သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးရိုက်စ် တရုတ်ငလျင်ကယ်ဆယ်ရေး ချီးကျူး၊ မြန်မာစစ်အစိုးရကို ဝေဖန်


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလက ပြင်းပြင်းထန်ထန် ငလျင်လှုတ်ခတ်သွားပြီးတဲ့ နောက်ပိုင်း ပြဿနာတွေ အပေါ်မှာ တရုတ်အစိုးရက ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ချီးကျူးသွားပါတယ်။ တရုတ်နိုင်ငံရဲ့ ငလျင်သင့်ဒေသတွေကို သွားရောက်တဲ့အခါ မစ္စရိုက်စ်က အခုလို ပြောကြားခဲ့တာပါ။ ဒီအကြောင်း တရုတ်နိုင်ငံမှာ ရောက်နေတဲ့ ဗွီအိုအေ စတက်ဖနီဟိုးက သတင်း ပေးပို့ထားပါတယ်။

မေလ ၁၂ရက်နေ့တုန်းက ငလျင်လှုပ်ခတ်ခဲ့တဲ့မြို့နားက ဒုက္ခသည်တွေ ခတ္တနေထိုင်ခဲ့ရတဲ့ ဒူရမ်ကျန်းမြို့နယ်နားက ဒုက္ခသည်စခန်းကို သွားရောက်ပြီး အသက်ရှင်သူတွေကို မစ္စရိုက်စ်က သွားရောက်တွေ့ဆုံခဲ့တာပါ။

"တရုတ်လူမျိုးတို့ရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်နဲ့ အခုလို ပြန်ပြီး နလန်ထူနိုင်ခဲ့ကြတာကို ကျမ အတော့ကို အံအားလည်းသင့် ချီးလည်း ချီးကျူးမိပါတယ်ရှင်။"

မစ္စရိုက်စ်ရဲ့ ခရီးစဉ်အတွင်းမှာ သူမဟာ မြေငလျင်ကြောင့် ပြိုပျက်မှုတွေကြားမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့ကြတဲ့ လူငယ်တဦးနဲ့ လည်း စကားပြောဆိုခဲ့ပါတယ်။ လူပေါင်း ၇၀၀၀၀ကျော် အသက် ဆုံးရှုံးခဲ့ပြီး အခုချိန်ထိ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦကြားမှာ လူတွေ ရှိနိုင်သေးတယ်လို့ ယူဆနေကြပါတယ်။

" ဒီလောက်ကြီးကျယ်တဲ့ အတိုင်းအတာအထိ ဒီသဘာဝဘေးဒဏ်ကို ခံစားခဲ့ကြရတာဆိုတော့ ကူညီကယ်ဆယ်ရေးမှာ တကယ်တော့ တနိုင်ငံထဲနဲ့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ တရုတ်အစိုးရနဲ့ ပြည်သူလူထုကလည်း နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီခွင့်ရလို့ ကျမတို့ သိပ်ဝမ်းသာမိပါတယ်ရှင်။"

တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း မေလတုန်းက နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တသိန်းသုံးသောင်းကျော် သေဆုံးခဲ့ရတဲ့အပေါ် မစ္စရိုက်စ်က နှစ်နိုင်ငံအစိုးရအကြား တာဝန်ရှိမှုတွေအပေါ်မှာ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရဟာ နိုင်ငံတကာက အကူအညီပေးလာတဲ့ လေဘေး အကူအညီတွေအပေါ်မှာ ကန့်သတ်တိုင်းတာမှုတွေ ပြုလုပ်ခဲ့တဲ့ အစိုးရလို့ ဆိုပါတယ်။

"မြန်မာမုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီခွင့်ရဖို့ မြန်မာစစ်အစိုးရကို ကျမတို့ အဘက်ဘက်ကနေကြိုးစားပြီး တိုက်တွန်းခဲ့ကြတာပါ။ တကယ်လို့သာ ကျမတို့ ကူညီခွင့်ရခဲ့မယ်ဆိုရင် အသက်တွေ အများကြီးကို ကယ်တင်ခွင့် ရခဲ့မှာပါ။ အခုအချိန်မှာလည်း ကူညီခွင့်ရဦးမယ်ဆိုရင် လူ့အသက်တွေ အများကြီးကို ထပ်ပြီးတော့ ကယ်တင်ကောင်း ကယ်တင်နိုင်ဦးမှာပါ။ မြန်မာနိုင်ငံအပေါ်မှာ သြဇာညောင်းတဲ့ တရုတ်နဲ့ တခြားနိုင်ငံတွေကို ကျမတို့ ဆက်ပြီးတော့ ဆွေးနွေးသွားမှာပါ။ "

တရုတ်မြို့တော် ဘေဂျင်းကနေ ဇီချွမ်ပြည်နယ်ကို မစ္စရိုက်စ်သွားရောက်ခဲ့တာဖြစ်ပြီး အခုလာမယ့် တနင်္လာနေ့ကျရင်တော့ တရုတ်သမ္မတ ဟူချင်တောင်နဲ့ အတူ ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။ သူတို့တွေ့ဆုံတဲ့အခါမှာ မြောက်ကိုရီးယားက နယူးကလီယား အစီအစဉ်နဲ့ ပတ်သက်ပြီး ရှေ့ဘာဆက်လုပ်ကြမယ်ဆိုတာတွေကို အဓိက ဆွေးနွေး မှာပါ။ မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ ရွန်ပြောင်း နယူးကလီးယား အအေးခံ ဓာတ်ပေါင်းဖိုကြီးကို သောကြာနေ့ကပဲ ဖျက်ဆီးခဲ့တာမို့ သူတို့ရဲ့ နယူးကလီးယား အစီအစဉ် ဖြတ်သိမ်းရေး ပထမအဆင့် ပြီးဆုံး သွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မစ္စရိုက်စ်ဟာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ တိဗက်အရေး၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုနေကြပါတယ်။ တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ပြဿနာရှိတယ်။ အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်တဲ့သူတွေကို ဖမ်းဆီးတာတွေ ကို တရုတ်အစိုးရက လုပ်ပါတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ြ့ပ ပြောဆိုခဲ့ရတာပါ။ အခုတော့ လာဆာမှာ မတ်လတုန်းက ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရက တိဗက် အသိုင်းအဝိုင်း ပေါ် နှိမ်နင်းတာကြောင့် တိဗက်ကိစ္စကို နိုင်ငံတကာက အရေးစိုက်ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG