သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားပစ္စည်းပိုင်ဆိုင်မှု မြောက်ကိုရီးယားကြေညာ


မြောက်ကိုရီးယားနိုင်ငံက နိုင်ငံစုံ ဆွေးနွေးညှိနှိုင်းပွဲမှာ သူ့ရဲ့ နျူကလီးယားလက်နက်
များ ဖျက်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ လိုက်လျောချက်တရပ်
ပြုလုပ်လိုက်ပါတယ်။ သူတို့နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပစ္စည်းတွေစာရင်းကို
ဆွေးနွေးပွဲအိမ်ရှင် တရုတ်အစိုးရဆီ ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဗွီအိုအေသတင်း
ထောက် ကာ့တ် အာရှင်း (Kurt Achin) တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ကနေ
ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

အချိန်ကြာမြင့်စွာ စောင့်စားခဲ့ကြတဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယား ကြေညာချက်
တရုတ်တို့လက်ထဲကို ရောက်သွားပြီဆိုတာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး
ယွန်မြောင်ဟွမ်း (Yu Myung-hwan) က အတည်ပြုပြောကြားလိုက်တာ ဖြစ်ပါတယ်။

“မြောက်ကိုရီးယားဟာ သူတို့ရဲ့ထုတ်ပြန်ချက်ကို ဘေဂျင်းမြို့တော်မှာ ပေးအပ်လိုက်ပါ
ပြီ။ ဒီတိုးတက်မှုကို တောင်ကိုရီးယားက ကြိုဆိုတယ်” လို့ ပြောကြားသွားတာ ဖြစ်ပါ
တယ်။

ဒီထုတ်ပြန်ချက်ဟာ မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက်
ငွေကြေး၊ သံတမန်ရေးရာ စတဲ့မက်လုံးတွေပေးပြီး လဲလှယ်ခဲ့ရတဲ့ ဖြစ်စဉ်အဆင့်ဆင့်ရဲ့
တစိတ်တဒေသ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ယမန်နှစ်အကုန်မှာ ပေးအပ်မယ်လို့
မြောက်ကိုရီးယားတို့က ကတိပြုခဲ့တာပါ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့
သဘောတူညီချက် မရနိုင်တာတွေ ရှိနေသေးလို့ ခြောက်လကျော် ကြန့်ကြာခဲ့ရတာ
ဖြစ်ပါတယ်။

အစတုန်းကတော့ ဒီထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားတို့ တခါမှ ဝန်မခံဘူးသေးတဲ့
ယူရေနီယမ်သန့်စင်ရေး လျှို့ဝှက်ကိစ္စဆိုတာနဲ့ ဆီးရီးယားနိုင်ငံမှာ စက်ရုံတည်ဆောက်
ပေးနေတယ်ဆိုတဲ့ ကိစ္စကို ထည့်သွင်းဝန်ခံမယ်လို့ အမေရိကန်တို့က တောင်းဆိုနေခဲ့
ကြတာ ဖြစ်ပါတယ်။

နှစ်ဖက်အဆင့်မြင့် ကိုယ်စားလှယ်တွေ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီးနောက် ဒီကိစ္စတွေ
အတွက် အမေရိကန်တို့ရဲ့ စိုးရိမ်မှုကို မြောက်ကိုရီးယားက အသိအမှတ်ပြုပါတယ်။
ဒါပေမယ့် ဒီကိစ္စတွေကို ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြမထားပါဘူး။ မြောက်ကိုရီး
ယားရဲ့ နျူကလီးယားပစ္စည်းတွေ စုဆောင်းထားရှိမှုနဲ့ အဲဒီပစ္စည်းတွေ ထုတ်လုပ်တဲ့
စက်ရုံတွေကိုတော့ ဖော်ပြထားမယ်လို့ မျှော်လင့်ရပါတယ်။

နျူကလီးယားလက်နက် ဘယ်ရွေ့ဘယ်မျှရှိနေပြီ၊ အဲဒီလက်နက်တွေကို ဘယ်နေရာမှာ
သိမ်းထားတယ်ဆိုတာတွေကိုတော့ နိုင်ငံစုံဆွေးနွေးပွဲတွေ ဘေဂျင်းမြို့တော်မှာ ပြန်စ
ရင် ထုတ်ပြန်ကြေညာဖွယ် ရှိပါတယ်။ အဲဒီဆွေးနွေးပွဲတွေကိုလည်း ရက်ပိုင်းအတွင်း
ပြန်ကျင်းပနိုင်ပါတယ်။

မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်ဟာ ဘယ်လောက်မှန်ကန် တိကျတယ်ဆိုတာကို
လည်း အလေးထား စဉ်းစားကြရပါလိမ့်မယ်။ အမေရိကန်အစိုးရကတော့ မြောက်
ကိုရီးယားအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းဖို့ ပြင်ဆင်နေပါ
ပြီ။ ဒါဟာ မြောက်ကိုရီးယားအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝင်ဆန့်ဖို့
လမ်းဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။

မြောက်ကိုရီးယား နျူကလီးယားကိစ္စကို နှစ်ချီပြီး ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပေ
မယ့် အမေရိကန်တို့အနေနဲ့ အောင်အောင်မြင်မြင် ဈေးဆစ်နိုင်ခဲ့တာ ဖြစ်တယ်လို့
ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့က ဆိုးလ်မြို့တော်မှာ အခြေစိုက်
သုံးသပ်သူ ဒန်နီယယ် ပင်က်စ်တန် (Daniel Pinkston) က ဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်၊ အကြမ်းဖက်နိုင်ငံစာရင်းက
ပယ်ဖျက်မယ်၊ ဒါတွေက ပြန်ပြင်လို့ရတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် လုံခြုံရေးအတွက်
အကျိုးအမြတ်ကို ကြည့်မယ်ဆိုရင်တော့ သိပ်ဖြစ်ဖြစ်မြောက်မြောက် မဟုတ်သေး
ပါဘူး။”

လွယ်လွယ်နဲ့ အပြောင်းအလဲ မလုပ်လိုတဲ့ တောင်ကိုရီးယား ကွန်ဆာဗေးတစ်သမ္မတ
လီမြောင်ဘက် (Lee Myung-bak) ကလည်း နျူကလီးယားကိစ္စ တိုးတက်မှုရှိလာမှ
စားနပ်ရိက္ခာတွေ ပြန်လည်ထောက်ပံ့မယ်ဆိုပြီး အချိန်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့
ထွက်လာတဲ့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ကြေညာချက်ဟာ သမ္မတလီရဲ့ သဘောထား
ကို ပြောင်းလာစေနိုင်ပါတယ်။ မြောက်ကိုရီးယားတို့ အပြင်းအထန် လိုအပ်နေတဲ့ အစား
အစာနဲ့ တခြားအထောက်အပံ့တွေ ပြန်ပေးလာနိုင်မယ့် လမ်းစလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG