သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်မျက် တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော် အတည်ပြု


မြန်မာနိုင်ငံ စစ်အစိုးရရဲ့ စစ်အသုံးစရိတ်နဲ့ ထိပ်ပိုင်းအရာရှိကြီးတွေအတွက် အဓိက
ဖြစ်နေတဲ့ နိုင်ငံခြားဝင်ငွေတွေကို ပိတ်ဆို့နိုင်ရေးရည်ရွယ်တဲ့ Block Burmese Jade
Act လို့ အမည်ရတဲ့ ဥပဒေကြမ်းတခုကို အမေရိကန် အောက်လွှတ်တော်က တခဲနက်
အတည်ပြုလိုက်ပါတယ်။ အထက်လွှတ်တော်ကလည်း အတည်ပြုမှာမို့ သမ္မတအိမ်ဖြူ
တော်က လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်ဖို့ပဲ ကျန်ပါတော့တယ်။ အပြည့်
အစုံကို ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ နိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ သယံဇာတပစ္စည်းတွေကို နိုင်ငံရပ်ခြားကို
တင်ပို့ရောင်းချလို့ရတဲ့ငွေတွေနဲ့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးမှာ အသုံးမချဘဲ
စစ်တပ်အင်အားတိုးချဲ့၊ ပြည်သူတွေကို နှိပ်စက်နေရုံတင်မက ထိပ်ပိုင်းစစ်ခေါင်းဆောင်
ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွား တိုးတက်ရေးသက်သက်ကိုပဲ လုပ်ကိုင်နေတာမို့ စစ်အစိုးရရဲ့
ဒီလို ဝင်ငွေ ရပေါက်ရလမ်းတွေကို ပိတ်ဆို့ရလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု
လွှတ်တော်အတွင်း ပါတီနှစ်ရပ်စလုံးက တခဲနက် အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။

အစောပိုင်းကတည်းက ရှိနေနှင့်ပြီးဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လွတ်လပ်မှုဥပဒေအရ
မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုတွေကို နှစ်စဉ် သက်တမ်းတိုး အတည်ပြု
လုပ်ဆောင်နေပေမယ့် တကယ်တမ်းလက်တွေ့မှာ ယိုပေါက်တွေ ရှိနေခဲ့တာမို့ အခုလို
အထူးတလည် ဥပဒေသစ် ပြဋ္ဌာန်းလုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ အင်္ဂါနေ့ လွှတ်တော်အတွင်း မဲခွဲရာမှာ အဆိုပြု တင်ပြခဲ့သူတဦးဖြစ်တဲ့ လူဝီစီယား
နားပြည်နယ်အမတ် မစ္စတာ မက်ကျူရီက အခုလိုပြောပါတယ်။

“ကွယ်လွန်သူ လွှတ်တော်အမတ် တွမ်လန်းတို့စ် မနှစ်က အစပျိုးတင်သွင်းခဲ့တဲ့ ဒီဥပဒေ
ကြမ်းဟာ မြန်မာနိုင်ငံကထွက်ရှိတဲ့ ကျောက်စိမ်း၊ ပတ္တမြား စတဲ့ အဖိုးတန်
ကျောက်မျက်ရတနာတွေကို အမေရိကန်ပြည်ထောင်စုကို တင်သွင်းခွင့်မပြုဘဲ ပိတ်ဆို့ဖို့
ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံက တိုက်ရိုက်တင်သွင်းမှုတင်မက မြန်မာနိုင်ငံက
ထွက်တဲ့ ကျောက်မျက်ရတနာတွေကို လက်ဝတ်လက်စားအဖြစ် ပြောင်းလဲပြီး တတိယ
နိုင်ငံတွေကတဆင့် တင်သွင်းလာမှာကိုပါ ပိတ်ဆို့နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီလို
နည်းလမ်းနဲ့ မြန်မာစစ်အစိုးရ ရရှိနေတဲ့ ဝင်ငွေတွေကို ပိတ်ဆို့နိုင်ပါလိမ့်မယ်” လို့
လူဝီစီယားနားပြည်နယ် လွှတ်တော်အမတ် မစ္စတာ မက်ကျူရီက ပြောကြားသွားတာ
ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ ကျောက်စိမ်းနဲ့ ပတ္တမြား တင်ပို့ရောင်းချမှုကနေ တနှစ်ကို အမေ
ရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ လောက် ဝင်ငွေရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ အခု
အမေရိကန်လွှတ်တော်မှာ တင်သွင်းတဲ့ ပိတ်ဆို့ရေး အဆိုပြုချက်ကို အမေရိကန်
ထိပ်တန်း ကျောက်မျက်ရတနာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ တစ်ဖ်နီနဲ့ ဘာလ်ဂါရီလို ကုမ္ပဏီ
ကြီးတွေကရော လက်ဝတ်ရတနာဆိုင်ပေါင်း တထောင်ကျော်ကပါ ထောက်ခံ သဘော
တူညီပြီးလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးပွဲမှာ အဆိုပြုခဲ့သူ နောက်တဦး
ဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်အမတ် မစ္စ ရို့စ်လေတန်ကတော့ …

“မြန်မာစစ်အစိုးရရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးဟာ သူ့ရဲ့သမီး မင်္ဂလာဆောင်
အတွက် အသုံးစရိတ်ကို တနိုင်ငံလုံးရဲ့ ကျန်းမာရေးအသုံးစရိတ်ထက် သုံးဆပိုပြီး
အကုန်အကျခံခဲ့တယ်လို့ သိရပါတယ်။ စိန်တွေ၊ ရွှေတွေသီးနေတဲ့ သူ့သမီးရဲ့ဓာတ်ပုံ
တွေကို မြင်ရတာဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့
နှိုင်းယှဉ်ပြီး အလွန်စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်” လို့ မစ္စလေတန်က ပြောကြားသွားပါ
တယ်။

လွန်ခဲ့တဲ့နှစ်နှစ်က ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး မင်္ဂလာဆောင်
အကြောင်း မြင်တွေ့ရမှုကို အခုလို ပြန်ပြောင်းပြောပြခဲ့တဲ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာ
လက ရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ ဗုဒ္ဓဘာသာ သံဃာတော်များဦးဆောင်တဲ့
လူထုလှုပ်ရှားမှုကို စစ်အစိုးရက နှိပ်ကွပ်ခဲ့ပုံ၊ မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်
ဆိုင်ကလုံးမုန်တိုင်းအပြီး နိုင်ငံတကာရဲ့ အကူအညီပေး ကမ်းလှမ်းချက်တွေကို လျစ်လျူ
ရှုပြီး စစ်အစိုးရအနေနဲ့ သူတို့အာဏာတည်မြဲရေးအတွက် အခြေခံဥပဒေ အတည်ပြုရေး
လူထုဆန္ဒခံယူပွဲကို အတင်းအကျပ် ကျင်းပခဲ့ပုံ စတာတွေကိုလည်း အောက်လွှတ်တော်
မှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။

အခုအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို ဦးဆောင်ဆွေးနွေးခဲ့တဲ့ ကယ်လီဖိုးနီးယား
ပြည်နယ် ဒီမိုကရက်လွှတ်တော်အမတ် မစ္စတာ ဘားမန်းကတော့ …

“မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း
စုကြည် ပြောကြားခဲ့ဖူးတာကတော့ သင်တို့ရဲ့လွတ်လပ်မှုတွေကို အသုံးချပြီး ကျမတို့ရဲ့
လွတ်မြောက်မှုကို မြှင့်တင်ဆောင်ကြဉ်းပေးပါလို့ ဆိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့
အမေရိကန်ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ကျနော်တို့ရဲ့ လွတ်လပ်မှုတွေကို
အသုံးချပြီး မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်လိုက်ခြင်း
အားဖြင့် မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး စောင့်ရှောက်မှု
တွေကို ပိုပြီး တိုးမြှင့်ပေးနိုင်ကြပါလိမ့်မယ်” လို့ လွှတ်တော်အမတ် မစ္စတာဘားမန်းက
ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒီအောက်လွှတ်တော်အတွင်း အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်က
လည်း မကြာခင် အတည်ပြုပေးမှာမို့ အိမ်ဖြူတော်က သမ္မတကိုယ်တိုင် လက်မှတ်
ရေးထိုး အတည်ပြုပြီးရင် ဥပဒေအဖြစ် မကြာခင် အတည်ပြု အကောင်အထည် ပေါ်လာ
လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG