သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် မလေးရှားတွင် ဆန္ဒပြ


အစိုးရက ပိတ်ပင်ထားပေမဲ့၊ မလေးရှား ထောင်ပေါင်းများစွာဟာ ငွေဖောင်းပွမှု နဲ့ မကြာမီက လောင်စာဆီ ဈေးနှုန်း မြင့်မားမှုတွေ အပေါ် ကန့်ကွက် ဆန္ဒပြကြဖို့ အားကစားကွင်းမှာ စုရုံးခဲ့ကြပါတယ်။ မလေးရှားမှာ လွန်ခဲ့တဲ့ အပတ်အတွင်း နိုင်ငံရေး တင်းမာမှုက ကြီးထွား လာနေခဲ့တာ ကို ဂျာကာတာမြို့ မှ Chad Bouchardက သတင်းပေးပို့ထားပါတယ်။ ဦးတင်မောင်သန်းက တင်ပြပေးပါတယ်။

ပြီးခဲ့တဲ့လက ဓာတ်ဆီဈေးနှုန်း ၄၀ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တာကို အစိုးရက အဆုံးသတ်ပေးဖို့ ဆန္ဒပြသူတွေ ဟာ ကွာလမ်လမ်ပူမြို့၊ ဆင်ခြေဖုံးက အားကစားကွင်း တစ်ခု မှာ စုရုံးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ပြုပြင်ပြောင်းလဲဖို့ ကြွေးကြော် နေကြတာပါ။ မတ်လ ရွေးကောက်ပွဲမှာ အာဏာရ အစိုးရ ရခဲ့တဲ့ မဲက စိတ်ပျက်လောက်ဖွယ် ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရအတွင်း အပြောင်းအလဲတွေ လုပ်ဖို့ တိုးတိုးပြီး တောင်းဆိုနေခဲ့ကြပါတယ်။ အခု ကြွေးကြော်သံတွေ က အဲဒီ တောင်းဆိုချက်တွေကို ပဲ့တင်ထပ် တောင်းဆိုတာပါ။

အဲသလို စုဝေးဆန္ဒပြတာ ကို ဗဟို အစိုးရက အစက ပိတ်ပင်ထားခဲ့ပါတယ်။ စည်းရုံးသူတွေမှာ လိုအပ်တဲ့ ခွင့်ပြုမိန့် မရှိကြဘူးလို့ အစိုးရက ပြောပါတယ်။

အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim ဟာ ဆန္ဒပြသူတွေကို မိန့်ခွန်း ပြောလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ သူ့ လက်ထောက် တစ်ဦးက သူ့အပေါ် လိင်တူ ဆက်ဆံခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် မစ္စတာ အန်ဝါဟာ တူရကီ သံရုံး မှာလွန်ခဲ့တဲ့ တစ်ပတ်က ခိုလှုံခဲ့ပါတယ်။

အစိုးရကို ထောက်ခံတဲ့ ပါတီရဲ့ ဥက္ကဌ Abdul Azeez Abdul Rahmanက မစ္စတာ အန်ဝါ ဟာ လူထု ကို နိုင်ငံရေး ကစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

လိင်တူ ဆက်ဆံတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံချက်ကို လူသိရှင်ကြား ရှုတ်ချတာမျိုးလို ပုဂ္ဂိုလ်ရေး အကြောင်းတွေ အတွက် လူထု အစည်းအဝေးကြီးတွေ ကျင်းပတာကို မစ္စတာ အန်ဝါ ရပ်သင့်ပါပြီလို့ သူက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ဆန္ဒပြပွဲ ကို ရပ်ဆိုင်းဖို့ လိုအပ်ရင် စစ်တပ် ကို ခေါ်ဖို့ အစီအစဉ် ရှိတယ်လို့ ရဲချုပ် က ပြောပါတယ်။

အဲသလို စစ်သားတွေ ချထားဖို့ ခြိမ်းခြောက်တာကို လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ S. Sivanesan က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

"ရဲက စစ်တပ်ကို ခေါ်မယ်လို့ ခြိမ်းခြောက်တာ၊ အဲသလို ကိစ္စတွေ လုပ်ဆောင်လာတာ .. ဒီ အဆင့်အထိ ဖြစ်လာတာ ကျွန်တော်တို့ တွေ့ခဲ့ရသမျှ အနက် ဒါက ပထမဆုံး အကြိမ်ပါပဲ။ အရင်က မရှိခဲ့ပါဘူး။ အရပ်သားတွေ ကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တစ်ရပ် အတွက် လူအုပ်ကို ထိန်းသိမ်းဖို့ စစ်တပ်ဟာ မပါဝင် မပတ်သက် နိုင်ပါဘူး။ ၀၀်တပ်က ဝင်ပါစရာ အကြောင်း မရှိပါဘူး။ ဒါက လူထု ကို ခြိမ်းခြောက်ဖို့ပဲ ဖြစ်ပါတယ်။"

လူထု ဆန္ဒပြပွဲ က ညနေပိုင်းအထိ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ပြီးသွားပါတယ်။ ရဲ အနည်းငယ် က ကားတွေ နဲ့ ပဲ ကင်းလှည့်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG