သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား အသက် ၉၀ ပြည့်မွေးနေ့ တောင်အာဖရိက နိုင်ငံတဝန်းကျင်းပ


တောင်အာဖရိကနိုင်ငံ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နယ်ဆင်မန်ဒဲလားဟာ မနေ့ သောကြာနေ့ အသက် ၉၀ ပြည့် မြောက်မွေးနေ့ပွဲကို သူ့နေအိမ်မှာ မိသားစုတွေနဲ့ သီးခြားကျင်းပပြုလုပ်သွားပါတယ်။ ဒါပေမယ့်လည်း တောင်အာဖရိက တနိုင်ငံလုံးမှာတော့ အများပြည်သူကနေ သူ့မွေးနေ့ပွဲကို အတော်လေး ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

တောင်အာဖရိက တနိုင်ငံလုံးမှာ မစ္စတာမန်ဒဲလားရဲ့ အသက် ၉၀ ပြည့်မွေးနေ့ကို တခမ်းတနား ကျင်းပကြပုံကို တောင်အာဖရိက ဂျိုဟမ်းစဘတ်မြို့ ဗွီအိုအေ ဌာနခွဲကနေ သတင်းထောက် Delia Robertson က သတင်းပေးပို့ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံတလွှား အစိုးရအဖွဲ့ရုံးတွေကနေ ဟိုးအောက်ဆုံး မူလတန်းကျောင်းတွေ အထိ နောက် ဆေးရုံဆေးခန်းတွေကနေ အကျဉ်းထောင်တွေထဲအထိ ကုန်တိုက်ကြီးတွေကနေ လမ်းဘေး ဈေးသည်တွေ အထိ တောင်အာဖရိက ပြည်သူတွေဟာ သူတို့ နှစ်သက်မြတ်နိုးတဲ့ နယ်ဆင်မန်ဒဲလားရဲ့ အသက် ၉၀ ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါတယ်။ မစ္စတာမန်ဒဲလားကို သူ့ရဲ့မျိုးနွယ်နာမည်ဖြစ်တဲ့ Madiba အနေနဲ့ တောင်အာဖရိကမှာ လူသိများကြပါတယ်။

အခုလို မစ္စတာ မန်ဒဲလားမွေးနေ့ ကျင်းပတာဟာ တောင်အာဖရိက နိုင်ငံအတွက် သူ့ရဲ့ စွမ်းဆောင်ခဲ့တာတွေကို ဂုဏ်ပြုခြင်း ဖြစ်တယ်လို့ တောင်အာဖရိကသမ္မတ Thabo Mbeki က ပြောပါတယ်။

"အခုလို ဒီမွေးနေ့ပွဲကို ကျင်းပနေချိန်မှာ ကျနော်တို့အနေနဲ့က ပြီးခဲ့တဲ့ နှစ်ပေါင်း ၉၀ ကာလအတွက် ကျေးဇူးတင် အမှတ်ရစေရုံတင် မဟုတ်ဘဲနဲ့ ဒီနှစ်ပေါင်း ၉၀ ကာလမှာ ကျနော်တို့ ရှေ့ကို ဘယ်လို သွားမလဲဆိုတာ လမ်းညွှန်ခဲ့တာတွေ အတွက်လည်း အမှတ်ရစေဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်အာဖရိက နိုင်ငံရဲ့ အသွင်ကူးပြောင်းမှု တာဝန်ကြီးက အခုအချိန်အထိ မပြီးသေးလို့ပါ။"

အသားအရောင်ခွဲခြားရေး ဆန့်ကျင်မှုတွေကို ဦးဆောင်လှုပ်ရှားမှုကြောင့် မစ္စတာ မန်ဒဲလားဟာ နှစ်ပေါင်း ၃၀ လောက် အကျဉ်းချ ခံခဲ့ရပါတယ်။ ဒီကနေ သူ့ကို ပြန်လွှတ်ပေးခဲ့ပြီး တောင်အာဖရိကတိုက် အသားအရောင် ခွဲခြားရေး လူဖြူအစိုးရရဲ့ နောက်ဆုံး သမ္မတ လုပ်ခဲ့သူ F.W de Klerk ကတော့ နိုင်ငံရေး အတိုက်အခံတွေနဲ့ ဖိနှိပ်အုပ်စိုးသူ ခေါင်းဆောင်တွေ အကြား အတူတကွ တွဲလုပ်ခဲ့ရတဲ့ ၆ နှစ်တာ ဝရုန်သုန်းကား ကာလကြီးကို ပြန်အောင်မေ့ခဲ့ပါတယ်။ မစ္စတာ မန်ဒဲလားဟာ ၂၀ ရာစုရဲ့ အကြီးမားဆုံး ပုံရိပ်တခုဖြစ်သလို၊ သူ့ကို သူငယ်ချင်းမိတ်ဆွေအဖြစ် သတ်မှတ် ခေါ်ဝေါ်ရတဲ့ အတွက် သူ့မှာ ဂုဏ်ယူရတယ်လို့ မစ္စတာဒီကလပ်က ပြောပါတယ်။

"ပျော်ရွင်သောမွေးနေ့ ဖြစ်ပါစေ Madiba - မိတ်ဆွေကြီးရေ တောင်အာဖရိကတိုက်အတွက် ခင်ဗျား လုပ်ဆောင်ခဲ့တာဟာ အင်မတန် အံ့မခန်းပါပဲ။ ခင်ဗျားရဲ့ စွမ်းဆောင်ကြိုးပမ်းချက်တွေဟာ အမြဲတမ်း ထင်ကျန်နေမှာပါ။ ဒီလို ဆောင်ရွက် ကြိုးပမ်းမှုတွေ ထပ်တိုး လုပ်နိုင်ဖို့ နောက်ထပ် နှစ်အများကြီး အသက်ရှင်နေနိုင်ပါစေဗျာ။"

နေအိမ်ကနေပြောတဲ့ မိန့်ခွန်းတရပ်မှာတော့ ကမ္ဘာပေါ်က ဆင်းရဲမွဲတေမှုတွေကို ဖြေရှင်းကြဖို့ ကမ္ဘာခေါင်းဆောင်တွေ ကိုရော စီးပွားရေး သမားကြီးတွေကိုပါ မစ္စတာ မန်ဒဲလားက တိုက်တွန်းခဲ့ပါတယ်။ ငယ်ရွယ်တဲ့ တောင်အာဖရိက လူငယ်တွေကိုလည်း သူတို့ဘဝမှာ စည်းစနစ်ကျကျ နေထိုင်ကြဖို့ မှာကြားပါတယ်။ ဂျိုဟမ်းစဘတ်မြို့ ဆိုဝီတိုအရပ်က Zama လို့ ခေါ်တဲ့ လူငယ်ကျောင်းသား တဦးကတော့ မစ္စတာ မန်ဒဲလားမွေးနေ့အတွက် အမှတ်တရ နိုင်ငံတော်ပိုင် ရေဒီယိုကနေ အခုလို ပြောပါတယ်။

"အသက် ၉၀ ပြည့်မွေးနေ့အနေနဲ့ နယ်ဆင် မန်ဒဲလားအတွက် တခုခု လက်ဆောင်ပေးရမယ်ဆိုရင်တော့ အကျဉ်းထောင်ထဲ သူနေခဲ့ရတဲ့ နှစ်သက်တမ်းတွေ ကျနော်တို့ ဘဝတွေ ကောင်းမွန်လာစေဖို့ သူ နှစ်မြုပ်လုပ်ကိုင်ခဲ့တဲ့ နှစ်ကာလတွေပဲ ဖြစ်ပါလိမ့်မယ်။ သူနဲ့ အခြား ဒီမိုကရက်တွေ ကျနော်တို့အတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့တာတွေကြောင့် ကျနော် ဒီနေရာကို ရောက်နေတာပါ။"

မစ္စတာမန်ဒဲလားရဲ့ မွေးနေ့ကို တောင်အာဖရိက နိုင်ငံအတွင်းနဲ့ အခြား ကမ္ဘာ့နေရာတွေမှာလည်း အတော်များများ ကျင်းပကြပါတယ်။ နှစ် ၂၀ လောက် သူနေခဲ့ရတဲ့ အကျဉ်းထောင်ရှိရာ ရောဘင်အိုင်း လမ်းတဝိုက် မာရသွန်ပြေးပွဲတွေ၊ အထိမ်းအမှတ် အမှတ်တရ စာအုပ်တွေ ပုံနှိပ်ဖြန့်ဝေတာတွေ၊ နှစ်စဉ်လုပ်နေကြ ကလေးငယ်တွေအတွက် ပွဲလမ်းသဘင်ကို သူဦးဆောင်ပြီး လုပ်ခဲ့တာတွေ၊ ဒီမတိုင်ခင်မှာလည်း မစ္စတာ မန်ဒဲလားရဲ့ ပရဟိတ္တလူမှုရေးလုပ်ငန်း ရံပုံငွေအတွက် လန်ဒန်မှာ ဂီတဖျော်ဖြေပွဲလုပ်တာတွေ ရှိခဲ့ပါတယ်။

လန်ဒန်က ပွဲမှာတော့ လူသားအချင်းချင်း ကူညီစောင်မတဲ့ ကျင့်ဝတ်တန်ဖိုးတွေကို မွေးမြူကြဖို့ သူက တိုက်တွန်းခဲ့ပြန်ပါတယ်။

"အခု ပွဲမှာ အသက် ၉၀ အရွယ် လူကြီးတဦးအနေနဲ့ မှာရမယ်ဆိုရင်တော့ ဘယ်သူမဆို အသက် အပိုင်းအခြားမရွေးဘဲ လူသားအချင်းချင်း ချစ်ကြည်စည်းလုံးဖို့ နေ့ တဓူဝမှာလည်း အခြားသူတွေကို ဂရုဏာမေတ္တာတရားတွေ ထားပြီး ဆက်ဆံကြဖို့ ပြောလိုပါတယ်။"

မစ္စတာမန်ဒဲလားရဲ့ အခုမွေးနေ့ဟာဆိုရင်တော့ အရင် မိုဇန်ဘတ် သမ္မတကတော်ဟောင်း ဖြစ်ခဲ့တဲ့ Graca Machel နဲ့ လက်ထပ်ခဲ့တာ ၁၀ နှစ်မြောက် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG