မြောက်ကိုရီးယားနိုင်ငံမှာ အငတ်ဘေးနဲ့ ကြုံနေရသူတွေအတွက် အကူအညီတွေ
ရောက်လာပါပြီ။ အမေရိကန်နိုင်ငံက ထောင်သောင်းချီ တန်ချိန်ရှိတဲ့ စားနပ်ရိက္ခာတွေ
သယ်ဆောင်လာတဲ့ သင်္ဘောဟာ မြောက်ကိုရီးယားဆိပ်ကမ်းကို ဆိုက်ရောက်သွားပြီ
ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့ကြား သဘောတူညီမှု
ရရှိအပြီး အခုလို စားနပ်ရိက္ခာတွေ ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း
ဆိုးလ်မြို့ကနေ ဗွီအိုအေသတင်းထောက် ကာ့တ် အာရှင်း (Kurt Achin) သတင်းပေးပို့
ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဂျုံတန်ချိန် ၃၇,၀၀၀ တင်ဆောင်လာတဲ့ အမေရိကန်သင်္ဘောဟာ မြောက်ကိုရီးယားက
နမ်ပိုး (Nampo) ဆိပ်ကမ်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆိုက်ရောက်သွားပါပြီ။ ဆင်းရဲ
နွမ်းပါးနေတဲ့ မြောက်ကိုရီးယားနိုင်ငံကို စားနပ်ရိက္ခာ တန်ချိန် ၅၀၀,၀၀၀ လောက်
အမေရိကန်က ပို့ပေးဖို့ စီစဉ်ထားတဲ့အထဲက ပထမဆုံးအသုတ် ရောက်ရှိသွားတာ
လည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းကပဲ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်အနေနဲ့ မြောက်
ကိုရီးယားနိုင်ငံမှာ ကူညီရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူစာချုပ်
ချုပ်ဆိုလိုက်ပါတယ်။ ဒီလို သဘောတူစာချုပ် ချုပ်ဆိုလိုက်နိုင်တာ အငတ်ဘေးကြုံနေ
ကြရတဲ့ မြောက်ကိုရီးယားပြည်သူတွေအတွက် သတင်းကောင်းတခုပဲလို့ WFP ရဲ့ အာရှ
တိုက်လုပ်ငန်းစဉ်တွေအတွက် ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ (Paul Risley) က
ပြောပါတယ်။
“အခုလို တိုးမြှင့်လုပ်ဆောင်နိုင်တဲ့အတွက် ဝန်ထမ်းတွေ ပိုခန့်နိုင်မယ်၊ နောက် အခု
လောလောဆယ် ကျနော်တို့ ကျွေးမွေးထောက်ပံ့နေတဲ့ လူ ၁ သန်းစာထက်ပိုပြီး
လူပေါင်း ၅ သန်းလောက်အထိ အစားအစာတွေ ထောက်ပံ့ကျွေးမွေးနိုင်လိမ့်မယ်လို့
ကျနော်တို့ ခန့်မှန်းထားပါတယ်။”
ဆယ်စုနှစ်ပေါင်းများစွာ မြောက်ကိုရီးယားအစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေအပြင် ပြင်ပ
ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားခဲ့တာတွေကြောင့် တိုင်းပြည်အတွင်းမှာ
စားနပ်ရိက္ခာ ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ၁၉၉၀ ခုနှစ်တွေမှာတော့ အခြေအနေ
တွေ ပိုဆိုးလာပါတယ်။ လူပေါင်း ၁ သန်းလောက် အငတ်ဘေးကြောင့် သေဆုံးခဲ့ကြရပါ
တယ်။ အစားအစာနဲ့ လောင်စာဆီအတွက် သစ်တောတွေ ဖြတ်တောက်ပစ်ခဲ့ကြရာက
သစ်တောတွေပြုန်းတီးပြီး ပြီးခဲ့တဲ့နှစ်က မိုးများ၊ ရေကြီးတဲ့အဖြစ်နဲ့ ကြုံခဲ့ကြတာကြောင့်
ဒီနှစ် စိုက်ပျိုးရေးကို လာထိခိုက်ပြန်ပါတယ်။
သောကြာနေ့က ရရှိခဲ့တဲ့ သဘောတူညီချက်ကြောင့် လောလောဆယ် မြောက်ကိုရီး
ယားနိုင်ငံမှာ WFP ဝန်ထမ်း ၁၀ ယောက်ရှိရာက ရှေ့တနှစ်အတွင်း ဝန်ထမ်း ၅၀ အထိ
တိုးမြှင့်ခန့်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နဂိုက သွားရောက်ခွင့်မရခဲ့တဲ့ နေရာ
တွေကိုလည်း WFP ဝန်ထမ်းတွေ သွားရောက်ခွင့်ရကြမှာ ဖြစ်ပါတယ်။
စားနပ်ရိက္ခာအကူအညီ အရေးတကြီးလိုအပ်နေတဲ့ အချိန်အခါ ဖြစ်နေတာကြောင့်
အရင်က ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားခဲ့တဲ့ မြောက်ကိုရီးယားအစိုးရ
ရဲ့ သဘောထားကို ပျော့ပြောင်းသွားစေတာဖြစ်လိမ့်မယ်လို့ မစ္စတာ ရစ္စလေက ပြောပါ
တယ်။
“မြောက်ကိုရီးယားအစိုးရအတွင်းမှာ နိုင်ငံတကာက ဝင်ရောက်လုပ်ကိုင်မှုတွေကို
လမ်းကြောင်းပိုဖွင့်ပေးဖို့ သဘောပိုပေါက်လာကြပုံ ရပါတယ်။ အထူးသဖြင့် အစားအစာ
ထောက်ပံ့ရေးနဲ့ ပတ်သက်လို့ပေါ့။”
တနင်္ဂနွေနေ့က အမေရိကန် စားနပ်ရိက္ခာသင်္ဘော မြောက်ကိုရီးယားကို ရောက်သွားတဲ့
ကိစ္စကလည်း WFP နဲ့ရရှိခဲ့တဲ့ သဘောတူညီချက်ထဲမှာ ပါဝင်ထားပြီးသားဖြစ်တယ်လို့
သူက ဆက်ပြောပါတယ်။
“WFP နဲ့ မြောက်ကိုရီးယား အစိုးရကြား သဘောတူညီမှု မရမချင်း အမေရိကန်က ဒီ
စားနပ်ရိက္ခာ အကူအညီတွေပေးဖို့ ဝန်လေးနေခဲ့ပါတယ်။”
စားနပ်ရိက္ခာ အမှန်တကယ်လိုအပ်နေသူကို ထောက်ပံ့နိုင်အောင် ဒီရိက္ခာတွေ ဖြန့်ဖြူး
တာကို WFP အဖွဲ့ကိုယ်တိုင် အနီးစောင့်ကြည့်ခွင့်ရှိမှ WFP က စားနပ်ရိက္ခာတွေကို
ဖြန့်ဖြူးတယ်ဆိုတဲ့ မူဝါဒရှိပါတယ်။ အနီးကပ် စောင့်ကြပ် ကြည့်ရှုခြင်းမရှိဘဲ ပေးပို့ခဲ့တဲ့
အရင်က အကူအညီတွေဟာ မြောက်ကိုရီးယားစစ်တပ်နဲ့ တခြား နိုင်ငံရေး အထက်
တန်းလွှာတွေ လက်ထဲကိုပဲ ရောက်သွားတယ်လို့ အမေရိကန်ဘက်က စိုးရိမ်ပူပန်မှုတွေ
ဖြစ်ပေါ်နေပါတယ်။
တောင်ကိုရီးယားကတော့ လောလောဆယ် မြောက်ကိုရီးယားဘက်ကို စားနပ်ရိက္ခာ
အကူအညီတွေ ပေးပို့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယား
လက်နက် အစီအစဉ်ကိစ္စ တိုးတက်မှုရှိလာတာနဲ့အမျှ အဲဒီအခြေအနေဟာ မကြာခင်မှာ
ပြောင်းလဲလာနိုင်ပါတယ်။ အစားအစာတွေ ပေးပို့ခြင်းမရှိပေမယ့် တောင်ကိုရီးယားက
မြောက်ကိုရီးယားကို ဒီ စားနပ်ရိက္ခာအခက်အခဲနဲ့ ပတ်သက်ပြီး အကူအညီတွေ
ဆက်ပေးနေပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ WFP ရဲ့ လုပ်ငန်းစဉ်အများစုအတွက်
တောင်ကိုရီးယားက ငွေကြေးအရ ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ WFP ကမ္ဘာ့
စားနပ်ရိက္ခာအဖွဲ့က ပြောပါတယ်။