သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ အခမ်းအနား အန်န်အယ်လ်ဒီ ကျင်းပမည်


မကြာခင်ကျရောက်တော့မယ့် အာဇာနည်
နေ့ အခမ်းအနားတွေကို မြန်မာစစ်အစိုးရ
အာဏာပိုင်တွေက ကျင်းပချင်မှတောင်
ကျင်းပတော့မယ်ဆိုတော့ အာဇာနည်
ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်
အောင်ဆန်းရဲ့ သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရော
ဒီအပေါ်မှာ ဘယ်လိုသဘောထားသလဲ။
ရန်ကုန်မှာ အာဇာနည်နေ့ နီးလာတာနဲ့အမျှ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လုံခြုံရေး
တွေလည်း တိုးချထားပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်း
ပြီး တင်ပြပေးထားပါတယ်။

အခုကျရောက်တော့မယ့် ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်လို့
မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ဘာမှပြောသံဆိုသံ မကြားရဘဲ ရှိနေချိန်မှာပဲ
ဒီနှစ်မှာ ကျင်းပချင်မှတောင် ကျင်းပတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။ ဒါနဲ့
ပတ်သက်လို့ မြန်မာနိုင်ငံက အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးတခုလည်းဖြစ်၊
အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း သမီးလည်းဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်န်အယ်လ်ဒီ
ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာ ဒါနဲ့ပတ်သက်လို့
သူတို့လည်းကြားတယ်၊ ဒီလိုသာ တကယ်လုပ်ခဲ့ရင် ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်တခုကို
လုပ်တာပဲလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သံရုံးတွေကို အစိုးရက အကြောင်းကြားတယ်လို့ ကျနော်ကြားတယ်။ ကျနော်တို့တော့
အခုနေ ပြောနိုင်တာက ကျနော်တို့ အဲဒီသတင်းကြားတယ်၊ ဒီသတင်းမှန်ခဲ့ရင်တော့
တော်တော်မဖြစ်သင့်တဲ့ကိစ္စပဲ၊ နှစ်ပေါင်း ၆၀ လောက် ကျင်းပလာတယ်၊ အခု ၆၁ ကြိမ်
ကျမှ မကျင်းပဘူးဆိုတော့ ကျနော်တို့တိုင်းပြည် လွတ်လပ်ရေးကြိုးပမ်းခဲ့ကြတဲ့ ပုဂ္ဂိုလ်
တွေကို ဒီလိုမပြုသင့်ဘူး။ သူတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တယ်၊ မလုပ်တယ်
ဆိုတာ သူတို့ပဲသိမယ်။

“ဒါပေမယ့် ကျနော်တို့ သာမန်ပြည်သူလူထုတယောက် အမြင်ကိုပြောရရင် အာဇာနည်
နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတယောက်တည်း မဟုတ်ဘူး။ မန်းဘခိုင်၊ သခင်မြ
အများကြီးပါပါတယ်။ အဲဒီလိုအများကြီးပါတော့ ဒီလူတွေအားလုံးဟာ တိုင်းပြည်ရဲ့
လွတ်လပ်ရေးအတွက် သူတို့ရဲ့ ကြိုးပမ်းတဲ့ အသီးအပွင့်ကို ကျနော်တို့ ခံစားနေရတာ။
ဒါဟာ ကျေးဇူးရှင်တွေပဲ။ ဒီလို အားလုံးအပေါ်မှာ သိမ်းကြုံးပြီး အကြောင်းအရာတခု
လေး၊ သူတို့ ဘယ်လိုအကြောင်းလဲတော့ ကျနော်မသိဘူး၊ တခုခုအပေါ်မှာ သူတို့
ဆောင်ရွက်တာဖြစ်တဲ့အတွက် ဒီဥစ္စာ မဖြစ်သင့်ဘူးလို့ပဲ ကျနော်ပြောချင်တယ်။”

အန်န်အယ်လ်ဒီပါတီ အနေနဲ့ကတော့ အခု ဇူလိုင် ၁၉ ရက်နေ့မှာကျရောက်မယ့်
အာဇာနည်နေ့ အခမ်းအနားတွေကို ရန်ကုန်မြို့က ပါတီဌာနချုပ်ရုံးမှာ ကျင်းပသွားဖို့
ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ အလားတူ တခြားနယ်မြို့တချို့မှာရှိတဲ့
ပါတီရုံးခွဲတွေမှာလည်း အဲဒီနေ့တွေမှာ အခမ်းအနားတွေ လုပ်သွားဖို့ရှိတယ်လို့ ပါတီ
အသိုင်းအ၀ိုင်းက ပြောပါတယ်။

တကယ်တော့ တချိန်က တခမ်းတနားကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို
မြန်မာနိုင်ငံထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မကျင်းပခဲ့တာ အတော်ကြာခဲ့ပြီဖြစ်သလို အခမ်း
အနား ကျင်းပသူတွေရှိရင်လည်း အာဏာပိုင်တွေစောင့်ကြည့်တာ၊ ကန့်သတ်တာမျိုး
တွေနဲ့ ကြုံရလေ့ရှိပါတယ်။

လတ်တလော အခြေအနေမှာတော့ အာဇာနည်နေ့ နီးကပ်လာတာနဲ့ တိုက်တိုက်
ဆိုင်ဆိုင်ဆိုသလိုပဲ ရန်ကုန်မြို့က အာဇာနည်ဗိမာန်တည်ရှိရာ အနီးတ၀ိုက်အပါအ၀င်
နေရာတချို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတာတွေလည်း ရှိနေတာပါ။ ရန်ကုန်မြို့က
လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ မြို့ခံတယောက် ပြောပြတာကတော့ …

“ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ တပ်မ ၇၇ နဲ့ လုံထိန်းနဲ့ အင်အား ၂၀ လောက်ရှိ
တယ်၊ တပ်စွဲထားတယ်။ နောက် ရွှေတိဂုံဘုရား မြောက်ဘက်မုခ်၊ အာဇာနည်ဂုံးဘက်
မုခ်မှာ လင့်လမ်းအထိ လုံထိးရယ်၊ စစ်သားရယ် ရောပြီးတော့ နှစ်ယောက်တတွဲ၊
သုံးယောက်တတွဲ တောက်လျှောက်ချထားတာ။ ဓာတ်တိုင်တတိုင်စာ မရှိတရှိလောက်
ဆိုရင် သုံးယောက်၊ လေးယောက် အဲဒီလို အတွဲလိုက်ချထားတယ်။ အကုန်လုံး
ပေါင်းကြည့်ရင် အယောက် ၅၀ နီးပါးလောက် ရှိတယ်။”

အာဇာနည်နေ့ နီးကပ်လာတာနဲ့အမျှ ရန်ကုန်မှာ လုံခြုံရေးတွေ ချထားတဲ့အကြောင်း
မြို့ခံတယောက်က ပြောပြသွားတာပဲ ဖြစ်ပါတယ်။

လာမယ့် စနေနေ့ကျရင် ၆၁ နှစ်မြောက် အာဇာနည်နေ့ ကျရောက်တော့မှာဖြစ်ပေမယ့်
လို့ အာဏာပိုင်တွေဘက်က ဒါနဲ့ပတ်သက်လို့ ဘာမှပြောတာဆိုတာမျိုးတွေတော့
မကြားရသေးပါဘူး။ တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ဟာလည်း နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တာမို့ အာဇာနည်ခေါင်းဆောင်
ဖခင်ဖြစ်သူရဲ့ ဂူဗိမာန်ကို ဒီနှစ်မှာလည်း သွားရောက်ဂါရ၀ပြုနိုင်မယ့် အခြေအနေမျိုးမရှိ
ဖြစ်နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG