နာဂစ်မုန်တိုင်းဒဏ်ခံရပြီး နှစ်လကျော်
ကြာလာခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်း
လေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသမှာ လူဦးရေရဲ့
၇၀% ဟာ ဘေးကင်းတဲ့ သောက်ရေသန့်
မရသေးတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိ
တွေက ပြောပါတယ်။ သောက်ရေသန့်နဲ့
ရေအဆိပ်သင့်တာတွေကို စစ်ဆေးတဲ့
ဆိုင်ရာကျွမ်းကျင်သူတွေကလည်း မြန်မာ
နိုင်ငံ အပါအ၀င် အာရှဒေသတွေမှာ
ရေတွေအဆိပ်သင့်တဲ့အတွက် ကျန်းမာ
ရေးအရ ကြုံလာရနိုင်တဲ့ အန္တရာယ်တွေ
ကို သတိပေးနေကြပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြ
ပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်လကျော် မုန်တိုင်းဒဏ်ခံရပြီးနောက်မှာ ဧရာတီတိုင်းအတွင်း ရေသန့်ရနိုင်တဲ့
နေရာတွေ ပျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသား
ချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ
လီယန် ကုပန်းစ် (Lianne Kuppeans) က အခုလိုပြောပါတယ်။
“ရေပေဝေးတဲ့စနစ် အများစုက ပျက်ဆီးခဲ့ပါတယ်။ ရေပေးဝေတဲ့ နေရာတွေ၊ ရေတိုင်
တွေ၊ ရေကန်တွေ ပျက်ဆီးခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ နေရာတိုင်းလိုလို
ရေလွှမ်းမိုးခဲ့ပြီးတော့ လယ်ကွင်းတွေ စပါးခင်းတွေ ရေလွှမ်းခဲ့ပါတယ်။ ရေပိုက်တွေ
လည်း အဆိပ်သင့်တာတွေ ရှိပါတယ်။ ရေကန်တွေလည်း အလားတူပါပဲ၊ လူအများစု
အတွက် စိတ်ချလက်ချ ဘေးကင်းကင်းသုံးနိုင်တဲ့ ရေမရနိုင်သေးပါဘူး။”
မြစ်ဝကျွန်းပေါ်ဒေသမှာ လူဦးရေရဲ့ ၇၀% လောက် ဘေးကင်းတဲ့ရေသန့် မရနိုင်သေးတဲ့
အချိန် ကုလသမဂ္ဂအနေနဲ့ သောက်ရေသန့်အပြင်၊ ရေသန့်ရနိုင်တဲ့ စနစ်ထူထောင်ရေး
အကူအညီတွေ အတော်များများ ပေးနေတယ်လို့ လီယန် ကုပန်းစ်က ပြောပါတယ်။
တချိန်တည်းမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ သတိပေးနှိုးဆော်တာတွေလည်း လုပ်နေ
ရတယ်လို့ ပြောပါတယ်။
“တကိုယ်ရေသန့်ရှင်းအောင် နေထိုင်ဖို့အတွက် နှိုးဆော်ပညာပေးတာတွေ လုပ်ရပါ
တယ်။ ရေကြောင့် ဘယ်လိုရောဂါအန္တရာယ်တွေ ကြုံလာရနိုင်တယ်ဆိုတာမျိုးနဲ့
လက်တွေ စင်ကြယ်အောင်ဆေးဖို့၊ ရေကိုအသုံးမပြုခင် ဘယ်လိုသိုလှောင်ရမယ်
ဆိုတာကအစ ပညာပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်” လို့ ပြောသွားတာပါ။
အခုလို မိုးရာသီမှာ မိုးရေတွေကို ဘယ်လိုသိုလှောင်မယ်၊ အသုံးပြုမယ်ဆိုတာကအစ
ပညာပေးလုပ်ငန်းတွေ ကျန်းမာရေးအရ နှိုးဆော်တာတွေ လုပ်နေပါတယ်။ ရေဖြည့်ဖို့
ပုံးတွေလည်း ပေးပါတယ်။ ဒါပေမယ့် လုပ်ဖို့လိုအပ်နေတာတွေ အများကြီးရှိနေပါ
တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ
ပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ လီယန် ကုပန်းစ်က ပြောသွားတာပါ။
မြစ်ဝကျွန်းပေါ်ဒေသ သောက်ရေသန့်ရှားပါးမှု အန္တရာယ်တွေနဲ့ ပတ်သက်လို့ နိုင်ငံ
တကာ အဖွဲ့အစည်းတွေ သတိပေးနေခဲ့တာ ကြာခဲ့ပါပြီ။ ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့
ရေသန့်ဘူးသွားလှူတာတွေရှိသလို ရေရှည် ရေသန့်ရေကောင်းရနိုင်အောင် ပြင်ဆင်
ပေးတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အန်န်အယ်လ်ဒီ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် မုန်တိုင်းဒဏ် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သူတို့
အဖွဲ့ဝင်တွေ ရေကန်တွေ သန့်ရှင်းရေးလုပ်နေတာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပါ
တယ်။
“လပွတ္တာမြို့နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီးတော့ ရွာပေါင်း ၆ ရွာမှာ ရေကန်ပေါင်း
၁၀ လုံးကို ကျနော်တို့က စေတနာရှင်များ ရေကန်သန့်ရှင်းရေးအဖွဲ့ဆိုပြီး နာမည်ပေး
လိုက်ပါတယ်။ အဲဒီမှာ ရေစုပ်စက် ၆ လုံးနဲ့ ရွာတွေကိုရောက်သွားပြီး ရေကန်သန့်ရှင်း
ရေး သွားပြီးဆောင်ရွက်ပါတယ်။ ကျေးရွာတွေအထိ စက်တွေသယ်သွားတယ်။ ဟိုမှာ
ရေကန်တွေကို ရေဆိုးတွေ စုပ်ထုတ်ပစ်တယ်။ နွံတွေပါ ဆယ်ပေးတယ်။”
ဦးအုံးကြိုင် ပြောသွားတာပါ။
ဒေသခံ ကူညီပေးရေး လုပ်ကိုင်နေသူတွေကတော့ ဒီလို သောက်ရေသန့်ရရေး
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ် ဆိုပေမယ့်လည်း နေရာတိုင်းမှာ
ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ပြောပါတယ်။
“မိုးရေတွေကလည်း တကယ်တမ်းကျတော့ မလုံလောက်ဘူး။ မလုံလောက်တဲ့အခါကျ
တော့ အဲဒီရေကန်တွေက ရေတွေအကုန်လုံးကို ထုတ်ပစ်ဖို့လိုတာပေါ့။ အဲဒီက နုံးတွေ
ဘာတွေဆယ်ပြီးတော့မှ ဆေးတွေဘာတွေနဲ့ ပြန်လုပ်ရတယ်။ အဲဒီလိုလုပ်မှ ရေကန်
တွေက ပြန်သုံးလို့ရတယ်။ အဲဒီမှာ လိုက်ကြည့်တဲ့အခါကျတော့ ရေကန် အားလုံး ၉၇
ကန်တွေ့တယ်၊ လပွတ္တာမှာ။ အခုထိ လုပ်တော့လုပ်နေဆဲပဲ။ ဒေသတခုလုံး ဖြစ်တယ်
ဆိုတော့ လုပ်နိုင်တဲ့အတိုင်းအတာက တော်တော်နည်းပါတယ်။”
မကြာသေးခင်တုန်းကပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုနဲ့ ရေအဆိပ်သင့်မှုတွေကို
လေ့လာတဲ့ ဆွစ်ဇာလန်နိုင်ငံ ဒူဘန်းဒိုး (Dubendor) အခြေဆိုက် Swiss Federal
Institute of Aquatic Science and Technology အဖွဲ့က သုတေသနမှူးတွေ မြန်မာ
နိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွေမှာ
မြေအောက်ကထွက်လာတဲ့ ရေအဆိပ်သင့်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်ဆိုပြီး
သတိပေးခဲ့ပါတယ်။
ဒီလို သောက်ရေတွေကတဆင့် အဆိပ်သင့်နိုင်တဲ့အတွက် ကင်ဆာနဲ့ အခြားရောဂါတွေ
ဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုကို လေ့လာတဲ့
အဖွဲ့ရဲ့ အကြီးအကဲ၊ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ် (Chris Zurbrugg) က
သောက်ရေသန့်ရနိုင်မယ့် နည်းလမ်းတွေကို သူတို့အနေနဲ့ အတတ်နိုင်ဆုံး ရှာဖွေနေ
တယ်လို့ ပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အကုန်အကျနည်းနည်းနဲ့ သောက်ရေသန့်ကို ဘယ်လိုထုတ်လုပ်
မလဲ နည်းလမ်းရှာတယ်၊ ဒီလမ်းတွေကို အကူအညီပေးနေတဲ့ အစိုးရလက်အောက်ခံ
မဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ဖြန့်ဝေတယ်လို့ ပြောပါတယ်။
“ရေကို နှစ်ဖက်မြင်ရတဲ့ ပုလင်းအကြည်တခုထဲမှာထည့်ပြီး မသောက်ခင် နေရောင်
အောက်မှာ ခြောက်နာရီလောက် ထားလိုက်မယ်ဆိုရင် ရေထဲမှာပါတဲ့ ပိုးတွေကို
သတ်ပြီးသားဖြစ်သွားနိုင်ပါတယ်။ ဒါက နေရောင်ခြည်ကိုသုံးပြီး ရေကို သန့်အောင်
ထုတ်လုပ်နိုင်တဲ့နည်းပါ။ အရှေ့တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် ဆိုင်ကလုန်း
မုန်တိုင်းဒဏ် ထိပြီးနောက်ပိုင်းမှာ သောက်ရေသန့်ရအောင် အထိရောက်ဆုံး
ထုတ်လုပ်နိုင်တဲ့နည်းလမ်းပါ” လို့ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ်က ပြောသွားတာ
ပါ။ သူတို့အဖွဲ့တွေအနေနဲ့ အဆိပ်သင့်နေတဲ့ ရေတွင်းရေကန်တွေထဲက ရေတွေကို
သန့်စင်တဲ့ နည်းပညာတွေ လေ့လာနေတယ်လို့လည်း ပြောပါတယ်။
သောက်ရေသန့်မရတဲ့အတွက် ကျန်းမာရေးအန္တရာယ် ကြုံနေရတဲ့နိုင်ငံပေါင်း ၇၀
ကျော်ရှိပြီး လူပေါင်း သန်း ၁၃၀ ကျော် ရောဂါအန္တရာယ် ရင်ဆိုင်နေရတယ်လို့
ကျွမ်းကျင်သူပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အာရှနိုင်ငံတွေထဲမှာ အဆိုးဆုံး
နိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ
တွေမှာလည်း အလားတူ ပြဿနာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ
ဒူဘန်းဒိုးအခြေဆိုက် Swiss Federal Institute of Aquatic Science and Technology
အဖွဲ့က ပြောဆိုထားပါတယ်။