သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတအပေါ် ICC ၏စွဲချက် တရုတ်စိုးရိမ်


ဆူဒန်သမ္မတကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်တဲ့ကိစ္စအပေါ် စိုးရိမ်
ပူပန်ကြောင်း တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုပါတယ်။ ဒါ့အပြင် ဆူဒန်နိုင်ငံအပေါ်
ကုလသမဂ္ဂက ချမှတ်ထားတဲ့ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေးဆိုင်ရာ ကန့်သတ်
ချက်ကို ချိုးဖောက်တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ ပြောဆိုမှုကိုလည်း တရုတ်အစိုးရက
ငြင်းဆိုထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ဒန်နီရယ်လ် ရှာ့ပ်ဖ်
(Daniel Schearf) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါ
တယ်။

ဆူဒန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လူသားအဖြစ်ကို
ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဒါးဖောဒေသက စစ်ရာဇဝတ်မှု ကျူးလွန်မှုမှာ ဆူဒန်
အစိုးရ ပါဝင်ပတ်သက်ခဲ့မှု စတာတွေနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဆူဒန်သမ္မတ
အိုမာ အယ်လ် ဘရှီးယား (Omar al-Bashir) ကို စွဲချက်တင်ထားတာပါ။ နောက်
သူ့အတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

တရုတ်အစိုးရအနေနဲ့ ဆူဒန်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကြောင်းနဲ့ အခုလို
စွဲချက်တင်တဲ့အပေါ်မှာ အလေးအနက် စိုးရိမ်ပူမိကြောင်း တရုတ်အစိုးရ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျူ ဂျန်ချောင်း (Liu Jianchao) က ပြောပါတယ်။

“ဒါးဖောဒေသက အခြေအနေတွေဟာ စိုးရိမ်ရတဲ့အနေအထားကို ရောက်နေပါတယ်။
နောက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ထိခိုက်စေမယ့် ရှုပ်ထွေးမှုတွေ
ထပ်မတိုးလာစေချင်ဖို့ နှစ်ဖက်စလုံးက သဘောထားကွဲပြားမှုတွေကို စေ့စပ်ညှိနှိုင်း
အဖြေရှာတဲ့နည်းနဲ့ လုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောသွားပါတယ်။

လက်ရှိအာဏာရ တိုင်းပြည်ခေါင်းဆောင်တယောက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက
အခုလို စွဲချက်တင်လာတာ ဒါ ပထမဆုံးအကြိမ်ပါ။ ဆူဒန်အစိုးရကတော့ ဒီစွဲချက်တွေ
ကို ဝေဖန်ရှုတ်ချလိုက်ပြီး ဖမ်းဝရမ်းမှန်သမျှကို မသိကျိုးကျွန်ပြုထားမယ်လို့ ဆိုပါတယ်။

ဒါးဖောဒေသမှာရှိတဲ့ လူမည်း ဆူဒန်လူမျိုးတွေကို စနစ်တကျ မတရားပြုကျင့်ပြီး
သတ်ဖြတ်မှုတွေဖြစ်ပေါ်အောင် မစ္စတာ ဘရှီးယားက အားပေးအားမြှောက် လုပ်နေ
တယ်လို့ စွပ်စွဲခံထားရတာပါ။ ဆူဒန်တောင်ပိုင်းက ဒါးဖောဒေသမှာ အစိုးရတပ်တွေနဲ့
ဂျန်ဂျာဝီး (Janjawee) လို့ခေါ်တဲ့ စစ်သွေးကြွတွေအကြား ၂၀၀၃ ခုနှစ်က စဖြစ်ခဲ့တဲ့
တိုက်ပွဲတွေကြောင့် လူပေါင်း ၃ သိန်းလောက် သေဆုံးပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံးက မစ္စတာ ဘရှီးယားကို ဖမ်းဝရမ်းထုတ်ထားတာ တားမြစ်ဖို့
အတွက် တခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့
မစ္စတာလျူက ပြောပါတယ်။

ဆူဒန်အစိုးရကို တရုတ်နိုင်ငံက လက်နက်တွေ ရောင်းချနေတာကြောင့် အခြေအနေ
တွေ ပိုဆိုးလာနေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။ ဆူဒန်အပေါ် လက်နက်
ရောင်းဝယ်မှုမလုပ်ဖို့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုကို တရုတ်အစိုးရ
က ချိုးဖောက်ပြီး လက်နက်တွေ ရောင်းချခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဒီသီတင်း
ပတ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းထဲမှာ ဆူဒန်ကို တရုတ်အစိုးရက စစ်သုံးထရပ်
ကားတွေရောင်းပြီး စစ်သွေးကြွတွေကိုလည်း လေယာဉ်မောင်းသင်ပေးတယ်လို့ ဖော်ပြ
ထားပါတယ်။

ဘီဘီစီသတင်းဌာနအနေနဲ့ တခြားရည်မှန်းချက်ရှိလို့သာ အခုလို စွပ်စွဲပြောဆိုတာ
ဖြစ်မယ်လို့ မစ္စတာလျူက ပြောပါတယ်။

“ဘီဘီစီသတင်းဟာ မျှတမှုမရှိသလို မှန်ကန်မှုလည်း မရှိပါဘူး။ တရုတ်နိုင်ငံအနေနဲ့
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ပါဘူး။” လို့
ပြောသွားခဲ့ပါတယ်။

ဆူဒန်နိုင်ငံရဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံဟာ အဓိက ရင်းနှီးမြှုပ်နှံတဲ့
နိုင်ငံ ဖြစ်တာကြောင့် အစိုးရနဲ့ သူပုန်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးဖြစ်အောင်
သူ့ရဲ့သြဇာကိုအသုံးပြုပြီး တိုက်တွန်းလုပ်ဆောင်ဖို့နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေး
နေတာပါ။

ဒါပေမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဆူဒန်နိုင်ငံထဲဝင်ခွင့်ရအောင်
လုပ်ဆောင်ခဲ့မှုအပေါ်မှာတော့ တရုတ်နိုင်ငံကို ချီးကျူးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG