သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးကြောင့် ပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုးရေး အာဆီယံနိုင်ငံတွေအကြား မေးခွန်းထုတ်နေဆဲ


အာဆီယံအဖွဲ့အတွင်း ပဋိညာဉ်စာတမ်းကို
အဖွဲ့ဝင်နိုင်ငံတွေအကြား လက်မှတ်ရေးထိုး
ရေးဟာ မြန်မာနိုင်ငံနဲ့ဆက်နွယ်ပြီး
မေးခွန်းထုတ်တာတွေ ရှိနေဆဲပဲလို့
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဝန်ခံ
ပြောဆိုပါတယ်။ တချိန်တည်းမှာ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် နေအိမ်အကျယ်ချုပ်က
လွတ်မြောက်ရေးဟာ အာဆီယံဘက်က
မျှော်လင့်ချက်သာဖြစ်ပြီး ရေရာမှုမရှိတဲ့အကြောင်း ဒီမိုကရေစီအင်အားစုတွေက
တုံ့ပြန်ကြပါတယ်။ အသေးစိတ်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းကို မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံက သဘော
တူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံအဖွဲ့အတွင်းမှာ
ဒီမိုကရေစီစနစ်ကို အကျင့်သုံးဆုံးလို့ သတ်မှတ်ခံထားရတဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့
ဖိလစ်ပိုင်နိုင်ငံ ၃ နိုင်ငံက သဘောတူလက်မှတ်ရေးထိုးတာ မရှိသေးပါဘူး။

ထိုင်းနိုင်ငံကတော့ ရှေ့လလောက်မှာ ပဋိညာဉ်စာတမ်းကို သဘောတူ လက်မှတ်ရေး
ထိုးမယ်လို့ အာဆီယံခေါင်းဆောင်တွေက မျှော်လင့်ထားကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့
ပတ်သက်လို့လည်း တစုံတရာ ပြသနာမရှိပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ မြန်မာ
စစ်အစိုးရနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာတွေ ရှိနေသေးတယ်လို့ စင်ကာပူနိုင်ငံခြား
ရေးဝန်ကြီး ဂျော့ချ်ယိုး (George Yeo) က မနေ့က သတင်းထောက်တွေကို ပြောဆိုပါ
တယ်။

"ဖိလစ်ပိုင်နိုင်ငံကတော့ အာဆီယံ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးဖို့ဆိုရင်
မြန်မာစစ်အစိုးရက ဘယ်လောက်ကောင်းကောင်းမွန်မွန် နေမလဲဆိုတဲ့အပေါ် မူတည်
တယ်ဆိုပြီး စောစောပိုင်းက ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တွေက ပြောထား
တော့ အခုလည်းပဲ ဒါနဲ့ပတ်သက်လို့ မေးစရာနည်းနည်း ရှိနေပါသေးတယ်။ ဖိလစ်ပိုင်ရဲ့
ရပ်တည်ချက်ကို ကျနော်တို့အားလုံးက သဘောမတူပါဘူး။ မြန်မာနိုင်ငံကို ဒီ ပဋိညာဉ်
စာတမ်း လက်မှတ်ရေးထိုးပြီးမှ ဘယ်လိုစံသတ်မှတ်ချက် မူတွေကို လိုက်နာသင့်တယ်
ဆိုတာမျိုး ပြောသင့်ပါတယ်။ လက်မှတ်မထိုးခင် ကြိုပြီး ဘာလုပ်ရမယ်ဆိုတာမျိုး
မပြောသင့်ပါဘူး။"

ဒါပေမယ့်လည်း မကြာသေးခင်တုန်းက ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တချို့နဲ့
ဆွေးနွေးချက်အရ ဖိလစ်ပိုင်နိုင်ငံအနေနဲ့လည်း မကြာခင် ပဋိညာဉ်စာတမ်းကို
လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်တဲ့အကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက
ပြောပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံတွေအားလုံး လက်မှတ်ရေးထိုးပြီးခဲ့ရင်
အာဆီယံအဖွဲ့အတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တခုကို ဖွဲ့စည်းပြီး လူ့အခွင့်အရေးနဲ့
ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ စနစ်တရပ် ထူထောင်မယ်လို့
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
တော့ အာဆီယံဒေသတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ဆိုရင် ပဋိညာဉ်
စာတမ်းကို တိတိကျကျ လိုက်နာဖို့လိုတယ်လို့ ပြောဆိုပါတယ်။

"ကျနော်တို့ ဒီပဋိညာဉ်စာတမ်းကို အကောင်အထည်ဖော်တဲ့နေရာမှာ တိတိကျကျ
ဆောင်ရွက်ရင် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ ရှိပါတယ်။"

ဒီအတောအတွင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ တည်ဆဲ
ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ်အထိ ချုပ်နှောင်ထားနိုင်ကြောင်း ပြောဆို
ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ်တနှစ်မပြည့်ခင် လွတ်မြောက်ကောင်း
လွတ်မြောက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
တော့ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ့မယ်ဆိုပြီး တိတိကျကျ
ကတိပေးပြောတာမျိုး မတွေ့ရတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားချုပ်နှောင်
ခံရတာ ဖြစ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

"ကျနော်တို့သဘောထားကတော့ နောက်ဆုံးသက်တမ်းတိုးတာတောင် မလုပ်သင့်ဘူး
လို့ပဲ မြင်တယ်။ မနေ့က ဂျော့ချ်ယိုးနဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောတဲ့အထဲမှာ သူတို့က
၆ လဆိုတာကို ထည့်ပြောထားတာ မရှိဘူးထင်ပါတယ်။ ၆ လ မဖြစ်နိုင်ဘူးဆိုတဲ့
မေးခွန်းအပေါ်မှာ ဂျော့ချ်ယိုး ဖြေတာပဲ၊ ကျနော် အဲဒီလိုနားလည်ပါတယ်။ ခြုံပြီးပြောရ
ရင်တော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်ထိုက်ပါတယ်။ ဆက်လက်ထိန်းသိမ်းထာတာ
လည်း တရားမျှတမှု လုံးဝမရှိဘူး။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။"
ဦးဉာဏ်ဝင်း ပြောဆိုသွားတာပါ။

အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ အာဆီယံ ခေါင်းဆောင်တွေရဲ့ခန့်မှန်းချက်သာဖြစ်ပြီး အာဆီယံအစည်းအဝေး တက်ရောက်နေတဲ့
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝိရာယုဒ (Hassan Wirajuda) ကလည်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ်ဆိုတဲ့ခန့်မှန်းချက်နဲ့ပတ်သက်လို့ ဒါဟာ
သူတို့ဘက်က မျှော်လင့်ချက်သာ ဖြစ်တဲ့အကြောင်း ဒီကနေ့သတင်းထောက်တွေကို
ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG