သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများဆိုင်ရာ ကြေညာစာတမ်း ၆၄ နိုင်ငံတင်သွင်း


အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ ၂၇ နိုင်ငံနဲ့ တခြား ၃၆ နိုင်ငံ စုပေါင်းပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် (၆၀) ပြည့် နှစ်ပတ်လည် အထိန်းအမှတ်ဖြစ်တဲ့ ဒီနှစ်မှာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်နေကြတဲ့ နိုင်ငံတွေကို သတိပေးတဲ့အနေနဲ့ Prisoners of Conscience လို့ခေါ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဆိုင်ရာ ကြေညာစာတမ်းကို ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တရားဝင် တင်သွင်းခဲ့ကြပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွတ်မြောက်စေဖို့ နိုင်ငံတကာက လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ ၂၇ နိုင်ငံနဲ့ တခြား ၃၆ နိုင်ငံ စုပေါင်းပြီး လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်နေတဲ့ နိုင်ငံတွေကို သတိပေးတဲ့အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဆိုင်ရာ ကြေညာစာတမ်းကို တင်သွင်းခဲ့ကြတာပါ။ ဒီလို တင်သွင်းခဲ့တဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ပတ်သက်ပြီး တချိန်က ယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံမှာ အကျဉ်းချခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးလှုပ်ရှားနေတဲ့ USCB အဖွဲ့က ဦးအောင်ဒင်က အခုလို ပြောပါတယ်။ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ အကျဉ်းသားတွေ ရှိမယ်ဆိုလို့ရှိရင် အဲဒါတွေကို အမြန်ဆုံးလွှတ်ဖို့ လူသားအားလုံးကိုလည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေ ပေးဖို့ စသဖြင့် သူတို့ကနေပြီးတော့ တခြားနိုင်ငံတွေကို ဆက်ပြီးတော့ တိုက်တွန်း နှိုးဆော်သွားမယ်ပေါ့။ အခုသူတို့ ၆၄ နိုင်ငံက ကြေညာစာတမ်းကို လက်မှတ်ထိုးပြီးသား ဖြစ်တယ်။ အဲဒီဟာကိုပဲ အခု ဒီကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂ နိုင်ငံစလုံးကို ဆက်ပြီး ဖြန့်ချိထားပြီးသား ဖြစ်တယ်။ ဆိုတော့ တဖြည်းဖြည်းနဲ့ ဒီကြေညာစာတမ်းကြီးမှာ လက်မှတ်ထိုးတဲ့နိုင်ငံတွေ များသထက်များလာအောင် သူတို့က ဆက်ပြီးတော့ လှုံ့ဆော် သွားမယ်။ အဲဒီလိုနဲ့ သူတို့က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများနဲ့ပတ်သက်ပြီး တကမ္ဘာလုံးက ခိုင်ခိုင်မာမာ ရပ်တည်သွားကြဖို့ သူတို့က လှုံ့ဆော် စည်းရုံးသွားကြမှာပါ။"

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ မစ်ရှင်အဖွဲ့က ပူးတွဲပြီး လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ နယူးယောက်ခ်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများဆိုင်ရာ ကြေညာစာတမ်းအတွက် တခြားနိုင်ငံများ တက်တက်ကြွကြွ ပါဝင်လာဖို့ လှုံ့ဆော်တဲ့ အခမ်းအနား တရပ်ကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီအခမ်းအနားမှာ ချက် သမ္မတ နိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ခဲ့တဲ့ သမ္မတဟောင်း ဗားကလပ် ဟာဗဲလ် ကို အဖွင့်အမှာစကားပြောဖို့ ဖိတ်ကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံ ၆ နိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း ၆ ယောက်ကို သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြဖို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံက အကျဉ်းသားဟောင်းတွေကိုယ်စား ဦးအောင်ဒင်ကို စကားပြောဖို့ ဖိတ်ကြားထားပြီး ကျန် ၅ နိုင်ငံကတော့ ဘဲလားရု(ချ်)၊ ကျူးဘား၊ အုစဘက်၊ ဆီးရီးယားနဲ့ အေးထရီးယားနိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

"ကမ္ဘာပေါ်မှာ အဆိုးရွားအကြမ်းကြုတ်ဆုံး အာဏာရှင်စနစ်က အုပ်ချုပ်နေတဲ့ နိုင်ငံများကို ပြပါဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါတယ်။ အဲဒီလိုပဲ ကမ္ဘာပေါ်မှာ နိုင်ငံရေး အကျဉ်းသားအများဆုံး ရှိတဲ့နိုင်ငံ၊ ရည်ရွယ်ချက် ကြောင့် အကျဉ်းကျနေရသူများ အများဆုံးရှိတဲ့နိုင်ငံကို ပြပါဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါပါတယ်။ ဆိုတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျရသူများ ဆိုင်ရာ ကြေညာစာတမ်းကို အကောင်အထည် ဖော်ကြမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက မပါလို့ကို မရတော့ဘူး။"

ဟုတ်ကဲ့။ အခု မှတ်တမ်းရှိထားတဲ့၊ မှတ်တမ်းမရှိတဲ့သူတွေလည်း အများကြီး ရှိမှာပေါ့နော်။ မှတ်တမ်းရှိထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူ မြန်မာနိုင်ငံမှာ ဘယ်နှစ်ယောက်လောက် ရှိလဲရှင့်။ -

"အခု သိသလောက် လက်ရှိကာလမှာဆိုရင် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျောင်းသားတွေပါမယ်၊ အမျိုးသမီးတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘုန်းတော်ကြီးတွေ၊ သီလရှင်ဆရာကြီး ဆရာလေးတွေ၊ တခြား ဘာသာရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားတွေ ပေါင်းလိုက်မယ်ဆိုရင် လူ ၂,၀၀၀ လောက်ရှိပါသေးတယ်။ လက်ရှိအချိန်မှာ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူ ဦးအောင်ဒင်က ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG