ဒီနေ့ အီဂျစ်နိုင်ငံ ရှာ မယ်လ် ရှိခ် (Sham el Sheik) အပန်းဖြေစခန်းမှာ စတင်တဲ့
အာဖရိကသမဂ္ဂအဖွဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) ကို ဘယ်လိုဆက်ဆံ ကိုင်တွယ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး
အာဖရိကခေါင်းဆောင်တွေကြားမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြပါတယ်။ အာဖရိက
တိုက်ရဲ့ ဒီမိုကရေစီစနစ်ကို မေးခွန်းထုတ်စရာဖြစ်နေတဲ့ မစ္စတာ မူဂါဘီကို ဘယ်လို
လုပ်ကြမလဲဆိုတာကို အာဖရိက ထိပ်တန်းသံတမန်တွေနဲ့ နိုင်ငံရေးသမားတွေဟာ
တနင်္ဂနွေနေ့မှာရော တနင်္လာနေ့ မနက်အစောပိုင်းရောက်တဲ့အထိပါ တံခါးပိတ်ပြီး
နာရီအတော်ကြာကြာ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ ဗွီအိုအေသတင်းထောက်
ပီတာ ဟိန်းလိန်း (Peter Heinlein) သတင်းပေးပို့ထားတာကို မစုမြတ်မွန်က တင်ပြ
ပေးထားပါတယ်။
ဒါပေမယ့် ၂ ရက်ကြာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲတက်ဖို့ နိုင်ငံခေါင်းဆောင်တွေ
ရောက်လာတဲ့တိုင်အောင် အာဖရိကသမဂ္ဂအဖွဲ့ဝင် ၅၃ နိုင်ငံကြားမှာ သဘောထားတွေ
ဟာ အကြီးအကျယ်ကို ကွဲနေကြပါတယ်။ အတုအယောင် ရွေးကောက်ပွဲလို့ အများက
မြင်နေကြတဲ့ သမ္မတ မူဂါဘီ ပြိုင်ဘက်မရှိ အရွေးခံတဲ့ ရွေးကောက်ပွဲမှာ သူပဲအနိုင်ရပြီး
၆ ကြိမ်ဆက်တိုက်မြောက် ဇင်ဘာဘွေရဲ့ သမ္မတအဖြစ် မနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါ
တယ်။
မစ္စတာ မူဂါဘီကို တရားမျှတတဲ့ သမ္မတအဖြစ် လက်ခံကြမှာလားဆိုတဲ့အချက်ကို
အာဖရိကခေါင်းဆောင်တွေကြားမှာ မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။ ဇင်ဘာဘွေ
ရွေးကောက်ပွဲအပေါ် အာဖရိကသမဂ္ဂက ဘယ်လိုတုံ့ပြန်မှာလဲ၊ မစ္စတာ မူဂါဘီကိုရော
သမ္မတလို့ မိတ်ဆက်မှာလားလို့ တန်ဇန်းနီးယား နိုင်ငံခြားရေးဝန်ကြီးကို သတင်း
ထောက်တွေက မေးကြတဲ့အခါ သူက အခုလို တုံ့ပြန်ပါတယ်။
“ဒုက္ခခံစားနေကြရတဲ့ ဇင်ဘာဘွေပြည်သူတွေကို ဘာလုပ်ပေးရမလဲဆိုတာကို မေးခွန်း
ထုတ်ရမှာပါ။ လူတဦးတယောက်ရဲ့ ရာထူးခေါင်းစဉ်အတွက် အချိန်ကုန်ခံနေဖို့ မဟုတ်
ပါဘူး။ ကျနော့်အတွက်ကတော့ ကျနော့်နိုင်ငံရဲ့အရေးကို ပြောပြနိုင်သရွေ့ တခြားဟာ
တွေကို ကျနော် ဂရုမစိုက်ပါဘူး။ ဒီညီလာခံကလည်း ဘယ်သူ ဘာရာထူးဆိုတာကို
ရွေးချယ်ဖို့ မဟုတ်ပါဘူး။”
တန်ဇန်းနီးယား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောသွားတာပါ။
တနင်္ဂနွေနေ့က တံခါးပိတ်ဆွေးနွေးစဉ်မှာ အနောက်အာဖရိကနိုင်ငံတွေက ဇင်ဘာဘွေ
မှာ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ လုပ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့စကား
လုံးတွေပါတဲ့ ကြေညာချက် ထုတ်ချင်ပေမယ့် နိုင်ငံတော်တော်များများက လက်မခံကြ
ပါဘူး။ အာဖရိကဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန်ဖြစ်တဲ့ လက်ထောက်နိုင်ငံခြား
ရေးဝန်ကြီး ဂျန်ဒါရီ ဖရေဇီယာ (Jendayi Frazier) ကတော့ မစ္စတာ မူဂါဘီကို တရား
မျှတတဲ့ ခေါင်းဆောင်အဖြစ် လက်မခံတော့ဘူးဆိုတာကို ရှင်းရှင်းပြောခဲ့ပါတယ်။
“တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဒီရွေးကောက်ပွဲဟာ
ပြည်သူတွေရဲ့ဆန္ဒကို အခြေမခံတဲ့အပြင် အများလက်ခံနိုင်လောက်တဲ့ အခြေအနေ
ကြားမှာ လုပ်ခဲ့တာလည်း မဟုတ်ဘူးလို့ဖော်ပြထားပါတယ်။ ဒါကြောင့် ဇင်ဘာဘွေ
ရွေးကောက်ပွဲဟာ အနှောင့်အယှက်ပေးမှု၊ အကြမ်းဖက်မှုတွေနဲ့ အခြေခံပြုလုပ်တဲ့၊
လွတ်လပ်မျှတမှုမရှိတဲ့၊ အများလက်မခံနိုင်တဲ့ ရွေးကောက်ပွဲဆိုတာ ရှင်းနေပါတယ်။”
မစ္စတာ မူဂါဘီအပေါ် ဖိအားတွေပေးဖို့အတွက် အာဖရိကသမဂ္ဂခေါင်းဆောင်
တော်တော်များများက အပြင်းအထန် ဆန့်ကျင်နေကြပါတယ်။ ဒါပေမယ့်လည်း သမဂ္ဂ
အဖွဲ့ဝင် နိုင်ငံအချင်းချင်းကြားမှာ ပြစ်တင်ဝေဖန်လေ့မရှိတဲ့ အစဉ်အလာကိုတော့
ဖောက်ချင်တဲ့ပုံ ခေါင်းဆောင်တွေဆီမှာ တွေ့ရတယ်လို့ သံတမန်တွေက ပြောပါတယ်။
အာဖရိကသမဂ္ဂအဖွဲ့ဝင် ၅၃ နိုင်ငံထဲက ခေါင်းဆောင်တွေထဲမှာ ၂၃ ယောက်ကပဲ
ရွေးကောက်တင်မြှောက်ခံထားရတာ ဖြစ်တဲ့အတွက် မစ္စတာ မူဂါဘီအပေါ် ထောက်ခံ
နေတဲ့ ခေါင်းဆောင်တွေ များနေတာဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း သံတမန်တွေက
ထောက်ပြကြပါတယ်။ အာဖရိကတိုက်ရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ ပြဿနာကို
ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အာဖရိကသမဂ္ဂထဲမှာ ခက်ခဲတဲ့ ဆွေးနွေးပွဲတွေ အများကြီးကို
လုပ်ရဦးမှာ ဖြစ်ပါတယ်။