သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ၉၀ရွေးကောက်ပွဲ ရလာဒ်ပျက်ပြယ်သွားပြီဟု   စစ်အစိုးရသတင်းစာတွေ ဖော်ပြ


မြန်မာနိုင်ငံက အဓိကအတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အောင်ပွဲခံခဲ့ တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်ဟာ မကြာသေးခင်က မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ မူကြမ်း အတည်ဖြစ်သွားတာကြောင့် ပျက်ပြယ်သွားပြီလို့ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေက ရေးသားဖော်ပြ လိုက်ပါ တယ်။ ဒါကြောင့်မို့လို့လည်း ဒီရလာဒ်ဟောင်းကို ဖက်တွယ်မနေပဲ လာမယ့် ရွေးကောက်ပွဲ အသစ်တွေ အတွက်သာ အလေးထား လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဆိုလိုက်ပါတယ်။ ဒါပေမဲ့လို့ အစိုးရသတင်းစာတွေရဲ့ ဖော်ပြချက်တွေဟာ ကြောင်းကျိုး မညီဘူးလို့ အန်အယ်လ်ဒီ ပါတီကတော့ ရှုမြင်ထားတာပါ။ အကြောင်းစုံကို အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်ကို ဦးအောင်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာစစ်အစိုးရက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို လူထုဆန္ဒခံယူပွဲတွေကတဆင့် တခဲနက် အတည်ပြုခဲ့ တာကြောင့် ၁၉၉၀ ပြည့်နှစ်တုန်းက အန်အယ်လ်ဒီ ပါတီ တခဲနက်အနိုင်ရခဲ့ပေမဲ့ ဒီရလာဒ်တွေဟာ ပျက်ပြယ်သွားပြီဆိုပြီး ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်တာပါ။ အန်အယ်လ်ဒီ ပါတီ အနေနဲ့ အရင်က ရွေးကောက်ပွဲ ရလာဒ်ကို ဆုပ်ကိုင်နေတာဟာလည်း အာဏာကို ဖြတ်လမ်းက အချောင်လိုက်ချင်လို့ ဖြစ်တယ်လို့လည်း စွပ်စွဲထားတာပါ။ ဒီလိုဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီရဲ့ အထူးပြန်ကြားရေး တာဝန်ခံတဦးဖြစ်တဲ့ ဦးသိန်းညွန့် ကို မေးကြည့်တဲ့ အခါမှာတော့ -

"မူအရဆိုရင်တော့ သတင်းစာက ရေးတဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ရင် သဘောထား တုန့်ပြန်လေ့မရှိပါဘူး။ ဒါပေမယ့် အခုကိစ္စမှာတော့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလာဒ်နဲ့ ပတ်သက်ပြီး ပြောလာတဲ့အခါ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ ရပ်တည် ချက်ကို ကျွန်တော် ရှင်းပြပါမယ်။ ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုတာ ပြည်သူ့ဆန္ဒကို အလေးထားရတာပေါ့။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲဟာ ပြည်သူ့ရဲ့ ဆန္ဒကို လွတ်လပ်ပြီး တရားမျှတစွာ ဆုံးဖြတ်ခဲ့တယ်ဆိုတာ အားလုံး အသိပါပဲ။ နောက်တချက်ပြောချင်တာက ပြည်သူ့ဆန္ဒကို မလေးစားရုံတင်မကဘဲ အဲဒီရွေးကောက်ပွဲကို လုပ်ခဲ့တဲ့သူတွေကပဲ ဒီနေ့အထိ အာဏာပိုင်အဖွဲ့တွေမှာ ခေါင်းဆောင်မှုတာဝန် ယူထားတယ်။ အဲဒီလို သူတို့ကိုယ်တိုင် ပြည်သူလွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ လုပ်ခဲ့တဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ ရလာဒ်လို လေးစားတယ်ဆိုတာ ပြည်သူ့ဆန္ဒကို လေးစား တာပါ။ ကိုယ်ပြဌာန်းတဲ့ ဥပဒေကို ကိုယ်လေးစားတာပါ။"

အစိုးရသတင်းစာ ဆောင်းပါးကတော့ ဒီလို ရွေးကောက်ပွဲ ရလာဒ်ဟောင်းကို ဖက်တွယ်နေတာဟာ အဓိပ္ပါယ်မရှိဘူး၊ နောက် ၂ နှစ်အကြာ ၂၀၁၀ ခုနှစ်ကျရင် အစိုးရက ကမကထလုပ် ကျင်းပပေးမယ့် ရွေးကောက်ပွဲ အသစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်သင့်တယ် ဆိုပြီးတော့လည်း ပြောထားပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ကတော့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည်ဖော်မှ ပြဿနာတွေ ပြေလည်နိုင်မယ်လို့ ဆိုပါတယ်။

