သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်း ပြန်လည် ထူထောင်ရေး ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကုလတောင်းခံမည်


မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးဒဏ် ခံခဲ့ကြရသူတွေ
အတွက် အကူအညီငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ
သန်း ၅၀၀ လောက် လိုအပ်နေတယ်လို့ ကုလသမဂ္ဂက
ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သုံးပွင့်ဆိုင်ဗဟိုအဖွဲ့မှာပါတဲ့ အာဆီယံအဖွဲ့က အလှည့်
ကျသဘာပတိ မစ္စတာ ဆူရင်ပစ်ဆူဝန်ကတော့
မုန်တိုင်းသင့်ဒေသက လူတွေဆီကိုသွားတဲ့ ပွန်ဂျာခေါ်
အကဲဖြတ်ပူးတွဲအဖွဲ့သားတွေ သွားရောက်စစ်ဆေးတဲ့
နေရာမှာ ပိတ်ပင်တားဆီးမှုတွေကို မြန်မာအာဏာပိုင်
တွေဘက်က မလုပ်တဲ့အတွက် မြန်မာစစ်အစိုးရကို
ချီးကျူးလိုက်ပြီး သဘာဝဘေးအန္တရာယ်တွေ
လက်တွေ့ကြုံတွေ့ခဲ့ကြရတဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံ
ပေးချက်တွေကို လိုက်နာဖို့ တိုက်တွန်းပြောဆိုလိုက်ပါ
တယ်။ နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်မှာ မြန်မာပြည်က ဆိုင်ကလုံးမုန်တိုင်းဒဏ်
ခံခဲ့ရသူတွေအတွက် အကူအညီပေးဖို့ ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့တာတွေနဲ့ပတ်သက်ပြီး
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မေလ မြန်မာနိုင်ငံမှ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးဒဏ်ကို ပြင်းပြင်းထန်ထန်ခံရသူ
၂ သန်းရှိနေပြီး သူတို့ကို အကူအညီတွေ ဆက်ပြီးပေးနိုင်အောင် နဂိုတောင်းခံထားတာ
ထက် ပိုပြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ
ဂျွန်ဟုမ်းလ်စ်က ပြောပါတယ်။

“ကုလသမဂ္ဂအဖွဲ့ ၁၃ ဖွဲ့နဲ့ အန်န်ဂျီအို အစိုးရမဟုတ်တဲ့အဖွဲ့ ၂၃ ဖွဲ့ မြန်မာနိုင်ငံ မုန်တိုင်း
သင့်ဒေသတွေမှာ သုံးစွဲနိုင်ဖို့ လိုအပ်တဲ့ငွေပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ
၄၈၁.၈ သန်းကို တောင်းခံပါတယ်။ ဒါဟာ ကနဦးတောင်းခံငွေ ၂၀၁ သန်းထက်
နောက်ထပ်သန်းပေါင်း ၂၈၀ ပိုပြီးလိုအပ်ပါတယ်လို့ ဆိုလိုတာပါ။ ကနဦးတောင်းခံငွေ
ထဲက တချို့တ၀က်ကို ရထားပြီးပြီမို့ နောက်ထပ် သန်းပေါင်း ၃၀၃.၆ သန်း လိုအပ်နေ
ပါသေးတယ်။”

ဒီငွေတွေနဲ့ ရှေ့နှစ် ၂၀၀၉ ခုနှစ် ဧပြီလအထိ ဆက်ပြီး အကူအညီတွေပေးဖို့ လုပ်မယ်လို့
ဆိုပါတယ်။ လတ်တလော မြန်မာနိုင်ငံထဲမှာ မုန်တိုင်းသင့်ဒေသတွေဆီသွားပြီး စုံစမ်း
စစ်ဆေးခဲ့တဲ့နောက်ပိုင်း ဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေ အပြည့်အဝ
မရသေးဘူးဆိုတာ သိရတယ်လို့ မစ္စတာဟုမ်းလ်စ်က ပြောပါတယ်။

အခုတောင်းခံမှုကနေ မုန်တိုင်းသင့်ဒေသ အဆိုးဝါးဆုံး ၁၃ နေရာမှာ စိုက်ပျိုးရေး
လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက် ရရှိရေးနဲ့ သောက်ရေသန့်
ရရှိရေး ကိစ္စတွေအတွက် သုံးဖို့လျာထားတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ မြန်မာ
ကိုယ်စားလှယ် ဦးကျော်တင့်ဆွေကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီ
ပေးချင်စိတ် ရှိကြတဲ့အတွက် မြန်မာအစိုးရဘက်က ၀မ်းသာတယ်လို့ ပြောကြားခဲ့ပြီး
ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာအစိုးရနဲ့အတူ နိုင်ငံတကာက ဆောင်ရွက်သင့်
ပါတယ်လို့ ဆိုပါတယ်။

“နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံရသူတွေကို အဓိက ကူညီစောင့်ရှောက်ပေးရမှာက
နိုင်ငံတော်အစိုးရလို့ ကျနော်တို့ လက်ခံထားပါတယ်။ တချိန်တည်းမှာပဲ အခု နာဂစ်
ဆိုင်ကလုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ အတိုင်းအတာဟာ သိပ်ပြီးတော့ကြီးမားတာမို့
နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ပံ့မှုတွေ၊ အကူအညီတွေလည်း လိုအပ်နေပါ
တယ်။”

ဒါ့အပြင် မြန်မာစစ်အစိုးရအနေနဲ့ မုန်တိုင်းသင့်ဒေသတွေမှာ အခြေအနေတွေ ပိုပြီး
ကောင်းမွန်လာစေဖို့ လုပ်ဆောင်နေတယ်လို့ ပြောသွားကြောင်းလည်း ရုံးချုပ်မှာ
သတင်းသွားယူတဲ့ မာဂရက် ဘက်ရှာနဲ့ မဟာဆက်တို့က ပြောပါတယ်။ နောက်ပိုင်း
သတင်းစာရှင်းလင်းပွဲမှာတော့ ဂျွန်ဟုမ်းလ်စ်နဲ့အတူ ကုလသမဂ္ဂ ရန်ကုန်ရုံးချုပ်က
ဒန်ဘေကာနဲ့ အာဆီယံ အလှည့်ကျသဘာပတိ ဆူရင် ပစ်ဆူဝန်တို့ကလည်း နောက်ဆုံး
အခြေအနေကို ရှင်းပြခဲ့ပါတယ်။

မစ္စတာဆူရင်က မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို အပိုင်း ၁၂၈ ပိုင်းခွဲပြီး ပွန်ဂျာလို့
ခေါ်တဲ့ နာဂစ်ဒဏ်ခံရတဲ့ ဒေသတွေအတွက် အကဲဖြတ်တဲ့ ပူးတွဲအဖွဲ့က အဖွဲ့ဝင် ၃၀၀
ကျော် သွားရောက်စစ်ဆေးခွင့် ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုသွားရောက်စစ်ဆေးမှု
တွေကို အပိတ်ပင်မခံရတဲ့အပြင် ဇွန်လဆန်းကစပြီး ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာ
စစ်အစိုးရ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ပူးတွဲဆောင်ရွက်ခဲ့တဲ့အတွက် ရလာတဲ့ရလဒ်တွေကို
ပွန်ဂျာအစီရင်ခံစာအဖြစ်နဲ့ ဇူလိုင်လ ၂၁ ရက်နေ့ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့်
အစည်းအဝေးကျရင် ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

မုန်တိုင်းသင့်ဒေသတွေမှာ နောက်ဆက်တွဲ ဒုတိယကပ်ဆိုးအဖြစ်နဲ့ ရောဂါဘယဘေး
တွေ၊ ငတ်မွတ်ခေါင်းပါးမှုဘေးတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတင်း
ထုတ်ပြန်မှုတွေ ရှိခဲ့ပေမယ့် အခုလိုတွက်ထားတာတွေ ဖြစ်မလာတာနဲ့ပတ်သက်ပြီး
ဒေသခံတွေဟာ ဓူပေဒါပေခံနိုင်စွမ်းရှိတာကို တွေ့ရတဲ့အပြင် ဒေသခံလူထုရဲ့အစွမ်းကို
လျှော့တွက်မိတယ်လို့လည်း မစ္စတာဟုမ်းလ်စ်က ပြောပါတယ်။

“ကျနော်တို့ လျှော့တွက်မိတဲ့ အချက်တချက်ရှိပါတယ်။ ဒါကလည်း ၀မ်းနည်းစရာပါ။
ဒေသခံ ပုဂ္ဂလိက ကူညီသူတွေဖြစ်တဲ့ ရဟန်းသံဃာတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့
ပုဂ္ဂိုလ်တဦးချင်းစီက နိုင်ငံတကာ အကူအညီတွေ ၀င်ခွင့်မရတဲ့ အစောပိုင်းအခြေအနေ
မှာ မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို ကူညီပေးကြတဲ့ အတိုင်းအတာပါ။ ဒါကို လျှော့တွက်မိ
ခဲ့ပါတယ်။”

နိုင်ငံတကာကပေးတဲ့ အကူအညီတွေထဲမှာ ဗြိတိန်နိုင်ငံက အများဆုံး အကူအညီပေးခဲ့
သလို အမေရိကန်ပြည်ထောင်စုကလည်း အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုး ကူညီခဲ့ပြီး
လေကြောင်းက အကူပစ္စည်း ၁၈၅ ခေါက် ပို့ပေးခဲ့တယ်လို့လည်း မစ္စတာဟုမ်းလ်စ်က
ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG