သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း မူးယစ်ဆေးပျံ့နှံ့မှု စိုးရိမ်စရာ အခြေအနေ ရောက်နေ


ကချင်ပြည်နယ်အတွင်းက ကျောင်းသားလူငယ်တွေကြားမှာ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့
စိတ်ကြွဆေးပြား သုံးစွဲမှုတွေ များလာနေတဲ့အတွက် ဒီလိုသုံးစွဲမှုတွေကို အရေးယူ
နှိမ်နင်းပေးဖို့ ကချင်လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ နိုင်ငံ
တကာ မူးယစ်ဆေးဝါး တရားမဝင် သုံးစွဲမှုနဲ့ မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ
ကချင်ကျောင်းသားလူငယ်တွေက မူးယစ်ဆေးဝါးဆန့်ကျင်ရေး စာရွက်စာတမ်းတွေ
မြစ်ကြီးနားမြို့တွင်းမှာ လိုက်ကပ်ခဲ့ကြပါတယ်။ အသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းအစီ
အစဉ် ထိုင်းအခြေဆိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကချင်ကျောင်းသားအဖွဲ့တွေက ဒီနေ့မနက်မှာ မြစ်ကြီးနားမြို့အတွင်းက ဈေးနဲ့ တခြား
လူစည်ကားရာနေရာတွေမှာ မူးယစ်ဆေးဝါး အလိုမရှိဆိုတဲ့ စာရွက် ၂၀၀ လောက်
ကပ်ခဲ့တာဖြစ်ပါတယ်။ အခုလို စာကပ်ပြီး တိုက်တွန်းရတာဟာ ကချင်ပြည်နယ်အတွင်း
မှာ မူးယစ်ဆေးသုံးစွဲမှုတွေ မြင့်မားလာနေလို့ လို့ ပြောပါတယ်။

“အခု ကျနော်တို့ ကချင်ပြည်နယ်မှာ ဒီ မူးယစ်ဆေးဝါး အများကြီး ပျံ့နှံ့နေပြီလေ။
ရပ်ကွက်တိုင်းလိုလို၊ ရွာတိုင်းလိုလိုမှာ မူးယစ်ဆေးဝါး ရနိုင်တယ်။ ပြီးတော့ စာသင်
ခန်းတွေမှာကို ရနေပြီ။ ကျောင်းတွေမှာလည်း ရနေပြီ။ တက္ကသိုလ်ကျောင်းတွေ၊
ကောလိပ်ကျောင်းတွေမှာလည်း ရနေပြီ။ အဲဒါက အလားအလာမကောင်းဘူး။
နောင်အနာဂတ်အတွက်၊ တိုင်းပြည်အတွက်၊ ကျနော်တို့ပြည်နယ်အတွက်က အလား
အလာမကောင်းလို့ ကျနော်တို့ အားလုံးသိဖို့အတွက် ကပ်ခြင်းဖြစ်တယ်။”
မြစ်ကြီးနားမြို့က ကချင်လူငယ်တယောက် ပြောသွားတာပါ။

ကချင်ပြည်နယ်အတွင်းမှာ အများဆုံးပျံ့နှံ့နေတာက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ ယာဘခေါ်
စိတ်ကြွဆေးဖြစ်ပြီး ကျောင်းသားထုအတွင်းမှာတော့ ဘိန်းအရည်နဲ့ ချောင်းဆိုး
ပျောက်ဆေး ရောစပ်ထားတဲ့ ဖော်မြူလာလို့ခေါ်တဲ့ ဆေးတွေ အများဆုံးသုံးစွဲနေတာ
ဖြစ်ပါတယ်။

ဒီလို မူးယစ်ဆေးသုံးစွဲသူဦးရေ များပြားနေတဲ့အကြောင်းကို ကချင်ကျောင်းသား
လူငယ်က အခုလို ဆက်ပြောပါတယ်။

“အခုက လယ်လုပ်တဲ့သူလည်း ဘိန်းရှူနေကြပြီ၊ ကားမောင်းတဲ့သူလည်း ဘိန်းရှူနေတာ၊
နောက်ဆုံး ဆိုက်ကားနင်းတဲ့သူလည်း ဘိန်းရှူနေပြီလေ။ အခုက နေရာတကာလို
ဖြစ်နေတာ။ ကျောင်းသားထုထဲမှာလည်း ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းပြီးရင် တက္ကသိုလ်
ကျောင်းသားတွေ အားလုံးနီးနီးက ဒီ ယောက်ျားလေး ၅၀% က ဖော်မြူလာသောက်နေ
ကြတာ။ အစတုန်းက အပျော်ပေ့ါလေ။ နောက်ဆုံးကျ စွဲကုန်တော့ ဒီ မသောက်နိုင်
တော့ ဘိန်းဖြူဘက်ကို ပြန်ကူးလာတာ။”

ဒီလို ဖော်မြူလာခေါ် မူးယစ်ဆေးသုံးစွဲမှုဟာ ကျောင်းသူတွေအကြားမှာပါ ပျံ့နှံ့နေတယ်၊
မူးယစ်ဆေးသုံးစွဲမှုဟာ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ဘက်တွေက ကျေးရွာတွေမှာ
ဆိုရင် ပိုပြီးဆိုးတယ်လို့ အဲဒီဒေသကို သွားရောက်အလုပ်လုပ်ကိုင်သူ အမျိုးသမီး
တယောက်က ပြောပါတယ်။

“အခြေအနေကတော့ တော်တော်ဆိုးတယ်။ တအိမ်မှာဆိုရင် နှစ်ယောက်၊ တခါတလေ
သုံးယောက်အထိ သောက်တဲ့သူရှိတယ်။ ဘိန်းကလည်း ဒီလို အစားစားရှိတယ်။ ပထမ
ဆုံး ဘိန်းအမည်း သူတို့ ခပ်ပုံရှူကြတယ်။ ခပ်ပုံကတော့ နည်းနည်းဈေးကြီးတာပေ့ါနော်။
ဈေးကြီးတော့ သူတို့ လုပ်အားခ မတတ်နိုင်ဘူးဆိုရင် မြန်မြန်လေး သူတို့ခံစားချက်
အာနိသင်ရဖို့အတွက်ကို ရှူကြတယ်။ ပိုသက်သာတာကတော့ ထိုးတာပေ့ါ။ နောက်ပိုင်း
ကျ သူတို့ ထိုးတဲ့အဆင့်ကို ရောက်သွားတယ်။

“ပထမအဆင့်က ဘိန်းမည်းရှူတယ်။ ဒုတိယအဆင့်က အဖြူ နံပါတ်ဖိုးကို မီးခိုးရိုက်ပြီးမှ
ရှူတယ်ပေ့ါနော်။ နောက်ဆုံးအဆင့်ကတော့ သူတို့ ရေနဲ့တောင်မရောဘူး။ Drip ပိုက်ထဲ
ကို ဆေးမှုန့်ထည့်ပြီး သွေးကို စုတ်ယူပြီးမှ အဲဒီသွေးနဲ့ပဲ ရောလိုက်ပြီးတော့ ပြန်ထိုးလိုက်
တာပေါ့၊ အဲဒါ နောက်ဆုံးအဆင့်ပဲ။ ခုနက ပြောသလို တအိမ်မှာအနည်းဆုံးတယောက်
တော့ ရှိတယ်။ နှစ်ယောက်မဟုတ်ရင် သုံးယောက်ပေါ့၊ အဲလိုမျိုး ရွာသားတွေပြောတာ
ကတော့ အိမ်တိုင်းလိုလိုမှာ ရှိတယ်တဲ့။ မရှိတာက ဘာသာရေးဆရာအိမ်လောက်ပဲ မရှိ
ဘူးတဲ့။”

ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံးဖြစ်တဲ့ ဒေသကတော့ ဖားကန့်
က ကျောက်စိမ်းတူးဖော်တဲ့ မှော်တွေပဲဖြစ်ပါတယ်။ အဲဒီဒေသမှာကတော့ သက်ဆိုင်ရာ
အာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး ဘိန်းနဲ့ ယာဘခေါ် စိတ်ကြွဆေးတွေကို ကျယ်ကျယ်
ပြန့်ပြန့် ရောင်းဝယ်နေကြပါတယ်။ မြင်းဆေးခေါ် ယာဘက တပြားကို ကျပ်ငွေ ၈,၀၀၀
လောက်ရှိပြီး ဂေါ်လီလုံးအရွယ် ဘိန်းမည်းတလုံးက ၁,၀၀၀ လောက်နဲ့ ဘိန်းဖြူကတော့
တခါရှူလောက်ရုံကို လေး-ငါးထောင်လောက် ဈေးပေါက်နေတယ်လို့ ဒေသခံတယောက်
က ပြောပါတယ်။

ဖားကန့်ဒေသက ရောင်းအားကောင်းတဲ့ မူးယစ်ဆေးရောင်းသူတဦးဟာ တရက်ကို
သိန်း ၈၀ ကျော်လောက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ရောင်းအားက တရက်ကို အရောင်းရဆုံးသူဆိုရင် တရက်ကို သိန်း ၈၀-၁၀၀ကြားမှာ
ရှိတယ်လို့တောင် ပြောသံကြားတာကြီးကို။ ဟို မြင်းဆေးတို့ ဘာတို့ ရောင်းတာ မပါ
သေးဘူး။ ခပ်ပုံအဆင့်လောက် ရောင်းတာတောင်မှ သိန်း ၆၀-၇၀-၈၀-၁၀၀ ရှိတယ်လို့
ပြောတာကိုး။ ကျနော်တို့ဒေသက မှော်များတာဆိုတော့ မြို့ပေါ်တော့ မရှိဘူးပေါ့၊
မှော်ကြိုမှော်ကြားမှာပဲပေ့ါ။ ရှရော်ခါးတို့ မနတို့ ဖားကန့်မြို့အထွက်တို့ ဆိပ်မူရဲ့ ရွာ
အထွက်တွေတို့ အဲလို ရွာအပြင်ဘက်တွေမှာ သွားလုပ်ကြတာလေ။”

ကချင်ပြည်နယ်အတွင်းမှာ ဒီလို မူးယစ်ဆေးသုံးစွဲတာ မြင့်တက်လာတာနဲ့အတူ အိတ်ချ်
အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါပြန့်ပွားနှုန်းကလည်း တိုးမြင့်လာနေတယ်လို့ မူးယစ်
ဆေးသုံးစွဲတာကို ဆန့်ကျင်တဲ့ ကချင်ကျောင်းသားခေါင်းဆောင်က ပြောပါတယ်။

အခုအခါ ကချင်ပြည်နယ်အတွင်းမှာ ဘိန်းစိုက်ပျိုးတာတွေ များပြားလာနေပြီး ဘိန်း
စိုက်တာကို မြန်မာစစ်တပ်နဲ့ အပစ်ရပ် ကချင်အဖွဲ့ဝင်တချို့က အခွန်ကောက်ယူပြီး
ခွင့်ပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာလည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ သားနဲ့
စီးပွားရေးလုပ်ငန်းရှင်တဦးဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး
ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်
ရောင်းဝယ်ရေး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ
စေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး
ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒီဆယ်စုနှစ်အတွင်းမှာ ဘိန်းစိုက်ဧရိယာ ဟက်တာ
၁၄၀,၀၀၀ ကနေ ၂၇,၀၀၀ ကျော်အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ကတော့ ၂၀၀၆
ခုနှစ်နဲ့နှိုင်းစာရင် ၂၀၀၇ ခုနှစ်အကုန်မှာ ဘိန်းစိုက်ဧရိယာ ၂၉% ပြန်လည်တိုးမြင့်
လာပြီး ထုတ်လုပ်မှု ၄၆% မြင့်တက်လာတယ်လို့ အစီရင်ခံထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG