ဇင်ဘာဘွေ နိုင်ငံမှာ သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) က တယောက်တည်း ပြိုင်ဘက်မရှိ ပြုလုပ်ခဲ့တဲ့ သောကြာနေ့က ဒုတိယ တကြော့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ရလာတဲ့ ရလဒ်တွေကို အသိအမှတ် ပြုမှာမဟုတ်ဘူးလို့ ဥရောပ ကော်မရှင်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ကလည်း သူတနိုင်ငံထဲ အနေနဲ့ရော နိုင်ငံတကာကပါ မူဂါဘီ အစိုးရအပေါ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်လာဖို့ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒီအကြောင်းတွေကို London က သတင်းထောက် တန်ဒိုင်း မာဖိုဆာ (Tendai Maphosa) နဲ့ အမေရိကန် နိုင်ငံခြားရေး ရုံးက သတင်းထောက် ဒေးဗစ် ဂေါလက်စ် (David Gollust) တို့ပေးပို့တဲ့ သတင်းတွေကို မစုမြတ်မွန် က စုစည်းတင်ပြထားပါတယ်။
ဇင်ဘာဘွေမှာ အတိုက်အခံ ခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း (Morgan Tsvangirai) ရဲ့ ပါတီ နဲ့ သူ့ပါတီကို ထောက်ခံသူတွေ အပေါ်မှာ အနှောင့်အယှက်ပေးမှု အကြမ်းဖက်မှုတွေ ရှိခဲ့လို့ မော်ဂန်ရှန်ဂရိုင်း က ရွေးကောက်ပွဲကနေ နုတ်ထွက်ခဲ့တာကြောင့် ဒုတိယ အကြော့ ရွေးကောက်ပွဲဟာ သမ္မတ မူဂါဘီ အတွက် ပြိုင်ဘက်မရှိ အရွေးခံဖို့ ဖြစ်ခဲ့တာပါ၊ ဒီအပေါ် နိုင်ငံတကာက ပြစ်တင် ဝေဖန်မှုတွေ လုပ်နေကြတဲ့ထဲမှာ အီးယူ ဥရောပ သမဂ္ဂကကလည်း ရွေးကောက်ပွဲ ရလာဒ်တွေဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ပြောပါတယ်။ အီးယူ ကော်မရှင် ပြောခွင့်ရသူ ဂျွန် ကလန်စီ (John Clancy) ပြောတာက -
"ဇင်ဘာဘွေမှာ မြင်တွေ့နေရတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူး ဆိုတာကို ကျနော်တို့ရှင်းရှင်းပဲ ထပ်ပြီး ပြောချင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အနှစ်သာရ မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပြီး၊ အတုအယောင် ရွေးကောက်ပွဲကနေ မစ္စတာ မူဂါဘီ သမ္မတ ပြန်ဖြစ်လာရင်လည်း ဇင်ဘာဘွေနိုင်ငံအတွက် စစ်မှန်တဲ့ သမ္မတ မဟုတ်ဘူး၊ ဇင်ဘာဘွေ ပြည်သူတွေရဲ ့စစ်မှန်တဲ့ ဆန္ဒနဲ့ ရွေးချယ်တဲ့ သမ္မတ ဖြစ်မှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။"
ဒါကတော့ အီးယူကော်မရှင် ပြောခွင့်ရသူ ဂျွန် ကလန်စီ ပြောခဲ့တာပါ။ ပြိုင်ဘက်မရှိတဲ့ ရွေးကောက်ပွဲကို ရှေ့ဆက် မလုပ်ပါနဲ့လို့ တားနေကြတဲ့ကြားက လုပ်ဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲအပေါ် အမေရိကန်ကလည်း အပြစ်တင်ခဲ့ပါတယ်။ သောကြာနေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို ဟယ်ရာရီ မြို့တော်ထဲက ရပ်ကွက် တချို့မှာပဲ အမေရိကန် သံတမန်တွေက လေ့လာနိုင်ခဲ့ပါတယ်။ ဒီလို အတိုင်းအတာ အနည်းငယ် အတွင်းမှာ လေ့လာနိုင်ခဲ့တာ တောင်မှ ပြည်သူတွေဟာ စိုးရွံ့ထိတ်လန့်နေတဲ့ အခြေအနေအောက်မှာ မဲပေးခဲ့ကြရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ဒုတိယ ပြောခွင့်ရသူ တွမ်ကေစီ (Tom Casey) က ပြောပါတယ်။
မူဂါဘီ အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ဘယ်လိုပဲ ပြောနေပြောနေ
ကမ္ဘာ့အသိုင်းအဝိုင်း အလယ်မှာတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲလို့ပဲ
မြင်ကြလိမ့်မယ်လို့ တွမ်ကေစီက ပြောပါတယ်။ ဇင်ဘာဘွေ အစိုးရရဲ့ ပယောဂမကင်းတဲ့
အတိုက်အခံတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် အတိုက်အခံပါတီ ခေါင်းဆောင်
မော်ဂန်ရှန်ဂရိုင်းက ရွေးကောက်ပွဲ မဝင်တော့ဘူးလို့
ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန် အစိုးရက ဇင်ဘာဘွေ အစိုးရအပေါ်
ဝေဖန်မှုတွေ တိုးပြီး ပြုလုပ်နေတဲ့အထဲမှာ အခုတခါ ဝေဖန်တာကတော့ အပြင်းထန်ဆုံး
ဖြစ်ပါတယ်။