သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရှိ မုံ ဒုက္ခသည်များ အရေး လူ့အခွင့်အရေးအဖွဲ့များ စိုးရိမ်


အရင်လက ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတခုက လွတ်မြောက်ခဲ့တဲ့ မုံ လူမျိုးတွေကို ခြိမ်းခြောက်ပြီး အိမ်နီးချင်း လောနိုင်ငံကို အတင်းအကြပ် ပြန်ပို့ခဲ့တယ်လို့ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြပ်ရေးအဖွဲ့က စွပ်စွဲခဲ့ကြောင်း ဘန်ကောက်မြို့ကနေ ဗွီအိုအေသတင်းထောက် ရွန်ကော်ဘန် (Ron Corben) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြထားပါတယ်။

Human Rights Watch လို့် ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြပ်ရေးအဖွဲ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ပက်ချာဘန် (Petchabun) ပြည်နယ်မှာရှိတဲ့ ဟွေးကောင်း စခန်းကနေ ထွက်ခွာသွားတဲ့ မုံ လူမျိုးဒုက္ခသည် ၁,၃၀၀ ဦးဟာ ထကြွ ဆန္ဒပြနိုင်ဖွယ် ရှိတယ်လို့ စိုးရိမ်းမကင်း ဖြစ်နေတယ်လို့စနေနေ ့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တနှစ်ကြာ အဖမ်းအဆီး ခံခဲ့ရတဲ့ အတွေ့အကြုံကို မီးမောင်း ထိုးပြတဲ့အနေနဲ့ မုံ လူမျိုးဒုက္ခသည် အယောက် ၅,၀၀၀ ပတ်ဝန်းကျင်လောက်ဟာ လွန်ခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့က ဒုက္ခသည် စခန်းကနေ ထွက်ခွာခဲ့ပြီး ကီလို ၃၅၀ ကွားဝေးတဲ့ ဘန်ကောက်မြို့တော်သို့ချီတက်ခဲ့ကြပါတယ်။

နယ်စည်းမခြားဆရာဝန်များ အဖွဲ့ရဲ့ အဆိုအရ ထိုင်းစစ်သားများက ဆန္ဒပြသူ ၈၀၀ ကျော်ကို လောနိုင်ငံသို့ ပြန်ပို့ခဲ့ဲပြီး ထောင်ပေါင်းများစွာကို ဒုက္ခသည်စခန်းကို ပြန်ပို့ခဲ့ပါတယ်။ ၁,၃၀၀ လောက်ကတော့ ပျောက်နေတုန်းပါပဲ။

ထိုင်းအာဏာပိုင်တွေဟာ မုံ လူမျိုးတွေ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် နေထိုင်ဖို့ သို့မဟုတ် အဲဒီကနေတဆင့် တတိယ နိုင်ငံကို သွားဖို ့အစီအစဉ်တွေကို စွန့်လွတ်စေချင်လာအောင် မသေချာမရေရာမှုတွေ အကြောက်တရားတွေ ထိုးသွင်းနေတယ်လို့ လူအခွင့်အရေး စောင့်ကြပ်ရေးအဖွဲ့က စွပ်စွဲထားပါတယ်။

ဒီဒုက္ခသည်စခန်းတွေမှာ သွားလာခွင့်ရထားတဲ့ လူအခွင့်အရေး စောင့်ကြပ်ရေးအဖွဲ့နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ထိုင်းအာဏာပိုင်တွေကို ခြိမ်းခြောက်တာတွေ၊ အတင်းအဓမ္မ ပြန်ခိုင်းတာတွေကို ရပ်ဖို့ဆော်ဩထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မုံ လူမျိုးဒုက္ခသည်တွေဟာ လောနိုင်ငံကို ပြန်ရင် ညှင်းပမ်း နှိပ်စက်မှာကို စိုးရိမ်ရတယ်လို့ ထိုင်းအစိုးရဆီ စာရေးအကြောင်းကြား ထားပါတယ်။ ထိုင်းစစ်တပ်ဘက်ကတော့ ခုလို ပြန်သွားကြသူတွေဟာ သူတို့စိတ်နဲ့ သူတို့ ပြန်သွားကြတာလို့ ဆိုပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျဲနီဖာ ပဂိုနစ် (Jennifer Pagonis) က ဒုက္ခသည်တွေ ပြန်ပို့တဲ့ ကိစ္စ အဆင့်ဆင့်မှာ ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိဖို့ တိုက်တွန်းထားပါတယ်။

"ဒီ ဒုက္ခတွေပြန်ပို့တဲ့နေရာမှာ ပွင့်လင်းမှုနဲ့ နှစ်ဖက်ကြား ဘက်မလိုက်ဘဲ စောင့်ကြည့်ပေးတဲ့ အဖွဲ့သပ်သပ်မရှိတဲ့အတွက် ဒီကိစ္စဟာ သူ့သဘောနဲ့ သူ ပြန်ကြတယ်ဆိုတာ အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။"

ဒါပေမယ့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ နွန်ပဒွန် ပထမ (Noppadom Pattama) က ထိုင်းအစိုးရဟာ လောနိုင်ငံက မုံလူမျိုးတွေကို စိစစ်တဲ့နေရာမှာ သူတို့ရဲ့ လုပ်ထုံးလုပ်စဉ်အတိုင်း ကိုင်တွယ်ခဲ့တာ ဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

"မုံလူမျိုးတွေနဲ့ ပတ်သက်လို့ ကျနော်တို့ဟာ ဘယ်နည်းနဲ့မှ အဓမ္မ ပြန်ပို့တာတွေ လုပ်မှာ မဟုတ်ပါဘူး။ ဒီ ဒုက္ခတွေကို စိစစ်တဲ့နေရာမှာလည်း သူတို့ဟာ တကယ် ဒုက္ခသည် စစ်စစ်လား၊ စီးပွားရေး အကြပ်အတည်းကြောင့်လား စသဖြင့် တကယ်ပဲ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့လေးလေးနက်နက် စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။"

ပြီးခဲ့တဲ့လတွေအတွင်း ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်တဲ့အတွက်ကြောင့် မုံလူမျိုး ဒုက္ခသည်တွေက ဆန္ဒပြခဲ့ပြီးနောက် ဒုက္ခသည်စခန်းတွင်း တင်းမာမှုတွေ ပိုဖြစ်လာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကနေပြီး ဒုက္ခသည်တွေ လုံခြုံရေးအတွက် ဝင်ရောက် ဖြေရှင်းပေးဖို့ တပတ်ကျော်ကြာ တောင်းဆိုဆန္ဒပြခဲ့ပြီးနောက် ဒုက္ခသည်စခန်းရဲ့ ၆၀ % လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်။

၁၉၆၀၊ ၁၉၇၀ နှစ်တွေအတွင်း ဗီယက်နန် စစ်ပွဲကာလက မုံ လူမျိုးတွေက အမေရိကန်တပ်ဖွဲ တွေနဲ့လက်တွဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၇၅ စစ်အပြီးမှာတော့ မုံ လူမျိုး တော်တော်များများဟာ ထိုင်းဘက်ကို ပြေးသူ ထောင်ပေါင်းများစွာနဲ့ အတူ တောထဲ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ထောင်ပေါင်းများစွာကလည်း အမေရိကန်၊ သြစတြေးလျ၊ ပြင်သစ်၊ ကနေဒါ ဘက်ကိုလည်း သွားရောက် မှီခိုခဲ့ကြပါတယ်။ ထိုင်းနဲ့ လောနိုင်ငံ အစိုးရဘက်ကတော့ မုံ လူမျိုးတွေဟာ စီးပွားရေး ဒုက္ခသည်တွေ ဖြစ်ပြီး ခုလို ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရဖို့ ထိုင်းပိုင်နက်မြေကို အသုံးချသူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG