သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရုံးများ လုံခြုံရေးပိုတင်းကျပ်


ရန်ကုန်တိုင်းက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတွေမှာ အရင်ကထက် လုံခြုံရေးတွေ ပိုပြီးတင်းကျပ်လိုက်ပါတယ်၊ ရန်ကုန်မြို့လည်ခေါင်ကနေ မိုင် ၃ဝ အတွင်းရှိပြီးတော့ ပတ်ဝန်းကျင်ကလည်း စစ်တပ်တွေ အများဆုံး အခြေစိုက်တဲ့ ရွှေပြည်သာမြို့နယ်မှာ ဇူလိုင်လ ၁ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တဲ့နောက်ပိုင်း အခုလို လုံခြုံရေးတွေ ချထားလိုက်တာပါ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နာယကအဖြစ်ဦးစီးတဲ့ အသင်းရဲ့ ရုံးခန်းတခုထဲ ဗုံးပေါက်ကွဲတာမျိုးကတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်ပါတယ်။

ဒေသခံတဦး က "အခုဗုံးကွဲပြီးတဲ့နောက်ပိုင်း ရန်ကုန်မြို့မှာရှိတဲ့ ကြံ့ခိုင်ရေးရုံး တွေမှာပေါ့၊ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ အစောင့်တွေ ရုံးရှေ့မှာ တွေ့ရပါတယ်။ အရင်ကတော့ ဒီလူတွေ မရှိဘူးပေါ့။ ပြီးတော့ ရုံးအပြင်မှာလည်း အရပ်ဝတ် နဲ့ စောင့်ကြည့်နေတဲ့သူတွေ တွေ့ရတယ်ခင်ဗျ။ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ မရိုက်နိုင်အောင်လည်း သူတို့ စောင့်ကြည့်အဖွဲ့တွေ အများကြီးရှိပါတယ်။"

ပြည်သူလူထုအနေနဲ့ လက်နက်ခဲယမ်း လုံးဝပိုင်ဆိုင်ခွင့်မရှိတဲ့ မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှု တခါတလေ ဖြစ်ပွါးတတ်ပြီးတော့ ဒီမိုကရေစီအင်အားစုတွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့လက်ချက်လို့ စစ်အစိုးရက ပြောလေ့ရှိပါတယ်။

NCGUB က ဦးစီးပြီးတော့ အကြမ်းဖက်အဖွဲ့များက အဖွဲ့ဝင်များကို ဖေါက်ခွဲရေး သင်တန်းတွေ ကြိုတင်ပြုလုပ်ခဲ့တဲ့ ဖေါက်ခွဲရေးသမား တွေကို ပြည်တွင်းအမာခံတွေက တဆင့် ပေါင်းစပ်ပြီးတော့ ပြည်တွင်းကို စေလွှတ်ခဲ့တာလည်း ခုန သတင်းများမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုံးကလည်း ရန်ကုန်မြို့လည်မှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွါးခဲ့လို့ ရပ်ထားတဲ့ကားတချို့ ပျက်စီးခဲ့ပါတယ်။ စွမ်းအားမြှင့်မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ကတော့ ဒီဖေါက်ခွဲမှုတွေဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ အင်တာနက်မှာ ရေးသားဖေါ်ပြခဲ့ပေမဲ့ ဗွီအိုအေအနေနဲ့ သီးသန့်အတည်ပြုချက် ရယူနိုင်တာမျိုး မရှိခဲ့ပါဘူး။

"ကြံ့ခိုင်ရေးအဖွဲ့ဝင်ရင်၊ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု ကတ်ပြားရမယ်ဆိုရင် စီးပွါးရေးလုပ်ငန်းရှင်တွေကျတော့ ကာရာအိုကေဆိုင်တွေ၊ ဘီယာဆိုင်ဖွင့်တာမျိုး ပုံမှန်လူတွေထက်စာရင် ပါမစ်တွေလုပ်လို့ရတာမျိုး ရှိပါတယ်၊ အသင်းဝင် မဟုတ်ရင်တော့ ဆိုင်ပိတ်လိုက်ရတာမျိုး အဖမ်းခံရတာမျိုးရှိပါတယ်။ ကျောင်းတွေမှာလည်း ဝင်ခိုင်းတာရှိတယ်။ အဓိကကတော့ ၁ဝ တန်းတွေပေါ့။ ၁ဝ တန်းတွေ တက္ကသိုလ်တွေမှာ ကြံ့ခိုင်ရေးအသင်းဝင်တယောက်က မှတ်ပုံတင် အလွယ်တကူလုပ်လို့ရမယ်၊ ကျန်တဲ့တခြား အထောက်အပံ့တွေလည်း ရှိပါတယ်။"

ပြည်ခိုင်ဖြိုးလို့ခေါ်ပေမဲ့ ကြံ့ဖွတ်လို့ လူသိများတဲ့ ဒီအသင်းကို ၁၉၉၃ ခုမှာ ဖွဲ့စည်းခဲ့တာပါ။ လူဦးရေ ၅၇ သန်း ရှိတဲ့ မြန်မာနိုင်ငံမှာ အသင်းဝင်ပေါင်း ၂၃ သန်းကျော်ရှိပါတယ်။ အသင်းအနေနဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် အင်အားပြ ကန့်ကွက်ရှုတ်ချတာ၊ စစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတာတွေအပြင် စီးပွါးရေး၊ လူမှုရေးစတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေလည်း ရှိပါတယ်။

၂ဝဝ၃ ခုက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အဖွဲ့ဝင်တွေကို ဒီပဲယင်းမှာ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်သူတွေအဖြစ် ဒီအသင်းဟာ စွပ်စွဲခံရပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဟာ လာမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအသွင်ပြောင်းပြီး ပါဝင်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပေမဲ့ ပြည်သူလူထုရဲ့ သဘောထားအရ ဒီအသင်းဟာ နိုင်ငံရေးလောကမှာ အောင်မြင်မှု ရနိုင်မှာမဟုတ်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG