သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ နိုင်ငံရေးအကြမ်းဖက်မှု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရှုတ်ချ


ဇင်ဘာဘွေအစိုးရက အကြမ်းဖက် ခြိမ်းခြောက်
မှုတွေ လုပ်ကိုင်နေတဲ့အတွက် သောကြာနေ့မှာ
ကျင်းပမယ့် တကျော့ပြန် ရွေးကောက်ပွဲဟာ
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာ
မဟုတ်တာကြောင့် ဇင်ဘာဘွေအစိုးရအနေနဲ့
အဲဒီလုပ်ရပ်တွေ ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီတို့က တောင်းဆို
လိုက်ပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂရုံးချုပ်
ရှိရာ နယူးယောက်ခ်မြို့ကနေ မာဂရက်
ဘက်ရှီးယား (Margaret Besheer) က သတင်း
ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဇင်ဘာဘွေ သမ္မတရွေးကောက်ပွဲအတွက်
တကျော့ပြန် ပြန်လည်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပေါ်နေတဲ့
အကြမ်းဖက် ခြိမ်းခြောက်မှုတွေ ရပ်ဆိုင်းပေးဖို့ ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)
က တောင်းဆိုလိုက်တာပါ။

ဇင်ဘာဘွေနိုင်ငံရဲ့ အခြေအနေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပ
နိုင်တဲ့ အခြေအနေမှာ မရှိတဲ့အတွက် အခုသီတင်းပတ်တွင်း ကျင်းပမယ့် တကျော့ပြန်
ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းပေးဖို့ တနင်္လာနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်တာပါ။ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲ
ကျင်းပလိုက်ရင် တိုင်းပြည်အတွင်းက သဘောထားကွဲပြားမှုတွေ ဒီထက်ပိုဆိုးလာနိုင်
တယ်လို့ ဆိုပါတယ်။

“တိုင်းပြည်အတွင်းမှာ အကြမ်းဖက်နှိပ်ကွပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ အများအပြား
ဖြစ်ပေါ်ခဲ့တယ်။ ဒီလိုအခြေအနေကြားမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားဝင်ခြင်း
ရှိမှာမဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း သူ့ကို ထောက်ခံအားပေးသူတွေကို အကြမ်းဖက်နှိမ်နင်း
နေတဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီး သမ္မတ မူဂါဘီရဲ့ပြိုင်ဘက်
မော်ဂန် ချန်ဂရိုင်း (Morgan Tsvangirai) က တကျော့ပြန်ကျင်းပမယ့် ရွေးကောက်ပွဲက
နုတ်ထွက်သွားခဲ့ပါတယ်။ မစ္စတာ ချန်ဂရိုင်းဟာ လောလောဆယ် မြို့တော် ဟာရာရီးမှာ
ရှိတဲ့ ဒတ်ချ်သံရုံးမှာ ဝင်ရောက်ခိုလှုံနေပါတယ်။

လုံခြုံရေးကောင်စီကလည်း တနင်္လာနေ့က မတ်လ ၂၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့
ရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇင်ဘာဘွေအကြောင်း နေ့လယ်
ပိုင်းလောက်ကစပြီး ညမိုးချုပ်တဲ့အထိ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်းမှာ လုံခြုံရေးကောင်စီအနေနဲ့ ကြားဝင်ဆောင်ရွက်ခြင်း
ပြုသင့် မပြုသင့် သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအထဲမှာ အဓိက
အားဖြင့်တော့ ဇင်ဘာဘွေရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့
တောင်အာဖရိကနိုင်ငံတွေပါ၊ သူတို့က ဇင်ဘာဘွေအရေး လုံခြုံရေးကောင်စီရှေ့
တင်သွင်းလာတာကို မလိုလားကြပါဘူး။

ဒါပေမယ့် အချိန်တော်တော်ကြာဆွေးနွေး၊ အထဲမှာ ထည့်သွင်းဖော်ပြသင့်တဲ့စကားလုံး
အသုံးနှုန်းတွေကို အကြိမ်ကြိမ် ပြင်ဆင်ပြီးတော့ ဒီအတိုက်အခံ အင်အားစုတွေအပေါ်
ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တညီတညွတ်တည်း ပြစ်တင်ရှုတ်ချပြီး
ဒီလုပ်ရပ်တွေကြောင့် လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါ
တယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မစ္စတာ
ချန်ဂရိုင်း အနိုင်ရခဲ့တာကို လုံခြုံရေးကောင်စီက မှတ်တမ်းတင်ပြီး အဲဒီရွေးကောက်ပွဲ
ရလဒ်ကို လေးစားလိုက်နာသင့်တယ်လို့ ဆိုပါတယ်။

လောလောဆယ် အခုလအတွက် အလှည့်ကျသဘာပတိအဖြစ် တာဝန်ထမ်းဆောင်နေ
တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇာလ်မေး ခါလီဇတ်ဒ် (Zalmay
Khalilzad) ကလည်း ဇင်ဘာဘွေအစိုးရအနေနဲ့ တိုင်းပြည်အတွင်းမှာ နိုင်ငံရေးနဲ့ လူမှု
ရေး အကျပ်အတည်းတွေ ဖြစ်ပေါ်အောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

“ဇင်ဘာဘွေအစိုးရ ဖန်တီးလိုက်တဲ့ လူမှုရေးနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေက
ဇင်ဘာဘွေနိုင်ငံ တခုတည်းတင်မကဘူး၊ ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်ပါ
တယ်။ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို အဓိက အာရုံစိုက် လုပ်ဆောင်နေ
မှာ ဖြစ်ပါတယ်။”

လုံခြုံရေးကောင်စီ စည်းဝေးပွဲကို တက်ရောက်ခဲ့တဲ့ ဇင်ဘာဘွေသံအမတ်ကတော့
လုံခြုံရေးကောင်စီအနေနဲ့ တိုင်းပြည်တခုချင်းစီရဲ့ ရွေးကောက်ပွဲတွေကို အသေးစိတ်
စီစဉ်ကွပ်ကဲနိုင်ခြင်းမရှိဘူးလို့ အစည်းအဝေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ
မှာ ပြောကြားခဲ့ပါတယ်။ သူက နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့
အကြမ်းဖက် ခြိမ်းခြောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်ဆိုတာ မဟုတ်မှန်
ကြောင်းနဲ့ ဒါတွေဟာ တိုင်းပြည်အတွင်းမှာ တကယ်ဖြစ်ပေါ်နေတာတွေကို ထင်ဟပ်
ပေါ်လွင်စေခြင်း မရှိတာကြောင့် ဒီတကျော့ပြန်ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း
သောကြာနေ့မှာ ကျင်းပသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG