၃ သန်း ထပ်မံကူညီ


အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ
ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က
ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်
(WFP) အတွက် အမေရိကန်ဒေါ်လာ
၃,၀၀၀,၀၀၀ ထပ်ပြီး ကူညီလိုက်ပါတယ်။
ဒီကူညီငွေကို WFP အတွက် အရေးတကြီး
လိုအပ်နေတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ
ရန်ပုံငွေအတွက် ပေးအပ်တာဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်
လူထုဆီ အကူအညီတွေ ပေးပို့ရာမှာ
အများကြီး အထောက်အကူ ဖြစ်စေပါတယ်လို့ WFP တာဝန်ရှိသူတဦးက ပြောပါတယ်။
အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက
တင်ပြပေးထားပါတယ်။

WFP ဟာ မြန်မာ့မုန်တိုင်းဒုက္ခသည်တွေဆီ စားနပ်ရိက္ခာ အကူအညီတွေ အဓိက
ပေးပို့နေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒီလိုပေးပို့ရာမှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အပါအဝင် မြစ်ကြောင်းတွေအတွင်း
သွားလာလို့ရတဲ့ လှေမျိုးစုံကိုလည်း အသုံးပြုပြီးတော့ ပေးပို့နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်း
တွေ အတွင်းမှာတော့ သယ်ယူပို့ဆောင်ရေးအတွက် ရန်ပုံငွေပြတ်လပ်နေတာကြောင့်
ရန်ပုံငွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်း WFP က သတင်းထုတ်ပြန်ခဲ့ပါတယ်။

USAID က အခုလို ဒေါ်လာ ၃,၀၀၀,၀၀၀ ထပ်ပြီးပေးအပ်လိုက်တာကြောင့် သယ်ယူ
ပို့ဆောင်ရေးအတွက် အများကြီး အထောက်အကူဖြစ်စေပြီး တခြားအလှူရှင်တွေအနေ
နဲ့လည်း ဆက်ပြီးကူညီကြဖို့ လိုပါတယ်လို့ WFP ရဲ့ ဘန်ကောက်အခြေစိုက် အာရှ-
ပစိဖိတ်ရုံးခွဲက ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ (Paul Risley) က ဗွီအိုအေကို
ပြောပါတယ်။

“ဒီငွေဟာ အင်မတန့်ကို အထောက်အကူဖြစ်ပါတယ်။ ကျနော်တို့ အခုလိုနေတာက
ဒီလုပ်ငန်းစခဲ့ကတည်းက ရန်ပုံငွေပေးအပ်ခဲ့တဲ့ အလှူရှင်နိုင်ငံတွေအားလုံးက ရန်ပုံငွေ
တွေ ဆက်ပြီးပေးဖို့ပါ။ နောက် သီတင်းခြောက်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသဆီ
အကူအညီတွေပို့နေတဲ့ ရဟတ်ယာဉ်တွေအတွက်သာမက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ
ဆီ ပစ္စည်းတွေပေးပို့နေတဲ့ လေယာဉ်တွေအတွက်လည်း ရန်ပုံငွေ ဆက်လိုအပ်ပါလိမ့်
မယ်။” လို့ ပေါလ် ရစ္စလေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းရှစ်ပတ်နီးပါးက တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း
မုန်တိုင်းကြောင့် လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံးပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၊
၂.၄ သန်းကျော် ဘေးဒုက္ခရောက်ခဲ့ရပါတယ်။ ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခကြီး
အတွက် လိုအပ်တဲ့ အကူအညီပမာဏဟာ လက်ရှိ နိုင်ငံတကာက ပေးအပ်နေတဲ့ အကူ
အညီတွေ၊ ပြည်တွင်းပြည်ပက ပုဂ္ဂလိက စေတနာရှင်၊ အလှူရှင်တွေက ပေးအပ်နေတဲ့
အကူအညီတွေနဲ့တောင်မှ လုံလောက်မှုမရှိသေးပါဘူး။

ပေါလ် ရစ္စလေကတော့ USAID ဟာ အကူအညီတွေ ဆက်ပြီးပေးသွားလိမ့်မယ်၊ အထူး
သဖြင့်တော့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ဆက်ပြီးအသုံးပြုနိုင်ဖို့အတွက် ကူညီ
သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ရဟတ်ယာဉ်တွေ အသုံးပြုနိုင်ခဲ့တဲ့အတွက် အရင်က မရောက်နိုင်ခဲ့တဲ့ ဒေသတွေက
လူထုဆီ အကူအညီတွေ ပေးပို့နိုင်တယ်ဆိုပေမယ့် အကူအညီ လုံးဝမရသေးသူတွေက
လည်း ဒုနဲ့ဒေး ရှိနေပါသေးတယ်။ ကုလသမဂ္ဂရဲ့ အကူအညီ လုံးဝမရသေးတဲ့သူ အများ
အပြား ကျန်နေသေးတယ်ဆိုတာကို ပေါလ် ရစ္စလေကလည်း သဘောတူပါတယ်။

“သိပ်ကိုသေချာပါတယ်။ ကျနော်တို့ ရဟတ်ယာဉ်တွေနဲ့ သွားပေးလို့ အကူအညီရတဲ့
ရွာသူရွာသားတွေက ဒါ မုန်တိုင်းတိုက်ပြီးကတည်းကဆိုရင် သူတို့ ပထမဆုံးရတဲ့ အကူ
အညီပါလို့ ပြောကြပါတယ်။ ဒီအခြေအနေဟာ တကယ့်ကို စိတ်ပျက်ဝမ်းနည်းစရာ၊
ဒီလို သဘာဝဘေးအန္တရာယ်မျိုး ကျရောက်ခဲ့ပြီးချိန်မှာ တကယ့်ကို ပုံမှန်မဟုတ်တဲ့
အခြေအနေပါ။ ဒါဟာ လူသားဘေးဒုက္ခဆိုင်ရာ အကူအညီတွေ အရေးတကြီး ဆက်ပြီး
လိုအပ်နေသေးတယ် ဆိုတာကိုလည်း ထင်ရှားစေပါတယ်။” လို့ ပြောပါတယ်။

ကုလသမဂ္ဂ၊ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့နဲ့ မြန်မာအစိုးရတို့ပူးတွဲပြီး
အဖွဲ့ဝင် ၂၅၀ နဲ့ လုပ်ဆောင်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး အပျက်
အစီး အခြေအနေနဲ့ လိုအပ်ချက်ပမာဏတွေကို တိုင်းတာစစ်ဆေးမှုဟာ မကြာသေးခင်
ကပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီတိုင်းတာစစ်ဆေးမှုကနေ တွေ့ရှိခဲ့တာတွေကို အခုအခါမှာ
စုပေါင်းပြုစုနေပြီ ဖြစ်တာကြောင့် အကူအညီ မရသေးသူ အရေအတွက် ဘယ်လောက်
ရှိနေတယ်ဆိုတာကို မကြာခင်မှာပဲ သိနိုင်မှာပါလို့ ပေါလ် ရစ္စလေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ USAID အပါအဝင် အဖွဲ့အစည်းအသီးသီးကနေ
တဆင့် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်ဖိုး အကူအညီတွေ ပေးအပ်ခဲ့ပြီးပြီလို့
USAID ရဲ့ ဇွန်လ ၁၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ USAID နဲ့
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဇွန်လ ၁၃ ရက်ကနေ ၁၈ ရက်အထိ ပူးတွဲ
လုပ်ဆောင်ခဲ့တဲ့ တိုင်းတာစစ်ဆေးမှုအရဆိုရင် မြစ်ဝကျွန်းပေါ်တောင်ပိုင်း မုန်တိုင်းသင့်
ဒေသက လူထုဟာ ဒီနှစ် နိုဝင်ဘာလ စပါးရိတ်သိမ်းချိန် ရောက်တဲ့အထိ စားနပ်ရိက္ခာ
အကူအညီတွေ ဆက်ပြီးလိုအပ်နေနိုင်သေးတယ်လို့ အဲဒီထုတ်ပြန်ချက်မှာပဲ ဖော်ပြထား
ပါတယ်။

WFP ရဲ့ ပေါလ် ရစ္စလေကတော့ စပါးစိုက်ခင်းတွေ မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရလို့
ဒီစပါးစိုက်ရာသီမှာ ပြန်မစိုက်ပျိုးနိုင်တဲ့ ဒေသတွေမှာဆိုရင် နိုဝင်ဘာထက်တောင်
ကျော်ပြီးတော့ စားနပ်ရိက္ခာအကူအညီတွေ ဆက်ပြီး လိုနေပါလိမ့်ဦးမယ်လို့ ပြောခဲ့ပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG