သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပိုလုပ်ရန် အာဆီယံကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တိုက်တွန်း


မြန်မာ့အရေးမှာ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး တခုအတွင်းမှာ မစ္စရိုက်စ်က တိုက်တွန်းခဲ့တာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြထားပါတယ်။

ကွန်ဒိုလီဇာ ရိုက်စ်အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း ရှေ့မှာတင် အာဆီယံ အဖွဲ့ကို တိုက်တွန်း ပြောကြားတာဟာ ပထမဆုံး အကြိမ်လို့ ပြောမယ်ဆိုရင် မမှားပါဘူး။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ပြဿနာ အကြောင်းရင်းကို ကိုင်တွယ် ဖြေရှင်းရာမှာ အာဆီယံ အဖွဲ့အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ မိမိတို့ယုံကြည်ကြောင်း ကွန်ဒိုလီဇာ ရိုက်စ်ကပြောခဲ့ပါတယ်။

မြန်မာ နိုင်ငံအရေး ကိစ္စနဲ့ ပတ်သက်လာရင် အမေရိကန် နိုင်ငံဟာ အပြင်းထန်ဆုံး ဝေဖန်လေ့ရှိတဲ့ နိုင်ငံပါ။ အခု တိုက်တွန်းတာက တော့ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ထိထိရောက်ရောက် မလုပ်သေးတဲ့အတွက် ဖိအားပေးတာ ဖြစ်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သုံးသပ်ပါတယ်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံ တခုရဲ့ အရေးအခင်းမှာ ပါဝင်ဆောင်ရွက်မှုဟာ တနေ့တခြား ပိုမို အရေးကြီး လာတယ်လို့ မြင်တယ်။ အထူးသဖြင့် အခု မြန်မာနိုင်ငံအရေးမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ ပိုမို အရေးကြီးလာတယ်။ အာစီယံဟာ ဒီနေ့အထိတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ အာစီယံအဖွဲ့အနေနဲ့တော့ တစုံတခုမှ ဆောင်ရွက်ပေးတာ ကျွန်တော်တို့ မတွေ့ရဘူး။ သို့သော်လည်းပဲ အခု အာစီယံ လုံခြုံရေး ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောတယ်ဆိုတာ ဒီလို မဆောင်ရွက်တာကို သိလို့၊ မဆောင်ရွက်ဖူးတာကို သိလို့ အဲဒီလို တွန်းအားပေးတဲ့ သဘောလည်း ရှိတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။"

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မုန်တိုင်းဒဏ်သင့် လူထု ကူညီ ကယ်ဆယ်ရေးတွေ အတွက် အာဆီယံအဖွဲ့ဟာ မြန်မာအစိုးရနဲ့ နိုင်ငံတကာကြားမှာ ကြားဝင် ပေါင်းကူး ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီ ဆောင်ရွက်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ချီးကျူးပြောကြားခဲ့သလို အာဆီယံ ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဒီအပေါ် ကျေနပ် အားရပုံပေါ်ပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂက ဝင်ရောက် ဆောင်ရွက်တဲ့ အတွက် နိုင်ငံတကာကပါ ပူးပေါင်းလာခဲ့တာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းကကြိုဆိုပါတယ်။ အာဆီယံရဲ့ လုပ်ဆောင်ပေးလို စိတ်ကိုတော့ ဦးဉာဏ်ဝင်းက သံသယရှိပါ တယ်။

"အာစီယံနဲ့ မြန်မာနိုင်ငံရေးမှာ ထင်ထင်ရှားရှား ကြေညာတာ၊ သုံးသပ်တာတော့ မရှိဘူး။ နိုင်ငံတခုချင်း အနေနဲ့ကသာ မိမိတို့ ခံစားမှုကို ပြောတာပဲ ကျွန်တော် ဒီလောက်ပဲ တွေ့တယ်။ ကုလသမဂ္ဂကတော့ သီးခြားပါ။ အာစီယံအနေနဲ့ ပါဝင် ဆောင်ရွက်လို စိတ်မရှိဘူးဆိုတာ ကျွန်တော် ဒီလိုပဲ သဘောရပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။

နိုင်ငံရေးအရ ကွဲပြားမှုတွေရှိပေမယ့် မုန်တိုင်းကိစ္စ အကူအညီတွေကိုတော့ ဆက်ပေးသွားမှာပါလို့ ရိုက်စ်ကပြောပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Stephen Smith ကလည်း ဆိုင်ကလုန်းဒဏ်သင့်လူထုအတွက် နောက်ထပ် အကူအညီ သြစတြေးလျဒေါ်လာ သန်း ၃၀ ထပ်ပေးမယ့်အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ပြောခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မှာ ကျင်းပမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးပြီး ပါဝင်ခွင့်ရစေဖို့လည်း စမစ်သ်က တောင်းဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မြန်မာနိုင်ငံအဖြစ်၊ တရားဥပဒေစိုးမိုးမှုကို လေးစားတဲ့ မြန်မာနိုင်ငံအဖြစ်၊ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်တဲ့ မြန်မာနိုင်ငံအဖြစ် မိမိတို့မြင်ချင်ပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Stephen Smith က တောင်းဆို တိုက်တွန်းခဲ့ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG