သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီး-ရန်ကုန် ခရီးသည်တင်ဘတ်စ်ကား ဒိုက်ဦးမြို့အထွက် ပေါက်ကွဲမှုဖြစ်


ကျောက်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ ရွှေခရီးဆိုတဲ့ ခရီးသည်တင် ဘတ်စ်ကားပေါ်မှာ
ဒီကနေ့မနက် ပဲခူးတိုင်း ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက်
လူတယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့
ပတ်သက်ပြီး ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတော့
ဒိုက်ဦးဒေသခံ မျက်မြင်တဦးက အခုလိုစပြောပြပါတယ်။

“မနက်က အဲဒီနားမှာ ဗုံးပေါက်တယ်ကြားလို့ ကျနော်တို့သွားကြည့်တော့ ကားကြီးက
နောက်မြီးပွင့်ပြီး လူတယောက်သေနေတာကို တွေ့တယ်။”

သေသွားတာ ခရီးသည်လားခင်ဗျ။

“သေသွားတာ ရှေ့နေလို့တော့ ပြောတာပဲ။ နာမည်တွေဘာတွေတော့ သေသေချာချာ
အတိအကျ မသိသေးဘူး။ ကျနော်တို့လည်း အဲဒီနားသွားကြည့်ပြီး လူတွေကလည်း
အရမ်းရှုပ်နေတော့ တအောင့်ကြည့်ပြီး ပြန်ထွက်သွားတာပဲ။ အဲဒီတယောက်ပဲ
သေတယ်တဲ့။ တယောက်ကတော့ အူထွက်ပြီး ဆေးရုံတက်သွားတယ်လို့ ပြောတာပဲ။”

ကားပုံစံ ဘယ်လိုဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။

“ကားပုံစံကတော့ နောက်က ပွင့်ထွက်သွားတာပဲလေ။ လူတွေကရှုပ်၊ ရဲတွေကလည်း
ရှုပ်နေတော့ သိပ်ပြီးတော့လည်း သေသေချာချာ သွားမကြည့်ရဲဘူး။”

ဘယ်နေရာမှာလဲခင်ဗျ၊ ဖြစ်တဲ့နေရာကို ပြောပြပါလား။

“ဖြစ်တဲ့နေရာနားမှာတော့ အဟောင်းဆိုင် ပစ္စည်းတွေဘာတွေ ဝယ်တဲ့ဆိုင်ရှိတယ်။
ဒိုက်ဦးထဲဝင်တဲ့ သံတံတားရဲ့ ဟိုဘက် ကိုက် ၂၀၀-၃၀၀ လောက် ကွာတာပေါ့။
မြို့အဝင်ပေါ့။”

မြို့အထွက်လို့လည်း ပြောလို့ရတာပေါ့၊ တဖက်ကကြည့်ရင်။

“ဟိုဘက်ကလာရင်တော့ အထွက်ပေါ့၊ ဒီဘက်ကသွားရင်တော့ အဝင်ပေါ့။ မဌေးမြိုင်
ဆိုင်ရှေ့မှာပဲ။ ဖွဲနု၊ ဖွဲကြမ်းရောင်းတဲ့ဆိုင်ရှေ့မှာ။”

ဒိုက်ဦးမြို့က မျက်မြင်သက်သေတဦး ပြောပြသွားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် တရားဝင် သိရှိရအောင် ဗွီအိုအေက ဒိုက်ဦးရဲစခန်းကို
ဆက်သွယ်ကြည့်ခဲ့ပါတယ်။

ဒီနေ့ ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်တဲ့သတင်းနဲ့ပတ်သက်ပြီး မေးချင်လို့ပါ။

“ဟုတ်ကဲ့၊ အထက်ဌာနကိုမေးပါခင်ဗျာ၊ ကျနော်တို့ ဖြေကြားခွင့်မရှိပါဘူး။”

ဒိုက်ဦးရဲစခန်းက အခုလို ဖြေဆိုနိုင်ခြင်းမရှိတဲ့အတွက် တိုင်းရဲစခန်းကို အကြိမ်ကြိမ်
ဆက်သွယ်ဖို့ ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာခဲ့သူတွေကို ပဲခူးမြို့ ဆေးရုံကြီးကို သယ်သွားတယ်လို့
ဒေသခံတွေက ပြောတဲ့အတွက် ဗွီအိုအေက ပဲခူးဆေးရုံကြီးကို ဆက်သွယ်ခဲ့ပါတယ်။

ဒီနေ့ ဒိုက်ဦးက ကားဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့တဲ့လူနာတွေ ပဲခူးဆေးရုံ သယ်လာ
တယ် ကြားလို့ပါ။

“တယောက်တည်းရှင့်။”

ဆေးရုံကို လူနာတယောက်သာ သယ်လာတဲ့အကြောင်း တာဝန်ကျ ဆရာမတဦး ပြောပြသွားတာပါ။

ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် သိရှိနိုင်ဖို့ ဆေးရုံအုပ်ကြီးကို
ဆက်သွယ်ဖို့ ပြောတဲ့အတွက် ဆေးရုံအုပ်ကြီးကို ဆက်သွယ်ခဲ့ပေမယ့်လည်း မရခဲ့ပါ
ဘူး။

အခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရွှေခရီး ခရီးသည်တင်ဘတ်စ်ကားပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလ
တုန်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုတုန်းကတော့ လူတွေ
ထိခိုက်သေကျေတာတော့ မရှိခဲ့ပါဘူး။ နောက်တခါ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့တုန်း
ကလည်း ရွှေပြည်သာမှာရှိတဲ့ ကြံ့ခိုင်ရေးရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာလည်း
အသေအပျောက်တော့ မရှိခဲ့ပါဘူး။ စစ်အစိုးရက အခုလို ပေါက်ကွဲမှုတွေဖြစ်ပွားတိုင်း
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတပ်တို့ရဲ့ လက်ချက်လို့
စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ အခုပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ
အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG