မြန်မာစစ်အစိုးရအနေနဲ့ လေဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်လို့
ကျန်ရှိနေတဲ့ ကန့်သတ်ချက်တွေ အားလုံးကို ပယ်ဖျက်ပေးဖို့ G-8 စက်မှု အင်အားကြီးနိုင်ငံ ၈ နိုင်ငံက စစ်အစိုးရကို
တိုက်တွန်းလိုက်ပါတယ်။
မနေ့က ဂျပန်နိုင်ငံ ကျိုတိုမှာ ကျင်းပတဲ့ စက်မှုအင်အားကြီးနိုင်ငံ ၈ နိုင်ငံ G-8 နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ညစာစားပွဲမှာ မြန်မာနိုင်ငံ အရေးကိစ္စကို ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲဖို့ ရှေ့ကို ဆက်ပြီး တိုးတက်မှုတွေ လုပ်လာမယ်ဆိုရင် စစ်အစိုးရ ခေါင်းဆောင်တွေကို အကျိုးခံစားခွင့်တွေ ပေးနိုင်အောင် ကမ်းလှမ်းဖို့လည်း စက်မှု အင်အားကြီး နိုင်ငံတွေက သဘောတူကြပါတယ်။
လေဘေးကယ်ဆယ်ရေး အကူအညီတွေ လက်ခံဖို့ တိုက်တွန်းတဲ့ တချိန်တည်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း စစ်အစိုးရကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ထင်သာမြင်သာပြီး ထိန်ချန်ဖုံးကွယ်မှု မရှိဘဲ ဆောင်ရွက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လည်း စက်မှု အင်အားကြီး နိုင်ငံတွေက စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့
နိုင်ငံရေး အခြေအနေတွေ အပေါ်မှာ စိုးရိမ်တဲ့အကြောင်း စက်မှုအင်အားကြီး နိုင်ငံတွေက
ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ စစ်အစိုးရဘက်က ခြေခြေမြစ်မြစ် ရှိတဲ့ နိုင်ငံရေး
တိုးတက်မှုတွေ လုပ်လာခဲ့မယ်ဆိုရင် စက်မှုအင်အားကြီး နိုင်ငံတွေဘက်ကလည်း အကောင်းဘက်က
တုံ့ပြန်နိုင်အောင် ပြင်ဆင်ထားတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။