"မေလ ၂၇ရက်နေ့က ရွေးကောက်ပွဲ နှစ်ပတ်လည်မှာ ကျွန်တော်တို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီမှာ ၈နှစ်မြောက် ရွေးကောက်ပွဲတုန်းက အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းကို ကျွန်တော်တို့ အထူး မီးမောင်းထိုးပြီးတော့ ဖော်ပြထားတာရှိပါတယ်။ အဲဒါက ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပြဿနာပဲ။ တိုင်းပြည်ရဲ့ အနာဂတ်ကို တလေးတစား သဘောထားရပါမယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလာဒ်ကို အရင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဘာကြောင့် အကောင်အထည် ဖော်ဖို့ လိုပါသလဲဆိုရင်။ ပြည်သူဆန္ဒကို အလေးထားဖို့ပါ။ အချက်အလက်ကို ကျွန်တော်တို့ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ထားရှိတဲ့ ဒီနေ့ သဘောထားကတော့ အခု အခြေခံဥပဒေ တရားဝင်မှု မဝင်မှုဆိုတဲ့ အခြေအနေတွေကိုလည်း အများ ပြည်သူ လက်ခံနိုင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းက ဖြေရှင်းနိုင်ဖို့ဆိုရင် လွှတ်တော်ကို ခေါ်ပေးပါ။ ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၃နဲ့အညီ ပြည်သူ့လွှတ်တော်ကို ခေါ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဥပဒေရှိပါတယ်။"

မြန်မာစစ်အစိုးရဖက်ကတော့ မေလတုန်းက ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲတွေမှာ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းနဲ့ အခြေခံ ဥပဒေ အသစ်တရပ်ကို အတည်ပြုလိုက်တယ်လို့ ပြောဆိုထားပေမဲ့ ဒီလို ကျင်းပရာမှာ မသမာမှုတွေ၊ အတင်းအကြပ် မဲရယူတာတွေ၊ ဒီမိုကရေစီ မဆန်တဲ့ လုပ်ဆောင်မှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံ အန်အယ်လ်ဒီ အပါအဝင် ဝေဖန်မှုတွေကလည်း အကြီးအကျယ် ထွက်ပေါ်ခဲ့တာပါ။ ဒီလို ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ အစိုးရဖက်ကတော့ သူ့ရဲ့ဒီမိုကရေစီလမ်းပြမြေပုံလို့ ဆိုတဲ့ မူဝါဒလမ်းစဉ် (၇) ရပ်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောနေတာပါ။ ဒီလိုသာသွားနေမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူးလို့ အန်အယ်လ်ဒီ က ဆိုပါတယ်။

"အများပြည်သူ သဘောတူညီမှုမရပဲ တဖက်သတ် ဆောင်ရွက်မယ်ဆိုရင်တော့ မမျှော်လင့်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပေါ့။ လောလောဆယ်ဆယ်မှာကို ဒီနေ့ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်း၊ နိုင်ငံရေး အကြပ်အတည်း တွေကို မဖြေရှင်း နိုင်ပဲနဲ့ ဆွေးနွေး ညှိနှိုင်းခြင်း မလုပ်ဘဲနဲ့ အင်အားသုံးပြီး ဆောင်ရွက်မှု မှန်သမျှကတော့ နောင်တချိန်မှာ အပေါင်းလက္ခဏာ မဆောင်ဘဲနဲ့ တိုင်းပြည်အတွက် အနှုတ်လက္ခဏာ အခြေအနေမျိုး ပေါ်ပေါက်လာမယ်လို့ ကျွန်တော် တို့ကတော့ မြင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ အထူးပြန်ကြားရေး တာဝန်ခံတဦးဖြစ်တဲ့ ဦးသိန်းညွန့် ဖြစ်ပါတယ်။ တကယ်တော့ အခုအစိုးရသတင်းစာ ဆောင်းပါးတွေက ပျက်ပြယ်သွားပြီလို့ ပြောနေတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ်ပေါင်း ၄၈၅ နေရာ ရှိတဲ့အထဲက ၃၉၂ နေရာမှာ ရွေးချယ်ခံခဲ့ရပြီး တခဲနက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG