သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေအရေး လုံခြုံရေး ကောင်စီဆုံးဖြတ်ချက် တရုတ် နဲ့ ရုရှား ပယ်ချ


ဇင်ဘာဘွေနိုင်ငံအစိုးရအဖွဲ့၊ သမ္မတနဲ့ သူ့ရဲ့အတွင်းလူတွေအပေါ်မှာ ပိတ်ဆို့ အရေးယူတာတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သံတမန်ရေး အငြင်းအခုန်တွေလည်းဖြစ်၊ လုံခြုံရေး ကောင်စီမှာလည်း အကွဲအပြားတွေ ဖြစ်ခဲ့ပြီးတော့ အမေရိကန် ပြည်ထောင်စုက မူကြမ်းရေးဆွဲတဲ့ ဆုံးဖြတ်ချက်အပေါ်ကို မဲခွဲခဲ့ကြတာပါ။ ကုလသမဂ္ဂရုံးချုပ်ကနေ ဗွီအိုအေ သတင်းထောက် မာဂရက် ဗက်ရှီယာ (Margaret Besheer) သတင်းပေးပို့ ထားတာကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

ဇင်ဘာဘွေအရေး လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ကြတော့ အဖွဲ့ဝင် ၉ နိုင်ငံက ထောက်ခံပြီးတော့ ၅ နိုင်ငံက ကန့်ကွက်၊ တနိုင်ငံကတော့ ကြားနေခဲ့ပါတယ်။ ဒါပေမယ့် ကန့်ကွက်မဲ ၅ မဲထဲမှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကြောင့် ဒီဆုံးဖြတ်ချက် အကြုံးမဝင်ဘူး ဖြစ်သွားတာပါ။

အခုချိန်မှာက ဇင်ဘာဘွေနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ မလုပ်သင့်ဘူးလို့ မကြာခင်ကပဲ ကျင်းပပြီးစီးသွားတဲ့ အာဖရိက သမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲမှာ ရှင်းရှင်းလင်းလင်း ပြောသွားပါတယ်။ ဒီ အာဖရိကသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အလေးထားရ ပါမယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ် ဂွမ်ဂျား (Wang Guangya) က ပြောသွားပါတယ်။ သူ ဆက်ပြောသွားတာက အရေးယူပိတ်ဆို့လို့လည်း သမ္မတ ရောဘတ်မူဂါဘီရဲ့ ZANU-PF ပါတီနဲ့ အတိုက်အခံ ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်ရေး MDC ပါတီတို့အကြား အစပျိုး ဆွေးနွေးညှိနှိုင်းမှုတွေကိုပဲ သွားထိခိုက်ပါလိမ့်မယ်လို့ ပြောသွားပါတယ်။

စကားပြန်ကတဆင့် သူ ပြောသွားတဲ့အထဲမှာတော့ -

“တရုတ်အစိုးရက ပြဿနာတခုအတွက် အဖြေရှာဖို့ အကောင်းဆုံး နည်းလမ်းတွေ အသုံးပြုပါတယ်။ ညှိနှိုင်းရေးမှူးနဲ့ ပြောဆိုဆွေးနွေးမှုကတော့ အကောင်းဆုံးပါပဲ။ နိုင်ငံတကာအနေနဲ့ ခြိမ်းခြောက်ဖို့အတွက် အရေးယူ ပိတ်ဆို့တဲ့နည်းကို သုံးတာ ပြဿနာကို ပြေလည်စေမှာ မဟုတ်ပါဘူး၊” -လို့ တရုတ်သံအမတ်ကြီးက စကားပြန်ကနေတဆင့် ပြောသွားပါတယ်။

ဇင်ဘာဘွေနိုင်ငံက အခြေအနေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုလည်း မထိခိုက်စေတာမို့ လုံခြုံရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့်ထဲမှာလည်း ရှိမနေပါဘူးလို့ မစ္စတာ ဂွမ်ဂျားက ပြောပါတယ်။ ဒါကို ရုရှားသံအမတ်ကြီး ဗစ်တလီ ချာကင် (Viataly Churkin) က ထောက်ခံပါတယ်။

“ကုလသမဂ္ဂ ပဋိဉာဉ် အခန်း (၇) အရ အရေးယူဖို့ လျှောက်ထားတာဟာ ဘာမှ အခြေအမြစ် မရှိသလို အဲဒီလောက်လည်း မလိုပါဘူး။ ဆုံးဖြတ်ချက် မူကြမ်းဟာ တခြား နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်ဖို့ ကြိုးစားတာပါပဲ။ ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ လားလားကြီး ဆန့်ကျင်နေပါတယ်။”

ဇင်ဘာဘွေ အစိုးရနဲ့ လက်နက်ရောင်းဝယ်ဖောင်ကားမှုမလုပ်ဖို့ သမ္မတ မူဂါဘီနဲ့ သူ့အပေါင်းအပါ ၁၃ ယောက်ကို ခရီးသွားလာခွင့်နဲ့ ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်ပြည်ထောင်စုက မူကြမ်းရေးဆွဲတဲ့ ဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ကြတဲ့နိုင်ငံတွေကို အမေရိကန်သံအမတ်ကြီး ဇာမေး ခါလီဇက်က အခုလို ဝေဖန်ပြောဆိုသွားပါတယ်။

“ဇင်ဘာဘွေ ပြည်သူတွေကို နှိပ်ကွပ်တဲ့ သမ္မတ မူဂါဘီနဲ့အတူ တရုတ်နဲ့ရရှားတို့က ရပ်တည်ပေးထားပါတယ်။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် အများစုကတော့ သမ္မတ မူဂါဘီအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်ပစ်ဖို့ အတိုက်အခံနဲ့ အလေးအနက် ဆွေးနွေးဖို့ တောင်းဆိုပြီး ဇင်ဘာဘွေ လူထုနဲ့အတူ ရပ်တည်ခဲ့ကြပါတယ်။”

ဒီဆုံးဖြတ်ချက်မူကြမ်းကို အရင်တပတ်မှာစပြီးတော့ တင်ပြကတည်းက ဒီအပေါ်မှာ အဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ သဘောထားတွေ အမျိုးမျိုး ဖြစ်ခဲ့ရပြီးတော့ သောကြာနေ့က မဲခွဲဆုံးဖြတ်ရေး ဘယ်လို အဖြေရမလဲ ခန့်မှန်းလို့မရခဲ့ကြပါဘူး။ ဒေသတွင်း ညှိနှိုင်းရေးကို ဦးဆောင်ပြုလုပ်ပေးနေတဲ့ တောင်အာဖရိကနိုင်ငံက ဆိုရင်တော့ ဆုံးဖြတ်ချက် မူကြမ်းကို အစကတည်းက ကန့်ကွက်နေခဲ့တာပါ။ သူတို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်ဖို့က အချိန်လိုတယ်ဆိုပြီးတော့ ကန့်ကွက်မဲလည်း ထည့်ခဲ့ပါတယ်။

ကန့်ကွက်သူတွေထဲမှာ လစ်ဗျားနဲ့ ဗီယက်နန် နိုင်ငံတို့လည်း ပါဝင်ပါတယ်။ ဗာကီနာဖာဆို နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။ ဒါပေမယ့် လက်နက်ရောင်းဝယ် ဖောင်ကားမှု တားမြစ်ပါတယ် ဆိုတဲ့အချက်ကြောင့် ထောက်ခံတာပါ။ ဒါဟာ စစ်ရေးပဋိပက္ခ အကြီးအကျယ် ဖြစ်မယ့်အရေးကို တားဆီးပေးနေလို့ပါလို့ ပြောပါတယ်။ ဇင်ဘာဘွေ သံအမတ်ကြီး ကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြတဲ့သူတွေဟာ နိုင်ငံတချို့ရဲ့ ခြိမ်းခြောက်မှုအောက်မှာ ကြောက်ရွံ့ခြင်း မရှိတဲ့အတွက် ဖြစ်တယ်။ အဲဒီနိုင်ငံတွေရဲ့ အကျိုးစီးပွားကို လိုက်လုပ်ပေးချင်တဲ့ဆန္ဒ မရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ် အပါအဝင် နိုင်ငံအများအပြားကတော့ ဇင်ဘာဘွေနိုင်ငံရဲ့ အခြေအနေကို သူတို့ ဆက်ပြီးတော့ စောင့်ကြည့်သွားမယ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း အထူး ကိုယ်စားလှယ်တယောက် ခန့်အပ်ခိုင်းပြီးတော့ ဇင်ဘာဘွေနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ပုံမှန် ပြန်ပြီးတော့ အစီရင်ခံခိုင်းမယ်လို့ ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG