သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးသင့်ဒေသ ရိက္ခာ ပြတ်လပ်နိုင်ဟု အကဲဖြတ်အဖွဲ့ ဖော်ပြ


မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မိသားစု ၄၆% မှာ နှစ်ရက်စာအတွက်တောင် စားစရာ အပြည့်အဝမရှိဘူးလို့ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာရုံး OCHA ရဲ့ ဒေသတွင်းသတင်းကွန်ယက် IRIN က ဒီကနေ့ မှာပဲ ဖော်ပြလိုက်ပါတယ်။ မနေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတခုအတွင်း သုံးပွင့်ဆိုင် တိုင်းတာ စစ်ဆေးမှု အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကနဦးတင်ပြခဲ့တာကနေ အခုလိုထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဘန်ကောက် ရောက်၊ ဗွီအိုအေ ဝိုင်းတော်သား ဦးကျော်ကျော်သိန်းက တင်ပြပေးပါတယ်။

ပျောက်ဆုံး သေဆုံးသူပေါင်း ၁၃၈,၀၀၀ ရှိသွားပြီဖြစ်တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး သီတင်းရှစ်ပတ် အကြာ မှာ တောင် မုန်တိုင်းဒဏ်သင့်လူထုအတွက် စားရေရိက္ခာတွေ ပိုပေးပို့ဖို့လိုအပ်နေတယ်ဆိုတာကို ဒီတွေ့ရှိချက်က မီးမောင်း ထိုးပြနေ တယ်လို့ IRIN ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစားအစာပြတ်လပ်မှုဟာ ကနဦးတွေ့ရှိမှုရဲ့ တစိတ်တပိုင်းပဲရှိပါသေးတယ်။ မိသားစု ၆၀% ဟာ သန့်ရှင်းတဲ့ သောက်ရေ တွေ မရှိ သလို ၂၂% ကတော့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ ခံစားနေကြရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြစ်ဝကျွန်းပေါ် ဒေသက အိမ်ခြေ ၅၉% ဟာ အပြင်းအထန်ပျက်စီးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့်လူထုဟာ သူတို့နေဖို့အိမ်တွေကို တနည်းနည်းနဲ့ပြန်ဆောက်ခဲ့ကြပေမယ့် အိမ်တွေဟာ မခိုင်မခန့်ဝါးတွေနဲ့ ဆောက်ထားတာကြောင့် နှစ်နှစ်လောက်ပဲခံမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ နဂိုက ခိုင်မာတဲ့ သစ်သားအိမ်တွေထက် ပိုဆိုးရွား ပါတယ်တဲ့။

တရွာချင်းတိုင်းတာစစ်ဆေးမှုအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ရစ်ချတ် ဘလူးဝစ်တ် (Richard Blewitt) က လူတွေဟာ ပြန်တည် ဆောက်နေကြပြီဖြစ်ပေမယ့် နှေးကွေးကြောင်း၊ သူတို့ဟာ မတည်မငြိမ်ရှိနေပြီး ကူညီကယ်ဆယ်ရေး လိုအပ်ချက်တွေ ဆက် ရှိနေ သေးကြောင်း၊ ရွာသားတွေဟာ ပိုကောင်းလာဖို့ ပြန်တည်ဆောက်နေကြတာမဟုတ်ဘဲ၊ ပိုဆိုးလာဖို့ တည်ဆောက် နေကြကြောင်း စသည်ဖြင့်ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ အချက်အလက်တစိတ်တပိုင်းက ဖော်ပြသလို လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို တိတိကျကျ သိနိုင် တာကြောင့် ပြီးခဲ့တဲ့ တိုင်းတာစစ်ဆေးမှုဟာ အရေးကြီးတယ်လို့ ကုလသမဂ္ဂနဲ့ အာဆီယံတာဝန်ရှိသူတွေက ပြော ကြတာပါ။ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ဘန်ကောက်အခြေစိုက်၊ အာရှ-ပစိဖိတ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ (Paul Risley) က -

"ဒီတွေ့ရှိချက်တွေကနေ အဖွဲ့အစည်းအားလုံးအနေနဲ့ သူတို့ရဲ့အကူအညီတွေကို သက်ဆိုင်ရာဒေသရဲ့ လိုအပ်ချက်နဲ့အညီ တိတိကျကျ ပေးအပ်နိုင်စေမှာမို့ အင်မတန်ကို အထောက်အကူဖြစ်ပါတယ်။ နေရာတိုင်းမှာ လိုအပ်ချက်တွေက အရမ်းကို ကွာ ခြားမှာဖြစ်ပြီး အဲဒီ မတူကွဲပြားတဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ရေးမှာ ဒီ တိုင်းတာစစ်ဆေးမှုဟာ အရေးပါပါတယ်။" လို့ ပြောပါ တယ်။

WFP ဟာ တိုင်းတာစစ်ဆေးတဲ့အဖွဲ့ကို သယ်ယူပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်တွေနဲ့ အကူအညီပေးခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ တိုင်းတာစစ်ဆေးမှုအဖွဲ့မှာ အဖွဲ့ဝင် စုစုပေါင်း ၃၅၀ ပါဝင်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က အထောက်အကူပေးခဲ့ပါတယ်။ နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတွေမှာ မေလနှောင်းပိုင်းကနေ ဇွန်လ ပထမသီတင်းသုံးပတ်အထိ သုံးပွင့်ဆိုင်အဖွဲ့က စစ်ဆေး မှုတွေလုပ်ခဲ့ကြတာပါ။ တိုင်းတာစစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေဟာ အခြေအနေတွေကို ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့ခဲ့ ရပြီး မုန်တိုင်းဒဏ်သင့် ရွာသူ ရွာသားတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီးချိန်မှာ ဒီသဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေဟာ သူတို့မျှော်လင့် ထားတာထက် ပိုကြီးမားနေတယ်ဆိုတာကို နားလည်ခဲ့ကြတယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂတာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့ တွေ့ရှိချက် တစိတ်တပိုင်းကိုကပဲ တိုင်းတာစစ်ဆေးမှုအဖွဲ့ဝင်တွေရဲ့ နားလည် မှုကို ထပ်ပြီးထင်ရှားစေပါတယ်။

သူတို့စုဆောင်းခဲ့တဲ့ အချက်အလက်တွေကို အဆင့်ဆင့် သုံးသပ်ပြုစုနေတဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့ ရောက်နေတဲ့ အခြေအနေကို မနေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံဆွေးနွေးပွဲမှာ ကနဦးတင်ပြခဲ့ပါတယ်။ သုံးပွင့်ဆိုင် တိုင်းတာ စစ်ဆေးမှုအဖွဲ့ရဲ့ တွေ့ရှိချက်အပြည့်အစုံပါဝင်တဲ့ အစီရင်ခံစာကိုတော့ နောက်လ စင်္ကာပူမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၄၁ ကြိမ်မြောက် အစည်းအဝေးအတွင်း တင်သွင်းဖို့ စီစဉ်ထားကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG