သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်ဓားစာခံတွေ လွတ်မြောက်ရေး ဆက်ကြိုးပမ်းဖို့ အင်းဂရစ် ဘီတန်ကုတ် တိုက်တွန်း


ကိုလံဘီယာ သူပုန်တွေလက်ထဲမှာ ရှိနေသေးတဲ့
တခြားဓားစာခံတွေ ပြန်လွတ်မြောက်ရေး
ကြိုးပမ်းမှုအသစ်တွေ လုပ်ဆောင်ဖို့ အင်းဂရစ်
ဘီတန်ကုတ် (Ingrid Betancourt) က သူ
လွတ်မြောက်လာပြီး တရက်အကြာမှာ
တိုက်တွန်းပြောဆိုလိုက်ပါတယ်။ သူဟာ ဗုဒ္ဓဟူး
နေ့က လွတ်မြောက်လာခဲ့သူ ၁၅ ဦးထဲမှာ တဦး
အပါအဝင်ပါ။ ဒီအကြောင်း ဗွီအိုအေသတင်း
ထောက် ဘရိုင်ယန် ဝဂ္ဂနာ (Brian Wagner)
သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်
က တင်ပြပေးထားပါတယ်။

သမ္မတလောင်းအဖြစ် ဝင်ရွေးခဲ့တဲ့ အင်းဂရစ် ဘီတန်ကုတ်ဟာ ကိုလံဘီယာသူပုန်တွေ
ရဲ့ ဖမ်းဆီးတာကို ၆ နှစ်ကျော် ခံခဲ့ရပြီး အခု သူ့ရဲ့မိသားစုဝင်တွေနဲ့ ပျော်ပျော်ပါးပါး
ပြန်ဆုံတွေ့နေပါပြီ။ ဒါပေမယ့်လည်း FARC လို့ခေါ်တဲ့ ကိုလံဘီယာ တောတွင်း
လက်နက်ကိုင် သူပုန်စခန်းတွေမှာ အဖမ်းခံထားရတဲ့ ဓားစာခံတွေ ဒါဇင်နဲ့ချီပြီး
ကျန်နေသေးတယ်လို့ အင်းဂရစ် ဘီတန်ကုတ်က ပြောပါတယ်။ အခုဆိုရင် FARC
လက်ဝဲသူပုန်တွေဟာ အင်အားချိနဲ့တဲ့ အခြေအနေမှာရှိနေပြီး ကိုလံဘီယာအစိုးရ
အနေနဲ့ ၄၄ နှစ်ကျော်ကြာ ပဋိပက္ခဖြစ်နေတဲ့ သူပုန်တွေကို အဆုံးသတ်ဖို့ ညှိနှိုင်း
ဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့လည်း ဘီတန်ကုတ်က ဆိုပါတယ်။

“ကြားကနေဝင်ပြီး ဖြန်ဖြေစေ့စပ်ပေးကြမယ့်သူတွေက သူပုန်ခေါင်းဆောင်တွေကို
သူတို့ရဲ့ အားကောင်းတဲ့ စွဲဆောင်မှုတွေကို အသုံးချပြီး အကြမ်းဖက်လုပ်ရပ်တွေကို
အဆုံးသတ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို တက်ကြဖို့
ပြောဆိုသင့်ပါတယ်။”

အင်းဂရစ် ဘီတန်ကုတ်ဟာ ကိုလံဘီယာနဲ့ ပြင်သစ် နှစ်နိုင်ငံသား ခံယူထားသူပါ။
အခုလို ဓားစာခံတွေ လွတ်မြောက်ဖို့အတွက် သူပုန်တွေကို ဖိအားပေးပြီး ဆောင်ရွက်
ခဲ့တဲ့ ပြင်သစ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ကမ္ဘာတဝှမ်းက ပဋိပက္ခ
တွေမှာ ဓားစာခံအဖြစ် အဖမ်းခံနေရသူတွေ ပြန်လွတ်လာရေးအတွက် ကိုလံဘီယာ၊
ပြင်သစ်နဲ့ တခြားနိုင်ငံတွေ ပူးပေါင်းပြီး နိုင်ငံစုံအဖွဲ့တခု ဖွဲ့သင့်တယ်လို့လည်း
ဘီတန်ကုတ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းကတော့ ကိုလံဘီယာသမ္မတ အယ်လ်ဗားဒိုး အူရီဘီ (Alvaro
Uribe) က သူပုန်တွေလက်ထဲကနေ ဓားစာခံတွေအားလုံး မကြာခင်မှာ လွတ်မြောက်
လာဖို့ သူမျှော်လင့်တယ်လို့ ဆိုပါတယ်။ အင်းဂရစ် ဘီတန်ကုတ် အပါအဝင် ဓားစာခံ
၁၅ ယောက် လုံခြုံစိတ်ချရပြီး သူတို့ပြန်လွတ်ရေး ကြိုးပမ်းခဲ့ကြတဲ့ ကိုလံဘီယာ
တပ်ဖွဲ့ဝင်တွေနဲ့ ထောက်လှမ်းရေးအဖွဲ့တွေကို ဂုဏ်ပြုချီးမွမ်းခဲ့ပါတယ်။

“ဒီစစ်ဆင်ရေးဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ တပ်ဖွဲ့ဝင်တွေအတွက် တကယ့်ကို
ထူးချွန်တဲ့ အောင်မြင်မှုပါပဲ။ လူ့အခွင့်အရေးအတွက်လည်း လေးစားဂုဏ်ယူလောက်
ပါတယ်” လို့ ပြောသွားတာပါ။

စစ်ဆင်ရေးမှာ ကိုလံဘီယာရဲနဲ့ စစ်သား ၁၁ ယောက်၊ အမေရိကန် ကာကွယ်ရေး
ကန်ထရိုက်တာ ၃ ယောက်တို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အမေရိကန် ၃ ယောက်ဟာ
၂၀၀၃ ခုနှစ်တုန်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ထောက်လှမ်းမှုတွေ
လုပ်နေတုန်း ရဟတ်ယာဉ်ပျက်ကျပြီး သူပုန်တွေဖမ်းဆီးတာကို ခံခဲ့ရသူတွေပါ။ အခု
သူတို့အားလုံးလည်း မိသားစုဆီ ပြန်ရောက်နေကြပါပြီ။

ဓားစာခံတွေကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် ကိုလံဘီယာအစိုးရ
ရဲ့ ဆောင်ရွက်မှုကို အမေရိကန်သမ္မတ ဘုရှ် (Bush) ကလည်း ချီးကျူးလိုက်ပါတယ်။

“ကိုလံဘီယာသမ္မတကို ကျနော် ဂုဏ်ယူချီးကျူးပါတယ်။ ဒီစီမံကိန်းကိုချခဲ့တဲ့ သူ့ရဲ့
တပ်ဖွဲ့တွေကိုလည်း ဂုဏ်ယူချီးကျူးကြောင်း ပြောလိုက်ပါတယ်။ သေသေချာချာ အစီ
အစဉ်ချပြီး ဆောင်ရွက်နိုင်ခဲ့လို့ အခုလွတ်မြောက်လာကြပြီး သူတို့ရဲ့မိသားစုတွေနဲ့
အတူရှိနေကြတဲ့အဖြစ်ဟာ သိပ်ကို ပျော်ရွှင်စရာဖြစ်ရပ်ပဲလို့လည်း ကိုလံဘီယာသမ္မတ
ကို ပြောခဲ့ပါတယ်လို့” သမ္မတ ဘုရှ်က ပြောခဲ့တာပါ။

ကိုလံဘီယာမှာရှိတဲ့ အမေရိကန်သံအမတ် ဝီလျံ ဘရောင်းန်ဖီလ်း (William Brownfield)
ကလည်း လွတ်မြောက်လာတဲ့ အမေရိကန်သုံးယောက်ကို ကယ်ထုတ်လာပြီး မကြာခင်
မှာပဲ တွေ့ဆုံခဲ့ပါတယ်။ သူတို့သုံးယောက်ထဲက နှစ်ယောက်ဟာ အရေပြားနဲ့ပတ်သက်
တဲ့ ရောဂါဝေဒနာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG