ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် လေးဦးကို ပုဒ်မ (၄၅၁) ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ (၅၀၆) ခြိမ်းခြောက်မှု၊ ပုဒ်မ (၂၉၄) ဆဲဆိုမှုတွေနဲ့ ဇွန်လ ၂၇ ရက်နေ့က တောင်ကုတ်မြို့နယ် တရားရုံးကနေ ပြစ်ဒဏ် တနှစ်စီ ချမှတ်လိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကတော့ မတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ ကိုသန်းဌေးနဲ့ ကိုအောင်နိုင်မင်း၊ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ ကိုမိုးကျော်၊ ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခံရတဲ့ ကိုဇော်နိုင်တို့ဖြစ်ပြီး သူတို့ဟာ ဘာကြောင့်များ ဖမ်းဆီးခံထားရသလဲဆိုတာကိုတော့ ရခိုင်ပြည်နယ်စည်း တွဲဖက်အတွင်းရေးမှူး ဦးသိန်းလှိုင်က အခုလို ပြောပါတယ်။
“အဲဒီနေ့က အဲန်အယ်လ်ဒီအဖွဲ့ဝင် လေးဦးဟာ ကျနော်တို့ ရခိုင်ပြည်နယ် စည်းရုံးရေးအဖွဲ့က ထုတ်ပြန်တဲ့ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီးတော့ ဒီအပေါ်မှာ လုံး၀ ကန့်ကွက်ရှုတ်ချတယ်၊ ဆန့်ကျင်တယ် ဆိုတဲ့ စာရွက်စာတမ်းတွေကို မိမိတို့ပါတီဝင် အချင်းချင်း သိရှိနားလည်အောင် ဆိုပြီးတော့ လိုက်လံဖြန့်ဝေတဲ့အပေါ်မှာ အာဏာပိုင်တွေကနေပြီးတော့ အာဃာတ ထားပြီးတော့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။”
ဒါပေမယ့်လည်း ဖမ်းဆီးခံထားရသူတွေဟာ လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေကြောင့် ဖမ်းဆီးခံရတဲ့ ပုဒ်မ မဟုတ်ဘဲ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူတို့တွေဟာ တောင်ကုတ်မြို့နယ်တွင်းက သူတို့ရဲ့မိတ်ဆွေ ရန်မျိုး ကျေးရွာဥက္ကဌဆီ ဝင်ရောက်လည်ပတ်ရင်း အမှုဆင် ဖမ်းဆီးတာ ခံခဲ့ရကြောင်းကိုလည်း ဦးသိန်းလှိုင်က ဆက်ပြောပြပါတယ်။
“သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ရယက ဥက္ကဌအိမ်ကို ဝင်တယ်ပေါ့ဗျာ။ အဲဒီလို ဝင်တဲ့အတွက်ကြောင့်မိုလို့ အဲဒီအပေါ်မှာ ပြဿနာတွေ ဖန်တီးပြီးတော့ အဲဒီလို ဖမ်းခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် အကုန်လုံး လေးယောက်စလုံး ဝင်တာ မဟုတ်ဘူးခင်ဗျ။ နှစ်ယောက်တည်းပဲ ဝင်တာ။ ရယက ဥက္ကဌ လုပ်နေတဲ့ ရန်မျိုးရွာ ကျေးရွာဥက္ကဌနဲ့ သူတို့က အဲဒီလို ထိုင်နေတဲ့အချိန်မှာ ရဲတွေ ရှိတယ်လို့ ပြောတယ်။ အဲဒါ ဘာမှလည်း ဆဲဆိုခြင်း မရှိပါဘူး။ ထမင်းစားနေတယ်တဲ့။ ထမင်းစားနေတဲ့အချိန်မှာ သူတို့ဘေးနားမှာ သူတို့ ဥက္ကဌနဲ့ စကား အေးအေးဆေးဆေးပဲ ပြောဆိုတာပေါ့ဗျာ။ အဲဒီလို ပြောဆိုတဲ့အချိန်မှာ ခြိမ်းခြောက်မှုလည်း မရှိဘူး။ ဆဲဆိုမှုလည်း မရှိဘူး။ ဒါပေမယ့် တမင်သက်သက် သူတို့ အမှုဆင်ပြီးတော့ အဲဒီလို ရယက ဥက္ကဌကို သက်သေထားပြီးတော့ တရားစွဲခိုင်းတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိရသလောက်ကတော့ ရယက ဥက္ကဌကလည်းပဲ ထွက်ဆိုခြင်းတော့ မရှိဘူးခင်ဗျ။ သူတို့ ရှောင်ဖယ်ရှောင်ဖယ် လုပ်ပြီးတော့ အခု နောက်ပိုင်းမှာ သူက မလွှဲမရှောင်သာလို့ ထွက်ဆိုလိုက်တယ်လို့တော့ ပြောတယ်။”
ဒီလို လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးလို့ရတဲ့ ဥပဒေ ရှိပါသလား ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်း ဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကိုလည်း မေးကြည့်ခဲ့ပါတယ်။“ဆန့်ကျင်တဲ့လူကို ဖမ်းဖို့ဥပဒေ မရှိဘူး။ ဖျက်လိုဖျက်ဆီးလုပ်တာကို ဖမ်းဖို့ ဥပဒေ ရှိတယ်။”
ဒါဆိုရင် တောင်ကုတ်မြို့နယ်က အဖွဲ့ချုပ်ဝင် လေးဦးကို လူထုဆန္ဒခံယူပွဲကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ဥပဒေနဲ့ရော ဖမ်းလို့ရပါသလား လို့ မေးတော့ -
“မရဘူး။ အဲဒါကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ရှာကြံပြီးတော့ သူတို့ အပြစ်ပေးလိုက်တယ်လို့ပဲ အန်ကယ် မြင်ပါတယ်။ ဒီဥစ္စာကတော့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျနော်တို့ အာဏာပိုင်တွေ ဘယ်လိုရှုမြင်သလဲ ဆိုတာ သိတာပေါ့။ Yes လည်း ပြောနိုင်သလို No လို့ပြောတဲ့သူတွေကို ထောင်ချနိုင်တယ်ဆိုတော့ ဒီဟာက ဒါရဲ့ သရုပ်သဏ္ဍန်က ဒီမှာပဲ ပေါ်တာကိုး။ ဖမ်းဆီးခံထားရသူ လေးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုပြီးတဲ့နောက် ဇွန်လ ၂၇ ရက်နေ့က ထောင်ဒဏ် တနှစ်စီ ချမှတ်လိုက်ပါတယ်။ ဒီနောက် အခုအခါမှာတော့ သံတွဲအကျဉ်းထောင်ကို ပို့လိုက်ပြီဖြစ်ကြောင်း ဦးသိန်းလှိုင်က ပြောပြသွားပါတယ်။