သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသတင်းကြောင့် အမျိုးသမီးသတင်းထောက် အဖမ်းခံရ


မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းအပြီး လုံလောက်တဲ့ ကူညီထောက်ပံ့ကူညီမှု မရရှိတဲ့ ဒုက္ခ
သည်တွေနဲ့ဆိုင်တဲ့သတင်းကို သတင်းယူဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးသတင်းထောက်
တယောက် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က အဖမ်းခံခဲ့ရပါတယ်။ ပြည်တွင်းမှာ
စီးပွားရေးသတင်းတွေကို အဓိကဖော်ပြတဲ့ Ecovision သတင်းဂျာနယ်က မအိမ့်ခိုင်ဦး
ဟာ ဇွန်လ ၁၀ ရက်နေ့က အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။ ဒါဟာဆိုရင် သိရသ
လောက် မုန်တိုင်းအပြီး အဖမ်းခံရတဲ့ တတိယမြောက် သတင်းထောက် ဖြစ်ပါတယ်။
ခုလို သတင်းထောက်တွေ အဖမ်းခံနေရတဲ့ အခြေအနေတွေကို မစုမြတ်မွန်က စုံစမ်း
မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အခုနောက်ဆုံး ဖမ်းခံရတယ်လို့သိရတဲ့ Ecovision သတင်းဂျာနယ်က သတင်းထောက်
မအိမ့်ခိုင်ဦးဟာ ဇွန်လ ၁၀ ရက်နေ့တုန်းက ကူညီထောက်ပံ့မှုတွေကို လုံလုံလောက်
လောက် မရရှိသေးလို့ ကုလသဂ္ဂရုံးဆီကို သွားပြီးပြောပြဖို့ ကြိုးစားခဲ့တဲ့ မုန်တိုင်းဒုက္ခ
သည်တွေနဲ့အတူ သတင်းယူဖို့ လိုက်သွားစဉ်မှာ အဖမ်းခံရတာဖြစ်တယ်လို့ မြန်မာ
သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပြပါတယ်။

“ကျနော်တို့ ပြည်တွင်းကရတဲ့ သတင်းတွေအရဆိုရင် သူ့ကို ဇွန်လ ၁၀ ရက်နေ့မှာ
ဖမ်းသွားတယ်။ ဖမ်းသွားတဲ့အကြောင်းက တောင်ဒဂုံရပ်ကွက်က ဒုက္ခသည်တွေက
သူတို့မှာ အစိုးရဘက်က ထောက်ပံ့တဲ့ပစ္စည်းတွေ အလုံအလောက် မရဘူးဆိုတဲ့
အကြောင်း၊ စားဝတ်နေရေး ဒုက္ခရောက်နေတဲ့ အကြောင်းကို ဆန္ဒပြဖို့သွားတယ်ဆိုတဲ့
သတင်းကို လိုက်ယူရင်းနဲ့ အဖမ်းခံရတယ်လို့ ကြားပါတယ်။

“အဲဒီတုန်းက သူ့ကို ဘယ်လိုဖမ်းလိုက်တယ်ဆိုတာ ကျနော်တို့ မသိပေမယ့် သူ့ရဲ့
သတင်းသမားမိတ်ဆွေတွေ ပြောပုံအရတော့ အဲဒီနေရာကိုရောက်ပြီး သိပ်မကြာခင်
စစ်ထောက်လှမ်းရေးတွေက လာပြီးဖမ်းသွားတယ်လို့ ကျနော်တို့ သိရပါတယ်။
သူသွားပြီးသတင်းယူတဲ့ကိစ္စနဲ့ပတ်သက်တဲ့ ဆန္ဒပြတဲ့သူတွေကိုတော့ စစ်ထောက်လှမ်း
ရေးက ဖမ်းဆီးပြီး သိပ်မကြာခင် ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့်
အကုန်လွှတ်ပေးသလား၊ မပေးဘူးလားဆိုတာတော့ ကျနော်တို့ အခုချိန်ထိ မသိသေး
ဘူး။”

ဒုက္ခသည်တွေရဲ့ ဓာတ်ပုံတွေကို ပြည်ပသတင်းဋ္ဌာနတွေဆီကို ရောင်းဖို့ရည်ရွယ်ချက်
ရှိတယ်လို့ မအိမ့်ခိုင်ဦးကို စွပ်စွဲပြီး ဖမ်းဆီးထားတာဖြစ်တယ်လို့လည်း ဦးမောင်မောင်
မြင့်က သူသိထားတာကို ပြောပြပါတယ်။

“ကျနော်တို့သိရသလောက်က သူ့ကို တာမွေရဲစခန်းမှာ အခုအချိန်ထိ ဖမ်းထားတယ်။
ဖမ်းထားပြီး ဒီရက်ပိုင်းမှာပဲ တာမွေတရားရုံးကိုတင်ပြီး တရားစွဲမယ်လို့ ကြားရပါတယ်။
သူ့ကိုတရားစွဲတဲ့အမှုက သူရိုက်ထားတဲ့ ဓာတ်ပုံတွေကို နိုင်ငံခြားမှာ အခြေစိုက်တဲ့
မြန်မာသတင်းဌာနတွေကို ရောင်းစားတယ်ဆိုတဲ့အမှုနဲ့ ရောင်းစားဖို့ ကြိုးစားတယ်
ဆိုတဲ့အမှုနဲ့ တရားစွဲမယ်လို့ ကြားပါတယ်။”

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီးနောက်ပိုင်း ဒုက္ခသည်တွေကို ကူညီ
ပေးခဲ့တဲ့ အားကစားသတင်းထောက် ကိုဇော်သက်ထွေး၊ Myanmar Tribune သတင်း
ဂျာနယ်က ဦးအောင်ကျော်ဆန်းတို့လည်း အဖမ်းခံထားရပါတယ်။ ဒါတွေကိုကြည့်ရင်
သတင်းထောက်တွေဟာ သတင်းစုခွင့်၊ သတင်းပို့ခွင့်မရှိတဲ့ အခြေအနေ ဖြစ်နေတယ်
လို့ မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ဆိုပါတယ်။

“သူတို့တွေ အဖမ်းခံရတဲ့ အနေအထားကိုကြည့်ရင်လည်း အခု နာဂစ်မုန်တိုင်းကြီးနဲ့ပဲ
ပတ်သက်နေတယ်။ နာဂစ်မုန်တိုင်းဆိုတာက သဘာဝဘေးအန္တရာယ် ကြုံတဲ့ကိစ္စ။ အဲဒီ
ကြုံတဲ့ကိစ္စကို သတင်းသမားတွေအနေနဲ့က သတင်းရေးခွင့်မရှိဘူး၊ သတင်းပို့ခွင့်မရှိဘူး
ဖြစ်နေတယ်။ နောက် ဦးဇော်သက်ထွေးတို့ ဦးအောင်ကျော်ဆန်းတို့ အဖမ်းခံရတဲ့ အနေ
အထားဆိုရင် မုန်တိုင်းဘေးကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီနေတဲ့ အနေအထား
မှာ ကူညီလို့ဆိုပြီး အဖမ်းခံရတာ။ ဒါပေမယ့် အခုအချိန်အထိ သူတို့ကို ဘာအမှုမှလည်း
မတပ်ဘူး။ ဒီတိုင်းပဲ ချုပ်ထားတဲ့ အနေအထားမှာရှိတယ်။

“အခု မအိမ့်ခိုင်ဦးဆိုရင်လည်း သူ့အနေနဲ့ Ecovision ဂျာနယ်အတွက် သတင်းယူဖို့
သက်သက်အတွက်ပဲ သူသွားတာ။ အဲဒီလိုမျိုး သူတို့ဖမ်းချင်တဲ့အခါကြတော့ ဥပဒေကို
မျှော့ကြိုးလိုသဘောထားပြီး လိုသလို ဆွဲလိုက် ဆန့်လိုက်လုပ်ပြီးတော့ အရေးယူမယ့်
အနေအထားကို တွေ့တယ်။”

နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးသတင်း ဖော်ပြမှုတွေကို
ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်းက တချို့သတင်းဂျာနယ်တွေမှာတော့ ဘယ်သူတွေက
ဘယ်လိုကူညီနေတယ်ဆိုတဲ့ သတင်းတွေကို ဖော်ပြနေတာ တွေ့ရပါတယ်။ တဖက်က
ကျပြန်တော့လည်း အကူအညီ လုပ်ပေးနေတဲ့ သတင်းထောက်တွေ၊ မုန်တိုင်းဒုက္ခသည်
တွေနဲ့ဆိုင်တဲ့ သတင်းကို ရေးဖို့ကြိုးစားတဲ့ သတင်းထောက်တွေကို ဖမ်းနေတယ်
ဆိုတော့ ဒီအပေါ်မှာရော မြန်မာသတင်းသမဂ္ဂက ဘယ်လိုမြင်ပါသလဲဆိုတော့ …

“ကျနော်တို့အမြင်ရပြောရင်တော့ သူတို့ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဖော်ပြလို့ရတဲ့
သတင်းဟာ ပြန်ကြားရေးဌာနက တရားဝင်ဖော်ပြတဲ့ သတင်းလောက်ကိုပဲ သူတို့
ဖော်ပြလို့ရတယ်။ ကိုယ်ကိုယ်တိုင် ကွင်းဆင်းပြီး ဖော်ပြတဲ့သတင်းမျိုးုဆိုရင် စစ်အစိုးရ
ကောင်းကြောင်း ဖော်ပြတဲ့ သတင်းမျိုးကလွဲလို့ ဖော်ပြခွင့်မရဘူးလို့ မြင်တယ်။

“ဥပမာ မုန်တိုင်းဒုက္ခသည်တွေအနေနဲ့ ဘယ်လောက်ဒုက္ခရောက်တယ်ဆိုတဲ့ သတင်းကို
ဖော်ပြမယ်ဆိုရင် ဒါဟာ မကောင်းမြင်ဘက်က ရေးထားတဲ့သတင်းဆိုပြီး စစ်အစိုးရ
ပြန်ကြားရေးဌာနက သမုတ်ပါတယ်။ နောက်ပြီး နာဂစ်မုန်တိုင်းဘေးနဲ့ပတ်သက်ပြီး
လူထုအချင်းချင်း ကူညီတဲ့ကိစ္စမျိုးတွေ၊ ရဟန်းသံဃာတော်တွေက ကူညီတဲ့ကိစ္စမျိုးတွေ
အဲဒီကိစ္စမျိုးတွေကို မဖော်ပြပါနဲ့ဆိုပြီးတောင်မှ စစ်အစိုးရ ပြန်ကြားရေးဌာနက လိုက်ပြီး
ပိတ်တဲ့ဟာမျိုးတွေလည်း ကျနော်တို့ ကြားရပါတယ်။

“ပြောရမယ်ဆိုရင်တော့ စစ်အစိုးရအနေနဲ့ သူတို့ရဲ့ကောင်းကြောင်းကို ဖော်ညွှန်းတဲ့
သတင်းမျိုးကိုသာ သူတို့က ဖော်ပြခွင့်ပေးပြီးတော့ အမှန်တကယ် ခွဲခြမ်းစိတ်ဖြာ
သုံးသပ်ပြီး ဖော်ပြတဲ့သတင်းမျိုးကိုတော့ သူတို့က လက်မခံနိုင်တဲ့ အနေအထားမှာရှိပါ
တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လိုအပ်ချက်တွေ၊ သူတို့ရဲ့လစ်ဟင်းချက်တွေကို
သတင်းသမားတွေ ဖော်ပြတာဟာ သူတို့ရဲ့သိက္ခာကို ထိခိုက်အောင်လုပ်တယ်ဆိုတဲ့
သဘောမျိုး သူတို့က သဘောထားလို့ပါပဲ။”

ဒါကတော့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခံရပြီးနောက်ပိုင်းမှာ သတင်းထောက်
တွေ အဖမ်းခံနေရတာနဲ့ ပတ်သက်လို့ မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်
ပြောသွားတာဖြစ်ပါတယ်။

XS
SM
MD
LG