သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရလက်အောက် မြန်မာအမျိုးသမီးများ၏ဒုက္ခ ဗြိတိန်ပါလီမန်မှာ တင်ပြမည်


မြန်မာစစ်အစိုးရလက်အောက်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လို ဒုက္ခခံစား
နေကြရသလဲဆိုတာကို ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိသျှပါလီမန်မှာ မြန်မာအမျိုး
သမီး၃ ယောက်က တင်ပြဆွေးနွေးကြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်း
သား မိသားစုတွေရဲ့ဘဝ၊ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ အခြေအနေနဲ့ နယ်စွန်
နယ်ဖျားတွေက အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်တွေက လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အမျိုးသမီးလေး ၃ ယောက်က မီးမောင်းထိုး ပြောပြကြမှာ
ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေရဲ့ ဘဝတွေကို နိုင်ငံတကာက ပိုပြီးအာရုံစိုက်
လာစေဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ စီစဉ်
ပေးမှုနဲ့ ဗြိတိန်ရောက် မြန်မာအမျိုးသမီးများအဖွဲ့က အမျိုးသမီး ၃ ယောက်ကနေပြီး
ဗြိတိန်ပါလီမန်မှာ အမျိုးသမီးတွေရဲ့အရေးကို ဇူလိုင်လ ၁၅ ရက်နေ့မှာ တင်ပြကြမှာ
ဖြစ်ပါတယ်။ အမျိုးသမီး ၃ ယောက်က သီးခြားခေါင်းစဉ် အကြောင်းအရာတွေကို
ပြောပြကြမယ့်အထဲမှာ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အဓိကထား ပြောပြမယ့် မယုဝါလှိုင်က ဘာကြောင့် ဒီ
ခေါင်းစဉ်ကို ရွေးပြီးပြောမှာလဲဆိုတာကို ခုလိုပြောပြပါတယ်။

“အဓိကကတော့ ကရင်၊ ကယား၊ ကရင်၊ ချင်းတွေရဲ့ နယ်စပ်ကနေပြီး ထိုင်းနယ်စပ်တို့၊
တရုတ်နယ်စပ်တို့ အဲလိုနယ်စပ်ကြားထဲမှာရှိတဲ့ မိန်းကလေးတွေရဲ့အဖြစ်ကို အဓိက
ပြောချင်တာပါ။ ကျမတို့ မြန်မာနိုင်ငံမှာ မိန်းကလေးတွေဟာ တကယ့် လူ့အခွင့်အရေး
အပြည့်မရဘူး။ ကရင်ပြည်နယ်၊ ကယားပြည်နယ် တကယ့်နယ်တွေမှာဆိုရင်
တော်တော်ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေ အများကြီးပါ။ အဲဒါကြောင့် ကျမက
ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ။

“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မိန်းကလေးတွေရဲ့အဖြစ်က တော်တော်ဆိုးတယ်ပေါ့
လေ၊ မြန်မာနိုင်ငံမှာနေရတာ။ လူ့အခွင့်အရေးခံစားခွင့် အပြည့်အဝမရလို့ ကျမ
ဒီမိန်းကလေးတွေအကြောင်းကို ပြောလိုက်တာ။ ကယ်တင်မယ့်လူလည်း မရှိဘူး။
ဒါကြောင့် ဗြိတိသျှအစိုးရကလည်း သိရအောင်လို့။ မြန်မာမိန်းကလေးတွေက ဘယ်လို၊
ဘယ်လောက်အထိ ဒုက္ခရောက်နေလဲဆိုတာ။ သူတို့မှာ လူကုန်ကူးခံရတဲ့အပြင် နအဖ
စစ်အစိုးရက သူတို့ကိုလည်း အဓမ္မ လိင်ဆက်ဆံခြင်းကို ပြုလုပ်တယ်ပေါ့။ သူတို့ရဲ့ဆန္ဒ
မပါဘဲ အတင်းအဓမ္မလုပ်တဲ့ကိစ္စတွေကို မြန်မာအမျိုးသမီးတွေက ခံနေရတာ။ သူတို့မှာ
ငြင်းဆိုခွင့်လည်းမရှိဘူး၊ ဆန့်ကျင်မှုလည်း လုပ်လို့မရတဲ့အဖြစ်ကို မြန်မာအမျိုးသမီး
တွေက ခံစားနေရတာ။ ဒါကို နိုင်ငံတကာက သိအောင်ဆိုပြီး ကျမ ဒီခေါင်းစဉ်ကို
ရွေးလိုက်တာ။”

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်က တိုင်းရင်းသား အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုနဲ့
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို စနစ်တကျ ပြုလုပ်နေတယ်ဆိုပြီး ဒီအပေါ်မှာ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူသင့်တယ်ဆိုတဲ့ ခေါင်းစဉ်ကိုလည်း
နောက်ထပ် အမျိုးသမီးတယောက်က ပြောပြပါလိမ့်မယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားရင်း ထောင်ကျ
နေသူတွေရဲ့ မိသားစုဘ၀ အခြေအနေတွေကိုလည်း ပြောပြကြမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို အဓိကထား ပြောပြမယ့်သူကတော့ လက်ရှိထောင်ကျနေတဲ့
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန် ဖြစ်ပါတယ်။

“သမီးပြောမယ့်အကြောင်းအရာက သမီးရဲ့ မိသားစုဘဝပေါ့။ သမီးငယ်ငယ်တုန်းက
အဖေနဲ့ ဘယ်လိုမတွေ့ခဲ့ရဘူးဆိုတဲ့အကြောင်း၊ အဖေက သမီးငယ်ငယ်ကတည်းက
ထောင်ကျသွားပြီးတော့ ပြန်ထွက်လာပေမယ့်လည်း နောက်တခါ ထောင်ကျတယ်
ဆိုတဲ့အကြောင်း၊ သမီးမွေးပြီး ငါးလကတည်းက အဖေက ထောင်ကျသွားလို့ သမီး
အဖေကို မတွေ့ခဲ့ရဘူး။ သမီးအသက် လေးနှစ်လောက်အရွယ်ကျတော့မှ အဖေ့ကို
တွေ့ခဲ့ရတယ်။ အဲဒါကလည်း အင်းစိန်ထောင်မှာ သွားတွေ့ခဲ့ရတာ။ ဆိုတော့ သမီး
အဖေနဲ့ သမီးနဲ့ကြားမှာ သူများမိသားစုတွေလို ယုယကြင်နာမှုဆိုတာ မရှိခဲ့ဘူး။
စကားပြောတာလောက်ပဲရှိတယ်။

“အဖေတို့၊ သမီးတို့ မိသားစုတခုတည်း မဟုတ်ပါဘူး။ တခြားမှာလည်း မိသားစုတွေ
အများကြီးရှိတယ်။ အဲဒီလိုပဲ အမျိုးသမီးတွေကလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရဖို့
အတွက် သူတို့လည်း ဘယ်လိုကြိုးစားနေရတယ်၊ မနီလာသိန်းတို့ မမီးမီးတို့ အဲဒီဘက်
ကိုဦးတည်ပြီး သမီးက ပြောထားတယ်။”

ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားရင်း ထောင်ချခံရ ဒါမှမဟုတ်လည်း တိမ်းရှောင်နေ
ရတဲ့ အမျိုးသမီးလှုပ်ရှားသူတွေ မိသားစုဘဝကိုရင်းပြီး ပေးဆပ်နေကြရတဲ့ အကြောင်း
ကိုလည်း မဝေနှင်းက ပြောပြမှာပါ။

“မနီလာသိန်း သူ့ရဲ့မိသားစုနဲ့ ဘယ်လိုခွဲသွားရတယ်ဆိုတဲ့အကြောင်း၊ သူ အခုထိ
သူ့သမီးနဲ့ တွေ့ခွင့်မရှိဘူးဆိုတဲ့အကြောင်း၊ ပြီးတော့ မမီးမီးအကြောင်းကိုလည်း သမီး
ပြောထားတယ်။ မနီလာသိန်းတို့ မမီးမီးတို့ဆိုတာလည်း ၈၈ မျိုးဆက် ကျောင်းသား
အဖွဲ့ဝင်တွေပါပဲ။ သူတို့လည်း သမီးအဖေ ကိုမြအေးတို့ ကိုမင်းကိုနိုင်တို့နဲ့ လက်တွဲပြီး
လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေပါပဲ။”

ညီမတို့က ဗြိတိသျှပါလီမန်မှာ အခုလို နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ
အကြောင်း၊ အမျိုးသမီးတွေရဲ့အကြောင်း ပြောပြမယ်ဆိုတော့ ညီမတို့ရဲ့ အဖြစ်အပျက်
တွေကို ကြားသွားတဲ့ ဗြိတိန်ကအမတ်တွေက ဘယ်လိုမျိုး အကူအညီတွေ ပေးလာဖို့
ကိုရော မျှော်လင့်ပါသလဲ။

“သူတို့ မြန်မာနိုင်ငံအကြောင်း ပိုသိလာတဲ့အခါကျတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက
မြန်မာအမျိုးသမီးတွေကို ထောက်ခံမှုတွေ၊ အားပေးမှုတွေ၊ ကူညီမှုတွေ ရလာနိုင်မယ်
လို့ သမီးတို့ မျှော်လင့်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန်က ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိန်ပါလီမန်မှာ ပြောပြမယ့်အချက်
တွေကို ရှင်းပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လူကုန်ကူးခံနေရတဲ့ကိစ္စ၊ နယ်စပ်ဒေသတွေမှာ အစိုးရ
စစ်တပ်တွေရဲ့ အဓမ္မပြုကျင့် ခံနေရတဲ့ကိစ္စတွေ ရပ်သွားအောင် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာတဝန်းမှာရှိကြတဲ့ မြန်မာအမျိုးသမီး
များအရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG