သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း အထောက်အပံ့ ဒေါ်လာ ၃၃ သန်းကျော် FAO မှတောင်းခံ


မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးသင့်ခဲ့တဲ့
မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စားနပ်ရိက္ခာ
ဖူလုံရေး ထုတ်လုပ်ရေးတွေအတွက်
နောက်ထပ် အမေရိကန်ဒေါ်လာ ၃၃ သန်း
ကျော်လိုအပ်နေတယ်လို့ FAO စားနပ်ရိက္ခာ
နဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ကနေ နိုင်ငံ
တကာကို တောင်းခံလိုက်ပါတယ်။ အခု
ရောက်နေတဲ့ စိုက်ပျိုးရာသီအတွင်း
လယ်ယာလုပ်ငန်းအတွက် အထောက်အပံ့၊
အကူအညီတွေ အမြန်ဆုံးလိုအပ်တယ်လို့
လည်း ဆိုပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အားထားရတဲ့ ဒေသ
တခုပါ။ အခုတော့ ဒီဒေသက လယ်သမား ၇၅% လောက်မှာ လုံလောက်တဲ့မျိုးစပါးတွေ
မရှိတာကြောင့် FAO က စိုးရိမ်ပူပန်နေပါတယ်။ အခု သြဂုတ်လအကုန်ဆိုရင်ပဲ စိုက်ပျိုး
ရာသီချိန် ကုန်မှာမို့ လယ်သမားတွေ စိုက်ပျိုးရေးအတွက် အကူအညီတွေ အလျင်အမြန်
ကို လိုအပ်နေတာပါ။ မေလတုန်းက ဒီဒေသကို ရိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း
ကြောင့် စပါးစိုက်ပျိုးမြေ ဟက်တာ ၈ သိန်းနီးပါး၊ ရာခိုင်နှုန်းအားဖြင့် ၆၃% လယ်မြေ
တွေ ထိခိုက်မှုရှိခဲ့သလို၊ မျိုးစပါး ၈၅% ဟာလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ FAO က
ကြေညာခဲ့ပါတယ်။ ဒါကြောင့် အကူအညီတွေ အလျင်အမြန်ရရှိဖို့ FAO က နိုင်ငံတကာ
ကို အကူအညီတွေ တောင်းခံထားတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ
မာရီး အိုဂါဘီးက မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါ
တယ်။

"မြန်မာနိုင်ငံမှာ အဓိက စိုက်ပျိုးရာသီမတိုင်ခင် စိုက်ပျိုးရေးဆိုင်ရာ အထောက်အပံ့၊
အကူအညီတွေ အလျင်အမြန် လိုအပ်နေတာကြောင့် ဆိုင်ကလုံးဒေသ မိသားစုဝင်တွေ
စားဝတ်နေရေးနဲ့ ဒီအချိန်ကာလအတွင်း စိုက်ပျိုးထုတ်လုပ်ရေးတွေမှာ အကူအညီပေးဖို့
FAO စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃.၅
သန်း ရရှိဖို့ တောင်းခံထားပါတယ်။"

စိုက်ပျိုးရေးတင်မဟုတ်ပါဘူး၊ ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ငါးမွေးမြူ
ရေး၊ ပင်လယ်နဲ့ ရေထွက်ပစ္စည်းလုပ်ငန်းတွေ စတဲ့ စားနပ်ရိက္ခာ ထုတ်လုပ်ရေးတွေ
အတွက်လည်း FAO က ကူညီထောက်ပံ့သွားမယ်လို့ မာရီးအိုဂါဘီးက ပြောခဲ့ပါတယ်။

"ဆန်စပါးထုတ်လုပ်မှု ကျဆင်းတာကြောင့် အဲဒီဒေသက လူထုအတွက် စားနပ်ရိက္ခာ
လုံလောက်ဖွယ်မရှိဘူးလို့ FAO က ပြောပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာ ဖူလုံရေး
အတွက်ဆိုရင် အဲဒီဒေသက မိသားစုဝင်တွေကို အခြား အစားထိုးသီးနှံ စိုက်ပျိုးရေး
နည်းလမ်းတွေမှာ အကူအညီတွေ ပေးဖို့လိုသလို၊ အိမ်မွေးတိရစ္ဆာန်တွေ၊ ငါးလုပ်ငန်း၊
ပင်လယ်လုပ်ငန်းတွေနဲ့ သစ်တောအခြေခံ စားဝတ်နေရေးလုပ်ငန်းတွေ အလျင်အမြန်
လုပ်ကိုင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။"

မြစ်ဝကျွန်းပေါ်ဒေသရဲ့ အခြား အဓိကထုတ်ကုန်ဟာ ငါးလုပ်ငန်းနဲ့ ပင်လယ်လုပ်ငန်းတွေ
ဖြစ်ပါတယ်။ အခုဆိုရင် မုန်တိုင်းကြောင့် ရေလုပ်သား ၁ သိန်းကျော်လောက် လုပ်ငန်း
ထိခိုက်ကုန်ပြီး သူတို့ရဲ့လှေတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါ
တယ်။ ဒါ့အပြင် မွေးမြူရေးကန် ပမာဏ ဟက်တာ ၂ သောင်းကျော်လည်း ပျက်စီး
ကုန်တယ်လို့ FAO က ဆိုပါတယ်။ ဒီအတွက် လာမယ့်တနှစ်အတွင်း ဒေါ်လာ သန်း ၅၀
ကျော် လိုအပ်နေတယ်လို့ ဆိုပါတယ်။

"လယ်ယာလုပ်ငန်း၊ ငါးလုပ်ငန်း၊ ပင်လယ်နဲ့ ရေထွက်ပစ္စည်းလုပ်ငန်းနဲ့ သစ်တော
လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ကူညီရေးလိုအပ်ချက်ဟာ
လာမယ့် ၁၂ လအတွင်း ဒေါ်လာ ၅၁ သန်း လိုအပ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အပတ်
အတွင်း မြန်မာ နာဂစ်မုန်တိုင်း ပြန်လည်ကယ်ဆယ်နေရာချထားရေးအတွက် ကုလ
သမဂ္ဂက တောင်းခံထားတဲ့ ငွေထဲက ပမာဏတခုပါ။ အဲဒီမှာတော့ စိုက်ပျိုးရေးလုပ်ငန်း
တွေ အပါအဝင် ကူညီရေးလုပ်ငန်းအားလုံးအတွက် အမေရိကန်ဒေါ်လာ ၃၀၃ သန်း
တောင်းခံခဲ့ပါတယ်။"

FAO အနေနဲ့ အခုထပ်ပြီးတောင်းခံတဲ့ အကူအညီတွေဟာ လယ်သမားငယ်တွေ စပါး
စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့ စားနပ်ရိက္ခာ ထုတ်လုပ်ရေးတွေအတွက် ဖြစ်ပါတယ်။
ဒီအထဲမှာ စပါးမျိုးစေ့တွေ၊ နွေကောက်ပဲသီးနှံမျိုးစေ့တွေ၊ မြေသြဇာတွေ ထွန်ယက်ဖို့
ကျွဲနွားတွေ၊ ရေစုပ်စက်တွေနဲ့ မြေယာပြုပြင်တာတွေ စိုက်ပျိုးဖို့တွေအတွက် လိုအပ်တဲ့
ပစ္စည်းပစ္စယတွေ ဝေငှသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG