သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ လာရောက်မည့်ကိစ္စ ပြည်တွင်း ဒီမိုကရေစီအင်အားစုများ မျှော်လင့်ချက် သိပ်မထား


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ ရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်မှု တွေဟာ တိုးတက်မှုနှောင့်နှေးလွန်းတဲ့အတွက် အားမလို အားမရ ဖြစ်မိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောပါတယ်။

အခု မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်သွားဘို့ ပြင်ဆင်နေပေမယ့် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တိုးတက်မှု ရှိမယ်လို့ မမျှော်လင့်ရဲကြတဲ့အကြောင်း ပြောဆိုကြတာဖြစ်ပါတယ်။

အန်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ဂမ်ဘာရီက ဒီကိစ္စကို ကြိုးစားဆောင်ရွက်မယ်။ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ဆိုတော့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ပါတာပေါ့။ အခုဆောင်ရွက်နေတာဟာ ၂၀၀၇ အောက်တိုဘာကနေပြီးတော့ အခုဆိုရင် ၇လပိုင်းတောင် ရောက် နေပြီ၊ ဒီကြားထဲမှာ တိုးတက်မှုက သိပ်နှေးကွေးလွန်းတယ်ပေါ့။ ကျွန်တော်တော့ အဲဒီလိုပဲ မြင်တယ်။ အခု ရောက်ပြီး ရင်လည်း ချက်ချင်းကြီး အဖြေပေါ်ဖို့ မျှော်လင့် မထားဘူး။ ဒါပေမယ့် ဆောင်ရွက်မှုတွေ မှန်သမျှကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ မျှော်လင့်ချက်အနေနဲ့ သိပ် ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ သိပ်ပြီး မျှော်လင့်နိုင်တဲ့ အခြေအနေ မတွေ့သေးဘူး။”

မစ္စတာ ဂမ်ဘာရီဟာ ပြီးခဲ့တဲ့ မေလကတည်းက မြန်မာနိုင်ငံကို ပြန်သွားဘို့ စီစဉ် ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်ဆီးမှုတွေကြုံ နေရတဲ့အတွက် ခရီးစဉ် မဖြစ်မြောက်ခဲ့တာလို့ စစ်အစိုးရဘက်က ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေဟာ လတ်တလော လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တွေတော့ မရှိတဲ့အကြောင်း ဝေဖန်မှုတွေ ရှိခဲ့သလို ကုလသမဂ္ဂ ဘက်ကလည်း ဒီလို တိုးတက်မှုတွေ မရှိဘူးဆိုတာ ဝန်ခံခဲ့ပါတယ်။

ဇိုမီးအမျိုးသား ကွန်ဂရက်စ် ဥက္ကဠ ပုကျင်းရှင်ထန့်ကတော့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ဂမ်ဘာရီနဲ့ ပတ်သက်လာရင်တော့ ဂမ်ဘာရီလာတယ်။ ဂမ်ဘာရီ ပြန်သွားတယ်။ ဒါလောက်ပဲ သိတယ်လေ။ ဘာမှ ထူးထူးထွေထွေ မရှိဘူး။ အခုလည်း ဒီလိုပဲ ဖြစ်မယ်ထင်တာပဲ။ သိပ်မမျှော်လင့်ပါဘူး ခင်ဗျ။”

မစ္စတာ ဂမ်ဘာရီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက နှိမ်နှင်းခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ၃ ကြိမ် သွားရောက်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်သွားရောက်ခဲ့တာဟာ ပြီးခဲ့တဲ့ မတ်လဆန်းက ဖြစ်ပါတယ်။

မြန်မာ စစ်အစိုးရက မေလ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကို ကုလသမဂ္ဂက လေ့လာ စောင့်ကြည့် နိုင်အောင် မစ္စတာ ဂမ်ဘာရီ ခွင့်တောင်းခဲ့တာကို စစ်အစိုးရက ပယ်ချခဲ့ပါတယ်။

ဦးဉာဏ်ဝင်းကတော့ ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်ရတဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အကန့်အသတ်တွေ ရှိတာ မှန်ပေမယ့် မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုတွေ အားလုံးကိုတော့ကြိုဆိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ကုလသမဂ္ဂအနေနဲ့ ဥပဒေအရ၊ ချာတာအရ ဘယ်လောက်ဆောင်ရွက်ခွင့် ရှိသလဲဆိုတာ သိပါ တယ်။ ဒါကြောင့် ကုလသမဂ္ဂက ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကို လက်ခံတယ်။ အောင်မြင်ဖို့ မအောင်မြင်ဖို့ဆိုတာ ကုလသမဂ္ဂတခုတည်း မဟုတ်ပါဘူး။ လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ အားလုံး တသဘောတည်း ဖြစ်လာတဲ့ အချိန်ကြမှ အောင်မြင်မယ်လို့ ကျွန်တော်တို့ ဒီလိုပဲ မြင်ပါတယ်။”


မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံ ခရီးစဉ်တိုင်းမှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော စစ်အစိုးရ အရာရှိေတွေကိုပါ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့်လည်း မစ္စတာဂမ်ဘာရီ ခရီးစဉ်ကာလတွေ ပြီးသွားတိုင်း မြန်မာစစ်အစိုးရက ခန့်ထားတဲ့ ဆက်ဆံရေးအရာရှိ အလုပ်သမားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံပွဲတွေ လည်း ရပ်တန့် နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးမှု အခြေအနေမှာ ကျေနပ်မှုမရှိတဲ့အကြောင်း အန်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ဇန္နဝါရီလ ဆန်းမှာ ပြောဆို ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အကောင်းဘက်ကို မျှော်လင့်ပြီး စိတ်ရှည်ဘို့ လိုတဲ့တချိန်တည်းမှာ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ဘို့ မှာကြားထားတဲ့အကြောင်း အန်လ်ဒီ က ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG