အီရန် နျူကလီးယားအစီအစဉ်ရဲ့ အဓိကကျတဲ့
အစိတ်အပိုင်းကို ဖျက်သိမ်း၊ ရုပ်သိမ်းပေးရင်
ဘဏ္ဍာရေး၊ သံတမန်ရေး ကူညီပံ့ပိုးမှုတွေ
ပေးမယ်လို့ နိုင်ငံတကာက ကမ်းလှမ်းထားမှုအပေါ်
မှာ ဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာ အီရန်အရာရှိတွေ
ကြားမှာ အငြင်းအခုံ ဖြစ်နေပုံရတယ်လို့ အမေ
ရိကန်ပြည်ထောင်စုက မနေ့က ပြောဆိုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ
ပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack)
က မနေ့ကပြောကြားခဲ့ရာမှာ နိုင်ငံတကာက မက်လုံးပေး ကမ်းလှမ်းမှုတွေအပေါ် အီရန်
ဘက်က အစပျိုးတုံ့ပြန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့
အကောင်းဆုံးတုံ့ပြန်မှု ပေးရေးအတွက် အီရန်အရာရှိတွေ အလေးအနက် ဆွေးနွေးခဲ့
ကြတာကို လတ်တလော အီရန်ရဲ့ ကြေညာချက်တွေက ညွှန်ပြခဲ့တာဖြစ်တယ်လို့
မက်ကောမက်က ဆိုပါတယ်။
နိုင်ငံတကာ မက်လုံးပေးကမ်းလှမ်းမှုကို အီရန်ရဲ့ အကြောင်းပြန်ကြားချက်ကို အီရန်က
ဥရောပသမဂ္ဂ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဟာဗီးယား ဆိုလားနား
(Javier Solana) ကို သောကြာနေ့က ပေးအပ်ခဲ့ပါတယ်။ အင်အားကြီး ၆ နိုင်ငံဖြစ်တဲ့
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းအရာရှိ
ကြီးတွေ ဗွီဒီယိုကွန်ဖရင့်နဲ့ အီရန်ရဲ့တုံ့ပြန်ချက်အပေါ် မနေ့က ဆွေးနွေးသုံးသပ်ခဲ့ကြ
တယ်လို့လည်း မက်ကောမက်က ဆိုပါတယ်။
အီရန်ရဲ့တုံ့ပြန်ချက်ဟာ ရှုပ်ထွေးပြီး ခက်ခဲတယ်လို့ အီးယူ မူဝါဒရေးရာ အကြီးအကဲ
မစ္စတာဆိုလားနားက ပြောပါတယ်။ ဒီလမကုန်ခင် သူ့အနေနဲ့ အီရန် နျူကလီးယား
ဆွေးနွေးညှိနှိုင်းရေးမှူး ဆာယိဒ် ဂျာလီလီ (Saeed Jalili) နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်
တယ်လို့လည်း မစ္စတာဆိုလားနားက ပြောပါတယ်။