နိုင်ငံတကာက သဘာဝဘေးအန္တရာယ်သင့် ဒေသတွေမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာ
အထောက်အကူပြုပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံ
က မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားပြီး လုပ်ဆောင်ခွင့်မရတဲ့
အတွက် မြန်မာနိုင်ငံကနေ ပြန်ထွက်လိုက်ရပါပြီ။ သူတို့သာ ကူညီလုပ်ဆောင်ခွင့်ရမယ်
ဆိုရင် ကူညီကယ်ဆယ်ရေးတွေမှာ ပိုပြီးတော့ မြန်မြန်ဆန်လုပ်နိုင်မှာပါလို့ ကိုယ်တိုင်
ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။
နိုင်ငံတွင်းမှာ ၁၅ ရက်ကြာ ရောက်နေခဲ့ပြီးတဲ့နောက် မတူထူးခြားတဲ့ အခြေအနေတခုနဲ့
ကြုံတွေ့ခဲ့ရပြီးချိန်မှာ ပြန်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက်
နယ်စည်းမခြား ဆက်သွယ်ရေးအဖွဲ့ (TSF) ရဲ့ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြ
ထားပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ သွားရောက်လုပ်ဆောင်ခွင့်ပြုဖို့ TSF က
ခွင့်ပြုမိန့်တောင်းခံတာ မရခဲ့ဘဲ ရန်ကုန်မှာပဲ ရပ်တန့်နေခဲ့ရပြီးတဲ့နောက် အဖွဲ့ဝင်တွေ
ဟာ သူတို့ရဲ့ အခြေစိုက်ရုံးတွေဆီ ပြန်ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို မြစ်ဝကျွန်းပေါ်
ဒေသဆီ သွားရောက်လုပ်ကိုင်ခွင့်ပြုပြီး TSF ကို သွားခွင့်မပြုတာဟာ သူတို့အဖွဲ့ရဲ့
ဆက်သွယ်ရေးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လုပ်ကိုင်ရတဲ့ သဘောသဘာဝကြောင့်
ဖြစ်တယ်လို့ မြန်မာနိုင်ငံသွားခဲ့တဲ့အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့သူ TSF ရဲ့ ဘန်ကောက်
အခြေစိုက် အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာ ဆိုင်မွန်
(Simon) က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“သတင်းဆက်သွယ်ရေးအပေါ် စိုးရိမ်စိတ်၊ မယုံကြည်စိတ်၊ သံသယစိတ် ရှိတယ်ဆိုတာ
ကို သိထားတဲ့အတွက် ဒီအချက်က ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း ဒီအလုပ်ဟာ
တကယ့်ကို ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့
ကျနော်တို့ ကြိုးစားကြည့်တာပါ။ ကျနော်တို့အလုပ်ရဲ့ သဘောသဘာဝကိုက သိပ်ကို
အထိမခံတဲ့ကိစ္စ ဖြစ်နေတာကြောင့် အခုလိုခွင့်မပြုတာလို့ ကျနော်တော့ ယုံကြည်ပါ
တယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် TSF အဖွဲ့ဝင်လေးဦးပါ အဖွဲ့တဖွဲ့ကို
မြန်မာနိုင်ငံစေလွှတ်ဖို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ခဲ့ပါ
တယ်။ ဒါပေမယ့် သံရုံးက ဘာမှ အကြောင်းပြန်ကြားခြင်းမရှိဘဲ တလကြာမြင့်ပြီးတဲ့
နောက်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ပြည်ဝင်ခွင့်လျှောက်ဖို့ ဆုံးဖြတ်ပြီး
စွန့်စားသွားရောက်ခဲ့တာပါလို့ ဆိုင်မွန်က ပြောပါတယ်။
ဒါပေမယ့် သူတို့သွားတဲ့အချိန်မှာ ဆက်သွယ်ရေးပစ္စည်း ကိရိယာတွေကို ယူဆောင်
မသွားဘဲ ကျွမ်းကျင်မှုနဲ့ အထောက်အကူပြုဖို့ လူပုဂ္ဂိုလ်တွေချည်းပဲ သွားခဲ့ကြတာပါ။
ရန်ကုန်ကို ရောက်ခဲ့ပြီးတဲ့နောက် မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုဖို့ မြန်မာအာဏာ
ပိုင်တွေဆီမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပေမယ့် ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့
တာကြောင့် ပြန်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူတို့သာ လုပ်ကိုင်ခွင့်ရမယ်ဆိုရင် အကူအညီပစ္စည်းတွေကို လျှင်လျှင်မြန်မြန်နဲ့
အချိန်မီပေးပို့နိုင်ရေးမှာ အကျိုးဖြစ်စေမှာပါလို့ ဆိုင်မွန်က ပြောပါတယ်။
“ကျနော်တို့ အဲဒီမှာရှိနေမယ်ဆိုရင် ရမယ့်အကျိုးကျေးဇူးကတော့ မြန်မြန်ဆန်ဆန်
တုံ့ပြန်လုပ်ဆောင်နိုင်မှုဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
ဆက်သွယ်ရေးပြဿနာကို သိထားပြီး ဒါဟာ စနစ်ကို နှေးကွေးစေပါတယ်။ ဒီစခန်း
အတွက် အစားအစာတွေ လိုနေပြီဆိုတာကို ပြောဖို့ သုံးရက်ကြာနိုင်ပါတယ်။ ဒါဟာ
ပြဿနာပါ။ တကယ်လို့သာ စနစ်ကျတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ ရှိမယ်ဆိုရင်
လိုအပ်တာကို ချက်ချင်း သတင်းပို့ တောင်းခံနိုင်ပြီး မြန်မြန်ဆန်ဆန် ရောက်လာမှာမို့
ပိုပြီးတော့ မြန်မြန်လုပ်ကိုင်နိုင်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ကုလသမဂ္ဂနဲ့ ဆက်စပ်လုပ်ကိုင်တဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်က သဘာဝ
ဘေးအန္တရာယ်သင့်တဲ့ ဒေသတွေမှာ အရေးပေါ် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေး
တဲ့အဖွဲ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်မှာ ကူညီကယ်ဆယ်ရေး
လုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလ
သမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအတွက် ဆက်သွယ်ရေးပစ္စည်းတွေကို တပ်ဆင်
ပေးပါတယ်။
အကူအညီလိုအပ်နေသူတွေ အနီးဆုံးမှာရှိနေတာကို သိလျက်နဲ့ မကူညီနိုင်တာဟာ
စိတ်ပျက်စရာပါပဲလို့ ဆိုင်မွန်က ဆိုပါတယ်။
“အကူအညီ လိုအပ်နေသူတွေ ကိုယ်နဲ့အနီးဆုံးမှာ ရှိနေတာကို သိထားပြီး ဒုက္ခရောက်
နေတာကို လျော့ပါးအောင် လုပ်ဆောင်မပေးနိုင်တာကြောင့် စိတ်ပျက်လက်ပျက်
ဖြစ်ရတာကတော့ အသေအချာပါပဲဗျာ။ သတင်းဆက်သွယ်ရေးဟာ အသက်တွေကို
ကယ်တင်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ကမ္ဘာတဝှမ်းက အရေးပေါ်အခြေ
အနေဖြစ်တဲ့ ဒေသ ၁၅ ခုလောက်ဆီ ကျနော် သွားဖူးပါတယ်။ အခုလို ဟန့်တားခံရပြီး
အလုပ်မလုပ်နိုင်ဖြစ်ရတဲ့ အခြေအနေဟာ ဒါ ပထမဆုံးပါပဲ။” လို့ TSF ရဲ့ အာရှ-ပစိဖိတ်
ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ၂၀၀၆ ခုနှစ်ကတည်းက အခုလို အရေးပေါ်အခြေအနေ လုပ်ငန်းတွေကို
လုပ်ဆောင်လာခဲ့တဲ့အဖွဲ့ဖြစ်ပြီး အင်ဒိုနီးရှား၊ လက်ဘနွန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ
နိုင်ငံနဲ့ သိပ်မကြာသေးခင်ကဆိုရင် ဖေဖော်ဝါရီလက ရေကြီးခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံတွေ
မှာ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။