ဒီနှစ်အတွင်း မြန်မာနိုင်ငံသား ၃၀၀,၀၀၀ လောက် ထိုင်းနိုင်ငံထဲကို လာရောက် အလုပ်
လုပ်ကိုင်ရင်း အဲဒီထဲက သုံးပုံတပုံလောက်ဟာ မြန်မာနိုင်ငံကို မပြန်ကြတော့ကြောင်း
ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်
မုန်တိုင်းဖြစ်ပြီး မြန်မာနိုင်ငံသား ၃၀,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံကိုရောက်လာပြီး
မြန်မာနိုင်ငံကို မပြန်ကြတော့ဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မကြာ
ခင်ကရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်သွယ်မေးမြန်းပြီး မအေးအေးမာက
တင်ပြပေးထားပါတယ်။
ဒီနှစ် နှစ်ဝက်အတွင်း မြန်မာနိုင်ငံသား ၃၀၀,၀၀၀ လောက် မြ၀တီ-မဲဆောက်
ချစ်ကြည်ရေးတံတားကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို လာရောက် အလုပ်လုပ်ကိုင်ရင်း အဲဒီ
ထဲက သုံးပုံတပုံလောက်ဖြစ်တဲ့ လူဦးရေ ၈၅,၀၀၀ လောက်ဟာ မြန်မာနိုင်ငံကို မပြန်
ကြတော့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဖြစ်ပြီး မေလနဲ့ဇွန်လအတွင်းမှာ မြန်မာနိုင်ငံသား
၃၀,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံကိုရောက်လာပြီး မြန်မာနိုင်ငံကို မပြန်ကြတော့ဘူးလို့
ပြောပါတယ်။ ထိုင်းနိုင်ငံတွင်းကို နာဂစ်မုန်တိုင်းဖြစ်ပြီး ဇွန်လအတွင်းက ရောက်ရှိလာ
ခဲ့တဲ့ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်က လယ်သမားတဦးကတော့ မြန်မာပြည်မှာ
လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီးမရှိတာရယ်၊ ချေးငှားပြီးလုပ်ရင်လည်း ကြွေးနဲ့ပဲ
လုံးခြာလည်နေတာကြောင့် ထွက်လာခဲ့ကြောင်း အခုလိုပြောပါတယ်။
"လယ်လုပ်တဲ့လူတွေအတွက် အခက်အခဲက နွေစပါးတွေ အညှောင့်ပေါက်လို့ အရင်း
အနှီးတွေ ဆုံးရှုံးကုန်တယ်။ မြေပဲတွေဆိုရင်လည်း အညှောင့်ပေါက်တယ်။ အစေ့တွေ
ဘာတွေ ပွင့်ထွက်ကုန်လို့ အရင်းတွေနဲ့ လုပ်ထားရတာ အမြတ်လည်းမရဘူး၊ အကုန်
ဆုံးရှုံးကုန်တော့ ကြွေးတွေနဲ့ နစ်သွားရတယ်။ တံငါဆိုလည်း ပိုက်တဖောင်နဲ့ လှေ
တစင်းဆိုရင် ၆၀၀,၀၀၀ လောက်ကုန်တယ်။ လယ်ကြတော့လည်း ၁၀ ဧကလောက်
လုပ်မယ်ဆိုရင် အရင်းက မနည်းသွင်းရတယ်။ မျိုးဖိုးနဲ့ စိုက်ခဆိုရင် ရှာလို့မရနိုင်ဘူး။
အရင်းရှာဖို့ကလည်း မလွယ်ဘူး။ ပြောမယ်ဆိုရင် ငွေတိုးဒဏ်ခံရတယ်။ အရင်းမရှိလို့
ရှာရမယ်ဆိုရင် ၁၀ တိုးဒဏ်ခံရတယ်။ အဲတော့ ပိုပိုနစ်သွားတာပေါ့။ လယ်လုပ်မယ်
ဆိုရင်လည်း မြေပဲတို့ ဘာတို့အတွက် စိုက်စရိတ်တွေရှာရတယ်။ ပိုက်ဆိုရင်လည်း
လေးငါးခြောက်သိန်းနဲ့ နှစ်နှစ် သုံးနှစ်ချပြီးရင် ဒီအရင်းက ဆုံးရှုံးသွားပြန်ရော။ အခုလို
နာဂစ်ဖြစ်တဲ့အခါကျတော့ ထွက်မရှာလို့ မဖြစ်တော့ဘူးဆိုပြီး ထွက်ရှာတာပေါ့။"
ထိုင်းနိုင်ငံဘက်ကို ထွက်လာတော့လည်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရကြောင်း၊
လမ်းခရီးမှာ ငွေပေးပြီး ဖြတ်ခဲ့ရကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။
"ထွက်လာတော့လည်း ခက်ခဲပါတယ်။ မှတ်ပုံတင်စစ်တယ်၊ တဂိတ်ကို ငါးရာ၊
ဟောက်လားဟိန်းလားနဲ့တောင်းတယ်။ အဲတော့ အကျိုးအကြောင်းပြောပြပြီး ဒီလိုပဲ
ခြိုးခြံပြီး တက်လာရတာပေါ့။"
မြန်မာနိုင်ငံမှာ ပညာတတ်တွေထဲကလည်း ထိုင်းနိုင်ငံဘက်ကို ထွက်လာသူတွေ ရှိကြ
ပါတယ်။ မြန်မာပြည်မှာ ပထ၀ီနဲ့ကျောင်းပြီးပြီး အလုပ်အကိုင် ရှားပါးတာကြောင့်
ဈေးရောင်းဈေးဝယ် လုပ်နေရတဲ့ ကျောင်းသူတဦးကတော့ ထိုင်းနိုင်ငံမှာ အလုပ်
လုပ်ရတာ မြန်မာနိုင်ငံထက်စာရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။
"အလုပ်အကိုင်ကလည်း မကောင်းဘူး။ ဈေးကလည်း အပြင်မှာ ပျံကျဈေးအနေနဲ့
ရောင်းရတယ်။ ရောင်းတဲ့အခါ အဆင်မပြေဘူး၊ အဆင်မပြေလို့ တက်လာတယ်။
ဒီဘက်မှာကျတော့ အဆင်ပြေပါတယ်။"
ဧရာဝတီတိုင်း ၀ါးခယ်မက လယ်သမားတဦးကတော့ မြန်မာနိုင်ငံမှာ လယ်လုပ်လို့
ရနိုင်တဲ့ငွေကြေးနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင် ရနိုင်မယ့်ငွေကြေးကို နှိုင်းယှဉ်ပြီး
ပြောသွားပါတယ်။
"ကျနော်တို့ လယ်သူရင်းငှားတယောက် ကိုယ့်လုပ်အားနဲ့ကိုယ် မြန်မာပြည်မှာလုပ်မယ်
ဆိုရင် နွေရော မိုးရောမှ ၂၀၀,၀၀၀ လောက်ရတယ်။ အခုဒီမှာ တလကို ဗမာငွေနဲ့
၈၀,၀၀၀ လောက်ရမယ်ဆိုရင် ကျနော်တို့အတွက် နည်းနည်းပိုလာမယ်ပေါ့။ အဲဒီလို
တွက်ပြီး ထွက်လာတာပါ။"
မြန်မာပြည်ကထွက်လာတဲ့သူတွေကို စက်ရုံနဲ့ ပန်းရန်လုပ်ငန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်း
တွေမှာ အလုပ်ရှာဖွေပေးနေသူ၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးဖြစ်တဲ့
ကိုအောင်ဒင်ကလည်း ထိုင်းနိုင်ငံမှာရတဲ့ ၀င်ငွေဟာ မြန်မာနိုင်ငံကထက်စာရင်
လုံလောက်မှုရှိပြီး တယောက်လုပ်ရင် နှစ်ဦးလောက် စားလို့ရတာကြောင့် သူတို့
အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။
“အခုဒီမှာ ပန်းရန် အလုပ်ကြမ်းသမားတယောက်ဆိုရင် တရက်ကို ၈၀ ပေးတယ်။
စက်ရုံမှာဆိုရင်လည်း ၈၀-၉၀ ပေးတယ်။ တယောက်လုပ်စာက နှစ်ယောက်စားလို့
ရတယ်။ နှစ်ရက် သုံးရက် စားလို့ရတယ်။ သူတို့အနေနဲ့ အားလုံးအဆင်ပြေမှုရှိတယ်
ပေါ့။ နှစ်ယောက်လုပ်ရင် တယောက်စာစုမိတယ်။ ၈၀ က ဗမာငွေ ၃,၀၀၀ ရှိတယ်။”
ထိုင်းနိုင်ငံကို အခု တလနှစ်လအတွင်း မြန်မာနိုင်ငံသား အလုပ်လာလုပ်သူတွေ ပို
များများလာကြပြီး စားဝတ်နေရေး အဆင်မပြေတာကြောင့်ရော နာဂစ်မုန်တိုင်းဖြစ်ပြီး
နေထိုင်ရပ်တည်လို့ မရတော့တာကြောင့်ပါဖြစ်တယ်လို့ အလုပ်လာလုပ်သူတွေက
ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ ၁၀ နှစ်ခံ နေထိုင်ခွင့်လက်မှတ်တွေ လုပ်ပေး
နေတယ်ဆိုတဲ့ သတင်းကြောင့်လည်း တနေ့တနေ့ ထိုင်းကိုလာပြီး အလုပ်လာလုပ်သူ
တွေဟာ ပိုမိုများပြားလာနေပါတယ်။ တရားဝင် မြ၀တီ-မဲဆောက် တံတားကသာမက
တရားမ၀င်တဲ့ ဂိတ်တွေကရော တောလမ်းတွေကပါ ၀င်ရောက်လာသူတွေများနေပြီး
ထိုင်းနိုင်ငံဘက်ကလည်း နေ့စဉ်ဖမ်းဆီးပြီး ပြန်ပို့ဆောင်တာမျိုးတွေ လုပ်နေပါတယ်။
ထိုင်းနိုင်ငံဘက်ကလည်း အခုလို ပြန်လည်ပို့ဆောင်တာအပြင် ဖမ်းဆီးပြီး အရေးယူ
တာမျိုးတွေ၊ ထောင်ချတာမျိုးတွေ လုပ်နေပေမယ့် မြန်မာဘက်ခြမ်းကလာပြီး အလုပ်
လာလုပ်တဲ့ မြန်မာနိုင်ငံသားဦးရေကိုတော့ ထိုင်းနိုင်ငံဘက်က ဟန့်တားနိုင်တာမျိုး
မရှိသေးပါဘူး။