မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါ
အီဗရာဟင်ဟာ လိင်တူဆက်ဆံတယ်လို့ စွတ်စွဲခံရတဲ့နောက်တော့ မနေ့က မလေးရှားနိုင်ငံ
ကွာလမ်လာပူမြို့က တူရကီသံရုံးမှာ ခုံလှုံခဲ့ပါတယ်။ ဒီလို လိင်တူဆက်ဆံတယ်ဆိုတဲ့
စွဲချက်နဲ့ သူဟာ အရင်တုန်းကလည်း ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရဖူးပါတယ်။
မစ္စတာ အန်ဝါဟာ သူ့ရဲ့လုံခြုံရေးအခြေအနေကို စိုးရိမ်တဲ့အတွက် တနင်းနွေနေ့က တူရကီသံရုံးမှာ ခုံလှုံသွားတာ ဖြစ်တယ်လို့ အတိုက်အခံပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
ရဲဖက်ကတော့ မစ္စတာအန်ဝါအပေါ် စွတ်စွဲချက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒီအမှုကို သူ့ရဲ့ လက်ထောက်အမျိုးသားတဦးကနေ စွဲချက်တင်ခဲ့တာပါ။
မစ္စတာအန်ဝါကတော့ ဒီစွဲချက်ဟာ လုပ်ကြံမှုသက်သက်ဖြစ်ပြီး သူ့သြဇာကြီးမားလာတာကို ဟန့်တားတဲ့ အစိုးရရဲ့ ကြိုးပမ်းချက်လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံ ၀န်ကြီးချုပ် အက်ဗ်ဒူလာ ဟာမစ် ဘာဒါဝီကတော့ ဒီကိစ္စမှာ နိုင်ငံရေးနဲ့ပတ်သက်မှုမရှိဘူးလို့ ပြောပါ တယ်။ ဒါပေမယ့်လည်း မစ္စတာအန်ဝါက ဒီအမှုမှာ အပြစ်မရှိဘူးလို့ ဆိုတဲ့အပေါ်မှာတော့ မလေးရှားဝန်ကြီးချုပ်က လက်ခံတဲ့ပုံမရှိပါဘူး။ အမှားကျူးလွန်သူအနေနဲ့ အပြစ်ဝန်ခံလေ့မရှိဘူးလို့ သူက ပြောပါတယ်။