သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာ သူပုန်လက်က ဓားစာခံများ လွတ်မြောက်လာ


ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ်ကတည်း လက်ဝဲ သူပုန်တွေကနေ ပြန်ပေးဆွဲခဲ့တဲ့ ပြစ်သစ်အနွယ်ဖွားကိုလံဘီယာ နိုင်ငံရေး သမား အင်ဂရစ် ဘက်တင်ကော့ဟာ သူအပါအဝင် တခြား ဓားစားခံအဖြစ် အဖမ်းခံထားရတဲ့သူတွေကို သူပုန်တွေ လက်ထဲကနေ ဗုဒ္ဓဟူးနေ့က ကယ်ဆယ်ပေးခဲ့တဲ့အတွက် ကိုလံဘီယာ စစ်တပ်ကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုပါတယ်။ တောတွင်းလျှို့ဝှက် စခန်းတခုမှာ နှစ်ကာလ အတော်ကြာ FARC သူပုန်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဘက်တင်ကော့ အပါအဝင် အမေရိကန် သုံးဦး နဲ့ ကိုလံဘီယာ လုံခြုံရေး တပ်သား ၁၁ယောက်ဟာ အခုတော့ လွတ်မြေက်လာခဲ့ပါပြီ။

အင်ဂရစ် ဘက်တင်ကော့ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပွေ့ဖက် နှုတ်ဆက်အပြီးမှာ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးကို လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြန်ပေးဆွဲခံထားရသူ ၁၅ယောက်ကို ကယ်တင်လိုက်နိုင်တာဟာ အံမခန်းဖြစ်ရပ်တခုပါပဲလို့ မှတ်ချက်ပေးပါတယ်။

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကိုလံဘီယံ စစ်တပ်နဲ့ သမ္မတ အယ်ဘာရို အူရီဘေ ကိုလည်း အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်ရေးမှာ လုံခြုံရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စဟာ အပြည့်အ၀ အောင်မြင်တဲ့ စစ်ဆင်ရေးတခုပါပဲ”လို့ ပြောသွားတာပါ။

ကိုလံဘီယာ ကာကွယ်ရေး ဝန်ကြီး ဂျူအန် မန်ညူအယ် ဆန်တို့စ်က ပြန်ပေးဆွဲခံခဲ့ရသူတွေဟာ ကျန်းကျန်းမာမာရှိပါတယ်၊ အထိအခိုက်မခံခဲ့ရပါဘူးလို့ ပြောပါတယ်။ ကိုလံဘီယံ တပ်ဖွဲ့ဝင်တချို့က FARCစခန်းထဲကို ဝင်ရောက်နိုင်ခဲ့ပြီး၊ သူတို့ဟာ ဓားစာခံတွေကို သူတို့ရဲ့ ခေါင်းဆောင်ကြီးစီကို ရဟတ်ယာဉ်နဲ့ ခေါ်သွားမယ်လို့ စည်းရှုံးနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း သူပုန်တွေကို ကိုလံဘီယံ စစ်ဆင်ရေး တပ်သားတွေက ဝိုင်းထားနိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူပုန်တွေက အပြစ်အခတ် မရှိပဲနဲ့ လက်လျော့လိုက်ရပါတယ်။

ဓားစာခံတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုပိုင်တဲ့ ရဟတ်ယာဉ်နဲ့ ကြိုပြောဆိုထားတဲ့ နေရာတခုကနေ ခေါ်ဆောင်လာခဲ့တာပါလို့ ပြောသွားတာပါ။

အသက် ၄၆နှစ်ရှိတဲ့ ဘက်တန်ကော့ဟာ ၂၀၀၂ခုနှစ်မှာ သမ္မတရွေးကောက်ပွဲဝင်ပြိုင်နေတုန်း လက်ဝဲယိမ်း သူပုန်တွေရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတာပါ။ ကာကွယ်ရေးဌာနဲ့ ကန်ထရိုက်ဆွဲ အလုပ်လုပ်နေတဲ့ အမေရိကန် ဝန်ထမ်း ၃ဦးကတော့ ဘက်တန်ကော့ ဖမ်းခံရပြီး ၁နှစ်အကြာ၊ မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးတာဝန်ထမ်းဆောင်ချိန်လေယာဉ် ပျက်ကျခဲ့ရတုန်းက အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဘက်တန်ကော့ဟာ ပြစ်သစ် နဲ့ ကိုလံဘီယံ နိုင်ငံသား နှစ်ခုကို ခံယူထားသူပါ။ ပြစ်သစ် သမ္မတ နီကိုလပ် ဆာကိုဇီက သူရဲ့ လွတ်မြောက်ရေးကို အဓိကထား ဆောင်ရွက်ခဲ့ပြီး၊ သူနာမကျန်းဖြစ်နေတုန်းမှာလည်း လူမှုရေး အဖွဲ့တဖွဲ့ ကိုလံဘီယာကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူပုန်တွေက တွေ့ခွင့်မပေးခဲ့ပါဘူး။ `

သမ္မတ ဆာကိုဇီက အင်ဂရစ် ဘက်တန်ကော့ဟာ ပြင်သစ်ကို သောကြာနေ့မှာ ရောက်လာမယ်လို့ ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဘာနေး ခုချနာက ဘက်တန်ကော့ မိသားစုနဲ့ အတူ ကိုလံဘီယား ဘိုဂိုတာမြို့ကို ရောက်လာခဲ့ပါတယ်။ လေဆိပ်က သတင်းစာရှင်းလင်းပွဲမှာတော့

“ကိုလံဘီယာ သမ္မတ အူရီဘေကို ကျေးဇူးတင်ပါတယ်။ ကိုလံဘီယံ ပြည်သူလူထုအပါအဝင်၊ ဘက်တန်ကော့ လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ စပိန်လိုပြောဆိုသွားတာပါ။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံနေရရသူတွေဖြစ်တဲ့ အင်ဂရစ် ဘက်တန်ကော့နဲ့ မြန်မာနိုင်ငံက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံပိုစတာကြီးတခုကို အီတလီနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အမြဲစည်ကားပြီး အထင်ကရ နေရာလည်း ဖြစ်တဲ့ ရောမ မြို့တော်ခန်းမရှေ့တို့၊ ပီဇာမျှော်စဉ်ရှေ့တို့မှာ ဒီနှစ် ဇန်နဝါရီလက ဂုဏ်ပြု ချိတ်ဆွဲထားခဲ့ပါတယ်။

ကိုလံဘီယာမှာ ရာဇဝတ်သားတွေနဲ့ ပျောက်ကြား တပ်ဖွဲ့တွေကနေ နှစ်ပေါင်းလေးဆယ်ကြာ ပြန်ပေးဆွဲလုပ်ငန်းတွေကို ဆန့်ကျင်ကြောင်း ဖေဖေါ်ဝါရီလတုန်းက ဆန္ဒပြခဲ့ပါတယ်။ အဲဒီနေတုန်းက ရေဒီယို အစီအစဉ်တခုမှာ ဘန်တန်ကော့ရဲ့ သမီး မယ်လနီက သူ့အမေလွတ်မြောက်ရေးကို တောင်းဆိုခဲ့ပါတယ်။

”ကျမတို့ အားလုံးကို အမေကို လိုလားတောင့်တနေကြပါတယ်။ ၂၀၀၈ခုနှစ်ဟာ အမေ့အတွက် လွတ်လပ်မယ့်နှစ် ဖြစ်ပါတယ်။ ကြံ့ကြံ့ခံထားပါ။ အမေ့ကို အဆုံးရှုံးမခံနိုင်ပါဘူး။ ကျမ အမေ့ကို ဂရုစိုက်နေပါတယ်။ အမေ့ကို ချစ်ပါတယ်၊”လို့ ပြောသွားတာပါ။

ဗုဒ္ဓဟူးနေ့က သူရဲ့ အမေလွတ်မြောက်လာတာကို သားဖြစ်သူ လိုရန်ဇိုက သူ့ဘဝမှာ အကောင်းဆုံး သတင်းပါပဲလို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်၊ ကိုလံဘီယာနဲ့ ဥရောပ သမဂ္ဂက FARCအဖွဲ့ကို အကြမ်းဖက်သမားများ အဖွဲ့လို့ သတ်မှတ်ထားပါတယ်။ အဲဒီအဖွဲ့အစည်းဟာ လူပေါင်း ၇၀၀လောက်ကို သူတို့ရဲ့ တောတွင်း စခန်းတွေထဲမှာ ဓားစားခံတွေအဖြစ် ပြန်ပေးဆွဲထားတယ်လို့ အယူဆ ထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG