သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း ၃ နိုင်ငံနှင့် ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေးဆွေးနွေး


မြန်မာနိုင်ငံရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟာ ဒေသတွင်း နိုင်ငံကြီးသုံးနိုင်ငံကိုယ်စားလှယ်တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဘာတွေများ ပြောဆိုဆွေးနွေးကြသလဲ - မြန်မာ့နိုင်ငံရေးအတွက်ရော ဘယ်လောက်အထိ မျှော်လင့်စရာတွေရှိသလဲ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်၊

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီဟာ လာမယ့် ဇူလှိုင်လထဲ မြန်မာနိုင်ငံရှိရာ ဒေသတွင်းကို သွားရောက်မှာ ဖြစ်သလို၊ အခြား အခြေအနေ တခုကတော့ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရေး ကိစ္စကို အနောက်နိုင်ငံတွေ မပါဘဲ ဒေသတွင်းက နိုင်ငံတွေနဲ့ ကုလသမဂ္ဂ မြန်မာအစိုးရအကြား ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်လိုတယ် ဆိုတဲ့ အဆိုပြုချက်လည်း ရှိနေပါတယ်။ ဒီအပေါ်မှာ အခုလို မြန်မာအိမ်နီးချင်း အရေးပါတဲ့ နို်င်ငံတွေကို မစ္စတာ ဘန်ကီမွန်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးတယ်လို့ ယူဆလို့ရပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ကြာသပတေးနေ့တုန်းက ဒီ ၃ နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ကြာသာပတေးနေ့ ညနေပိုင်းက သီးခြား တံခါးပိတ် ဆွေးနွေးခဲ့တာပါ။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဖက် ပြောခွင့်ရသူ ဖာရမ်း ဟာ့က် က ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

"အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်၊ နောက် တရုတ်နိုင်ငံက ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်တို့နဲ့ ကြာသပတေးနေ့ ညနေပိုင်းမှာ တွေ့ခဲ့တာပါ။ ဒီကိုယ်စားလှယ် ၃ ဦးနဲ့ သူဟာ မြန်မာနိုင်ငံ အရေးကိစ္စကို ဆွေးနွေးပါတယ်။ ဒီကိုယ်စားလှယ် ၃ ဦးစလုံးဟာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံးရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်ကို ထောက်ခံသူတွေပါ။ ကုလသမဂ္ဂကို တင်ပြတဲ့ အချက် ၇ ချက်ပါ နိုင်ငံရေး လုပ်ငန်းစဉ်အတွက် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုအသစ်တွေ လုပ်ပြီး လက်တွေ့ ဆောင်ရွက် နိုင်တဲ့ ပြောင်းလဲမှုတွေ လိုအပ်နေတယ် ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ဒေသတွင်း နိုင်ငံတွေနဲ့ သီးခြား ဆွေးနွေးတယ် ဆိုပေမယ့် အမေရိကန် ပြည်ထောင်စုနဲ့ အခြားဥရောပ နိုင်ငံတွေနဲ့လည်း အတွင်းရေးမှူးချုပ် အနေနဲ့ ဆက်ပြီး ဆွေးနွေးသွားဦးမှာပါလို့ ပြောခွင့်ရသူက ဆိုပါတယ်။ အခု အစည်းအဝေးမှာ မစ္စတာ ဂမ်ဘာရီလည်း တတ်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆိင်ကလုန်း မုန်တိုင်းကျရောက်ပြီး နောက်ပိုင်းကတည်းက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အနေနဲ့ မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကိုပဲ ဦးစားပေး ဆောင်ရွက်ရာကနေ အခုတော့ နိုင်ငံရေးဖက်ကို ပြန်လှည့်လာ တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အစုအဖွဲ့အားလုံး အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာက ပြောနေပေမယ့်၊ ကုလသမဂ္ဂနဲ့ အာဆီယံ နိုင်ငံတွေ အကြားမှာ မြန်မာအစိုးရက ကတိပြုထားတဲ့ လမ်းပြမြေပုံကို ဆက်အကောင်အထည် ဖော်ဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံကို တဖက်သက် ရေးဆွဲ အတည်ပြုထားပြီးတဲ့ ဒီနိုင်ငံရေး လမ်းပြမြေပုံမှာ - အခြား အပယ်ခံ နိုင်ငံရေးအဖွဲ့တွေ ပုဂ္ဂိုလ်တွေ ပါဝင်ခွင့် ဆိုတာကတော့ အငြင်းပွားစရာ ရှိမယ်လို့ ယူဆလို့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG