သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသမဂ္ဂဖြိုဖျက်မှု ၄၆နှစ်ရှိခဲ့ပြီ


လွန်ခဲ့တဲ့ ၄၆နှစ်က ဒီလိုနေ့မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကနေ သူတို့ရဲ့ ကျောင်းသား အခွင့်အရေး တွေရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို မြန်မာ့ တပ်မတော်က အကြမ်းဖက်ပစ်ခတ်ပြီး ဖြေရှင်းခဲ့လို့ သေဆုံးမှုတွေဖြစ်ခဲ့ ပြီး နောက်တနေ့ မနက်ပိုင်းမှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို မြန်မာ့ တပ်မတော်ကပဲ ဗုံးခွဲဖျက်စီးခဲ့တဲ့ အထိ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီကနေ့ကို Seven July, ဇူလိုင် ၇ရက် ကျောင်းသားလှုပ်ရှားမှုနေ့ အဖြစ် လူသိများလာခဲ့ပြီး ကျောင်းသူကျောင်းသားတွေနဲ့ စစ်တပ်နဲ့ကြားက မပြေလည်မှုတွေဟာလည်း အဲဒီအချိန်ကပဲ ပီပီ ပြင်ပြင် စတင်လာခဲ့တယ် လို့ဆိုရမှာပါ။

ဒီကနေ့ကျရောက်တဲ့ ၄၆နှစ်မြောက် Seven July အထိမ်းအမှတ်နဲ့ပါတ်သက်ပြီးပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားကြသူ တွေကတော့ အထိမ်းအမှတ်အခန်းအနားတွေကြေညာချက်ထုတ်ပြန်တာတွေလုပ်ကြပါတယ်။ ဒီအကြောင်း ဦးကျော် အောင်လွင်က တင်ပြပေးပါတယ်။

၁၉၆၂ခုက စစ်အာဏာသိမ်း အစိုးရက ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေကို မလိုက်ရောပဲ အကြမ်းဖက် သတ်ဖြတ်မှု တွေနဲ့ တုန့်ပြန်ခဲ့လို့ သမိုင်းနဲ့ ချီပြီး ဖြစ်လာခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်နဲ့ ကျောင်းသားလှုပ်ရှားမှု အဆက်ဆက်ကြားက ပြ ဿနာတွေဟာ အခုထိ ကျေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။ ကျောင်းသူကျောင်းသားတွေကို သတ်ဖြတ် ထောင်ချ အပစ်ပေးဖို့ အမိန့်ပေးခဲ့တဲ့ သူတွေ တချို့ရော။ အပစ်ကျခံခဲ့ရတဲ့ ကျောင်းသူကျောင်းသား တချို့နဲ့ မိဘတချို့လည်း ကွယ်လွန် ခဲ့ကြပြီဆိုပေမယ့်။ ဒီအဖြစ်အပျက်တွေဟာ မှေးမှိန် ပျောက်ကွယ် မသွားပဲ ဆက်ပြီးှ ရှင်သန်နေတယ်လို့ပဲ ဆိုရမှာပါ။ အခုဆိုရင်ပဲ စစ်အာဏာပိုင်တွေ အဆက်ဆက် ကျောင်းသား ပြည်သူတွေအပေါ် သတ်ဖြတ်။ အကျဉ်းချခဲ့မှု တွေဟာ ပြစ်မှုကျုး လွန်တာတွေပဲဖြစ်ပြီး ဒီကိစ္စတွေကိုလည်း အစိုးရ အဆက်ဆက် ဖေါ်ထုတ် စစ်ဆေးတာတွေ မလုပ်ခဲ့လို့ ပြစ်မှုဆိုင်ရာ နိုင်ငံတ ကာတရားရုံးကို တိုင်ကြား အရေးယူသွားဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရှေ ့နေများကောင်စီ BLC က ဇူလိုင် ၇ရက်နေ့ မှာတိုက်တွန်းလိုက်ပါတယ်။ အဲဒါကြောင့် BLC အဖွဲ့က ရှေ့နေဦးမျိုးကို ကျွန်တော ်ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

"စစ်အာဏာပိုင် အဆက်ဆက်က ဒီလိုပြစ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုကျွန်တော်တို့ မျက်ကွယ် ပြုထားမယ်ဆိုရင် နောက် ပိုင်း သူတို့ကို ကျုးလွန်ပိုင်ခွင့်ဆိုတဲ့ လိုင်စင် ပေးထားသလိုဖြစ်နေမယ်။ ကျွန်တော်တို့ ကျောင်းသား ပြည်သူတွေဘက်က နစ်နာ ဆုံးရှုံးမှုတွေ ရှေ့ဆက် မဖြစ်ရအောင်ဆိုပြီး ကျွန်တော်တို့က စစ်အာဏာပိုင်တွေရဲ့ ့လှုပ်ရှားမှုတွေကို ဖေါ်ထုတ်ပြီး အရေးယူသွားရင် တစုံတရာ ပြည်သူလူထုဘက်က နစ်နာ ဆုံးရှုံးမှုတွေဟာ ကုစားမှုလည်း တစုံတရာ ရလာနိုင်တယ်။ ပြီးတော့ သူတို့ရဲ ့ လုပ်ရပ်တွေဟာလည်း ရပ်တန့် သွားနိုင်တယ်ခင်ဗျ။"

လက်ရှိ အခြေအနေတွေမှာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေပြီး အရေးယူ ဆောင်ရွက်ဖို့ အခြေအနေတွေဟာ ဖြစ်နိုင်ခြေတွေ ဘယ်လောက် ရှိပါလဲခင်ဗျ။

"၂၀၀၂ ဇူလိုင်နောက်ပိုင်းမှာ ဖြစ်တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ ရှင်းပါတယ်။ အရေးယူ ဆောင်ရွက်ဖို့က လွယ်ပါ တယ်။ ဒါပေမယ့် ၂၀၀၂ ဇူလိုင်ရဲ့ အရှေ့မှာ ဖြစ်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာ ရာဇဝတ် တရားရုံးက လက်ခံတယ်ဆိုတဲ့ စီရင်ပိုင်ခွင့် အာဏာကို ဖော်ပြထားတာရှိပါတယ်။ ၂၀၀၂ ဇူလိုင်ရှေ့မှာ ဖြစ်ခဲ့တဲ့ ပျောက်ဆုံးသွားတယ်။ ဥပမာ အရေးအခင်းတခုမှာ သတ်ဖြတ်ပစ်တယ်။ စာရင်းဇယားမရဘူးခင်ဗျ အတိအကျ။ အခုဇူလိုင်၇ရက်နဲ ့ပါတ်သက်ပြီး စာရင်းဇယားတွေနဲ့ လိုက်တဲ့ အခါ ပျောက်ဆုံးနေတဲ့ စာရင်းဟာ ကိုအောင်ထွန်းရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းထဲမှာ လေးဆယ်လောက်ပဲတွေ့တယ်။ ဒါထက်မကဘူး အများကြီးရှိတယ်။ ပျောက်ဆုံးသွားတဲ့စာရင်းတွေကို ပြည်သူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေက လိုက်လံစုစည်းပြီးတော့ တရားရုံးဆွဲ တင်လို့ရနိုင်ပါတယ်ခင်ဗျ။ အဲဒီအတွက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရှေ့နေများ ကောင်စီနဲ့ Global justice ကို တင်တယ်ပေ့ါဗျာ။ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်။ ဒီလိုပဲ တခြားခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တရားရုံးမှာတင်နိုင်အောင် ကြိုးစားကြဖို့ ကျွန်တော်တို့ BLCက ဦးဆောင်ဦးရွက်လုပ်ပြီးတော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ခင်ဗျ။"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နိုင်ငံခြားရေးရာ တာဝန်ခံကိုမင်းနိုင်ကလည်း မြန်မာပြည်မှာ စစ်အာဏာရှင်ရှိနေသရွေ ့ကျောင်းသားလှုပ်ရှားမှုတွေရှိနေဦးမှာပဲလို့ဆိုပါ တယ်။

" ၇ ဇူလိုင် အရေးအခင်းကနေ စလိုက်မယ်ဆိုရင် ဒီခေတ်မှာ ကျောင်းသားလှုပ်ရှားမှုတွေက ရပ်တန့်ခဲ့တာ မတွေ့ပါဘူး။ ဘယ်တော့မှလည်း ရပ်တန့်သွားမယ်လို့ ကျွန်တော်တို့ မယူဆဘူးခင်ဗျ။ ၆၂ကစမယ်ဆိုရင် ၇၄၊ ၇၅၊ ၇၆လို သမိုင်းတွေ ရှိခဲ့တယ်။ နောက် ၈၈ ကျောင်းသားလှုပ်ရှားမှုတွေရှိခဲ့တယ်။ နောက်ဆုံး စက်တင်ဘာ လှုပ်ရှားမှုနဲ့တွဲတဲ့ ကျောင်းသားလှုပ်ရှားမှုတွေက တောက်ရှောက်ရှိခဲ့တယ်။ ကျောင်းသား သမဂ္ဂပေါ်ပေါက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ် မရှိမှ ဖြစ်မယ်။ ဒီ စစ်အာဏာရှင်စနစ်ရှိနေသ၍ကတော့ ကျောင်းသားလှုပ်ရှားမှုတွေက ဆက်ပြီးတော့ ရှိနေဦးမှာပဲလို့ ကျွန်တော် ပြောချင်ပါတယ်။"

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဌ ကိုအောင်မိုးဇော်ကလည်း ကျောင်းသားလှုပ်ရှားမှုတွေဟာ သမိုင်းနဲ့ချီပြီးအခိုင် အမာရှိလာတာကြောင့် ပျောက်ပျက်အောင်လုပ်လို့မရနိုင်ဘူးလို့ဆိုပါတယ်။

"ဇူလိုင်၇ရက် စိတ်ဓာတ်ဆိုတာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ စိတ်ဓာတ်ပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် စပြီး အခြေချဖို့ ကြိုးစားတဲ့အချိန်မှာ ကျောင်းသားတွေက ဒါတွေဟာ စစ်အာဏာရှင် စနစ်ဖြစ်တယ်၊ စစ်အာဏာရှင် စနစ်ဆိုတာကို အမြစ်ကလှန်ရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့ ပွဲလည်းဖြစ်တယ်။ အဲဒီ ဇူလိုင် ၇ရက် စိတ်ဓာတ်ကို ယနေ့အချိန်အထိ ကျောင်းသား မျိုးဆက် အဆက်ဆက်က ကိုင်ဆွဲတုန်းပဲဖြစ်တယ်။ စက်တင်ဘာ လှုပ်ရှားမှုအထိ ဆက်လက် တိုက်ပွဲဝင်နေတယ်။ နောက်ထပ် မျိုးဆက်သစ် ကျောင်းသားတွေကလည်း အဲဒီ စိတ်ဓာတ်နဲ့ အပြီးကိုင်ပြီး ဆက်ကြိုးစားသွားဦးမယ်လို့ ကျွန်တော် ယုံကြည်တယ်။"

လက်ရှိအခြေအနေတွေမှာလည်း ကျောင်းသားလှုပ်ရှားမှုတွေကို စစ်အစိုးရဘက်က မျက်ခြေမပြတ်စောင့်ကြည့်ပြီးဖိနှိပ်နေ သလိုပဲ ကျောင်းသူကျောင်းသားတွေဘက်ကလည်း အခွင့်အခါအလိုက်စစ်အစိုးရဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးတွေကို တောင်းဆိုနေကြတုန်းပါ။ အကျဉ်းထောင်တွေထဲမှာလည်း ကျောင်းသားခေါင်းဆောင်တွေကိုနှစ်ရှည်ဖမ်းဆီးထားဆဲဖြစ် သလို သူတို့အားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာကလည်းတောင်းဆိုနေကြပါတယ်။ ၁၉၆၂ ဇူလိုင်၇ ရက်ကစခဲ့ တဲ့ဇာတ်လမ်းဟာ ဒီကနေ့အထိ အဆုံးသတ်လို့မရနိုင်သေးဘူးလို့ပဲပြောရမှာပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG