သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲဝင်ရေး အပစ်ရပ် တိုင်းရင်းသားတွေအကြား ဆွေးနွေးမှုများရှိနေ


မြန်မာစစ်အစိုးရရဲ့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အကြားမှာ နိုင်ငံရေးပါတီဖွဲ့ မဖွဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးတဲ့နောက် သူတို့ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်လို ရှေ့ဆက် ရပ်တည် မလဲဆိုတာ အခက်အခဲတွေ ရှိလာနိုင်တဲ့အပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အကြောင်းစုံကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့က စစ်အစိုးရနဲ့ နိုင်ငံရေးအရ အသေအချာ ဆွေးနွေးနိုင်တာမရှိသေးပေမယ့်လို့ အခု ဖွဲ့စည်းပုံကို စစ်အစိုးရက အတည်ပြုလိုက်ပြီဆိုတော့ - လက်ရှိဖွဲ့စည်းပုံအရ လက်နက်ဆက်ကိုင်ထားဖို့ အခက်အခဲတွေ ရှိလာပါတယ်။ ဒီအခြေအနေအပေါ်မှာတည်ပြီး သူတို့အဖွဲ့အစည်းပုံစံကို ဘယ်လို ပြောင်းမလဲ - ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီဖွဲ့မလား စသဖြင့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အချို့ကြားထဲမှာ ဆွေးနွေးနေကြတာလို့ သိရ ပါတယ်။ တရားဝင်ကိုတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြော ကြေညာတာမရှိသေးပါဘူး။ ကချင်ဒေသ အခြေအနေနဲ့ ပတ်သက်လို့တော့ ကချင်အမျိုးသားအစည်းအရုံး ကေအန်အို အင်္ဂလန်ဌာန တာဝန်ခံ ဦးလရှီး ကတော့ ကချင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲဝင်တာဖြစ်လာနိုင်ပေမယ့်လို့ လက်နက်ဖြုတ်ဖို့တော့ ဖြစ်မှာမဟုတ်ဘူးလို့ ယူဆထားပါတယ်။

“သူတို့ လက်နက်တော့ စွန့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပါတီထောင်မယ်ဆိုတာကတော့ သူတို့ အဖွဲ့အစည်း အနေနဲ့ပဲ ဖြစ်ဖြစ်၊ တခြား နီးစပ်တဲ့သူတွေနဲ့ပဲ ဖြစ်ဖြစ်နဲ့ ပါတီအနေနဲ့ တည်ထောင်ပြီးမှ ဝင်မယ့် အပိုင်းရှိချင် ရှိမယ်။”

ဟုတ်ကဲ့ခင်ဗျ။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံကလည်း ထွက်လာပြီဆိုတော့ ရှိနေတဲ့ ဖွဲ့စည်းပုံအောက်မှာ တိုင်းရင်းသားတွေလည်း လက်ခံရမယ်ဆိုတဲ့ ကေအိုအေတို့ဆိုရင် ညီလာခံကို တက်ခဲ့တာကိုး။ ဒီဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းစဉ်မှာလည်း ပါဝင်ခဲ့တဲ့ အခါကျတော့ ဒီဖွဲ့စည်းပုံကို လိုက်နာရမယ့် သဘော မသက်ရောက်ဘူးလားခင်ဗျ။

“ဒီစစ်အစိုးရနဲ့ ထိပ်တိုက် မရင်ဆိုင်ချင်တဲ့ အခြေအနေ တခုမှာမို့ ဒီဟာကို ကျွန်တော်တို့ သွားတယ်လို့ မြင်တယ်။ ကချင် ပြည်သူတွေအနေနဲ့ သူတို့ ပြောတဲ့ အခြေခံ ဖွဲ့စည်းပုံဟာလည်း တရား မဝင်ဘူး။ နောက်ပြီးတော့ လွန်ခဲ့တဲ့ မေလက ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်း ကျွန်တော်တို့ ပြည်သူတွေ အားလုံးကလည်း နားလည်တယ်။ ဒါဟာ အတင်းအကျပ် လုပ်တယ်၊ တရား မဝင်ဘူးလို့လည်း ကျွန်တော်တို့ ယုံကြည်တယ်။ လက်နက်လည်း စွန့်မှာမဟုတ်ဘူး။ ဒီထက် တင်းကျပ်လာတဲ့အခြေအနေ တခုခုမှာ ဆိုးပြစ်တွေ ဖြစ်လာနိုင်မယ်လို့ ယူဆတယ်ခင်ဗျ။”

ကချင်အမျိုးသားအစည်းအရုံး အင်္ဂလန်ဌာန တာဝန်ခံ ဦးလရှီးဖြစ်ပါတယ်။ မွန်ပြည်နယ်ဖက်မှာတော့ အဓိက မွန်နိုင်ငံရေးအဖွဲ့တွေအနေနဲ့ ဒီဖွဲ့စည်းပုံကို အသိအမှတ်မပြုတာကြောင့် ရွေးကောက်ပွဲကိုလည်း ဝင်ဖို့ မဖြစ်နိုင်ဘူးလို့ မွန်ပြည် ပြန်လည်ထူထောင်ရေးကော်မတီ အမေရိကန်ဌာနက ကွန်းယက္ခက အခုလို ပြောပါတယ်။

“မွန်ပြည်သစ် ပါတီက ရွေးကောက်ပွဲဝင်မယ်၊ လက်နက်ချမယ်ဆိုတာမျိုး သူတို့ ဘာမှ ဆုံးဖြတ်ချက် မချ ရသေးဘူး။ သူတို့ အစည်းအဝေးထိုင်မယ်၊ အရေးပေါ် ဗဟို ကော်မတီညီလာခံမှာ ဆုံးဖြတ်ချက် ချမှာပေါ့။ သေချာတာတခုကတော့ လက်နက်ချပြီးတော့ ရွေးကောက်ပွဲဝင်မယ့် အလားအလာ ကျွန်တော်တို့ မွန် တိုင်းရင်းသားတွေ၊ မွန်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေမှာ မရှိနိုင်ဘူးလို့ပါပဲ၊ ”

ဖွဲ့စည်းပုံအောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နေရမယ့် အနေအထားမျိုး ဖြစ်နေတဲ့ အတွက် ကြောင့် လက်နက် ဆက်ကိုင်ထားမယ်ဆိုရင် ထိပ်တိုက် ဖြစ်လာစရာ အခက်အခဲတွေ ကြုံ မလာနိုင်ဘူးလား ခင်ဗျ။

“ဒါကတော့ အားလုံး သိတဲ့အတိုင်းပဲ သူတို့လုပ်တဲ့ NCက တရား မဝင်ဘူး။ သူတို့လုပ်တဲ့ Referendumက တရား မဝင်ဘူး။ ဖိအားပေးပြီးတော့ လုပ်ထားတဲ့ သဘော ရှိနေတယ်ဆိုတော့ Constitutionကို သူတို့ဘက်က အာဏာယူပြီးတော့ လုပ်တဲ့သဘောရှိတယ်။ ဘယ်သူမှ ဒါကို လက်မခံဘူး။ ဒီတော့ တချို့ငြိမ်းအဖွဲ့တွေ၊ အသိရအဖွဲ့တွေ ရွေးကောက်ပွဲကို ဝင်မယ်လို့ ပြောတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ Constitutionကို အတည်ပြုမယ်ဆိုရင် ပြည်တွင်းစစ်က မဖြစ်ချင်ဘဲနဲ့ ဖြစ်လာစရာ အကြောင်းရှိတယ်။ ပြီးတော့ နိုင်ငံရေးက ဘယ်လိုမှ တည်ငြိမ်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ထင်တာထက် အခြေအနေက ပိုဆိုးသွားနိုင်တယ်လို့ ကျွန်တော်မြင်တယ်။”

ဟုတ်ကဲ့ခင်ဗျ။ အခု ၂၀၁၀ခုနှစ် ရွေးကောက်ပွဲရောက်လာရင်ရော မွန်ပြည်နယ် အတွင်းမှာ မွန်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေး ပါတီတွေ ပေါ်မလာနိုင်ဘူးလားခင်ဗျ။

“နိုင်ငံရေး ပါတီပေါ့နော်။လက်နက်ကိုင် မွန်ပြည်သစ် ပါတီရှိတယ်။ မွန်ပြည်သစ် ပါတီရဲ့ သဘောထားတော့ မသိဘူး။ တချို့ ခွဲထွက်တဲ့ အစိတ်အပိုင်း၊ လက်နက်ချထားတဲ့ အဖွဲ့အစည်းငယ်လေးတွေတော့ ရှိတယ်။ သတို့ကျတော့ ဝင်ကောင်းဝင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မွန်တမျိုးသားလုံးကို ကိုယ်စားပြုပြီးတော့ ဝင်တယ်လို့ ပြောရမှာ အရမ်း ခက်တယ်ခင်ဗျ။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီ ဖွဲ့စည်းပုံရေးဆွဲတဲ့ အမျိုးသားညီလာခံကို တတ်ရောက်ပြီး သူတို့လိုလားချက်တွေကို တောင်းဆိုတင်ပြခဲ့ပေမယ့် - တကယ်တမ်း အဖြေထွက်လာတော့ ဖွဲ့စည်းပုံ ရေးဆွဲရေးကော်မရှင် ဒီတင်ပြမှုတွေကို ချန်လှပ်ထားပါတယ်။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲစဉ် တုန်းကလည်း နိုင်ငံရေးကိစ္စကို အမျိုးသားညီလာခံမှာ ဆွေးနွေးဆိုပြီး စစ်အစိုးရက ရှောင်ဖယ်ခဲ့တာပါ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လက်နက်တွေ ဘယ်လိုဖြုတ်သိမ်းမလဲဆိုတဲ့ကိစ္စမှာ နိုင်ငံရေးအရ စစ်အစိုးရနဲ့ ဆွေးနွေးနိုင်တာမရှိခဲ့ပါဘူး။ အပစ်ရပ်အဖွဲ့ငယ်တွေကိုတော့ စစ်အစိုးရက ဒီကြားထဲမှာပဲ ဖိအားပေးပြီး လက်နက်ဖြုတ်ခိုင်းတာ၊ လက်နက်အပ်ခိုင်းတာတွေလုပ်ခဲ့ပါတယ်။ ကချင် ကေအိုင်အို မွန်ပြည်သစ် ၀ စတဲ့ အဖွဲ့ကြီးတွေကိုတော့ စစ်အစိုးရဖက်က လက်နက်ဖြုတ်ခိုင်းတာ မရှိသေးပေမယ့် - ဒီအဖွဲ့တွေ ရပ်တည်ဖို့လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ကန့်သတ်တာတွေ လုပ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG