သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားများအပေါ် စစ်အစိုးရ ပိုမိုကန့်သတ်


ရန်ကုန်မှာ နိုင်ငံခြားခရီးသွားတွေနဲ့ နိုင်ငံခြားသတင်းသမားတွေ၊ ပြည်တွင်းသတင်း
သမားတွေကို အခုရက်ပိုင်းတွေအတွင်း မုန်တိုင်းသင့်ဒေသတွေဘက်ကို ခရီးသွားတာ
မျိုးတွေ အတော်လေး ကန့်သတ်နေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေး
ထားပါတယ်။

ပြည်တွင်းသတင်းထောက်တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေကို မုန်တိုင်းသင့်ဒေသ
တွေမှာ သတင်းသွားယူဖို့အတွက် အစကတည်းက ကန့်သတ်ပိတ်ပင်မှုတွေ ရှိပါတယ်။
ဒါပေမယ့် အခုရက်ပိုင်းတွေအတွင်းမှာ နိုင်ငံခြားခရီးသွားတွေအပေါ်မှာ ပိုပြီး တင်းတင်း
ကျပ်ကျပ် စစ်ဆေးတာတွေ၊ ဗွီဒီယိုနဲ့ ဓာတ်ပုံကင်မရာတွေ ပါတယ်ဆိုရင် ရန်ကုန်
နယ်မြေကိုကျော်ပြီး ခွင့်မပြုတာတွေ ပြုလုပ်နေတယ်လို့ ရန်ကုန် ပုဂ္ဂလိက လုပ်ငန်းရှင်
တဦးက အခုလိုပြောပြပါတယ်။

"စဖြစ်ထဲကလည်း သူတို့က တရားဝင်လွှတ်တာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ်
နားလည်မှုနဲ့ပဲ သွားကြတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Tour Gate တွေ
ကနေစပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက နိုင်ငံခြားသားပါရင် ကားကို လုံးဝ
သွားခွင့်မပေးဘဲ မြို့ထဲမှာပဲနေခိုင်းတယ်။ လေဘေးဖြစ်တဲ့နေရာတွေကို ဘယ်နိုင်ငံခြား
သားမှ သွားလို့မရတော့ပါဘူး။

"ဘယ်လိုဖြစ်သလဲဆိုတော့ ကျနော်တို့သိတာ နိုင်ငံခြားသားပါတဲ့ကားက မြို့တွင်းကနေ
လုံး၀ ထွက်ခွာလို့မရပါဘူး။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ သံလျင်မြို့နယ်မှာတောင်
လေဘေးထဲမှာပါတယ်ဆိုပြီး နိုင်ငံခြားသား သွားလို့မရပါဘူး။ အဲဒီလောက်အထိ
တင်းတင်းကျပ်ကျပ် ပိတ်ထားပါတယ်။"

အခုလိုအခြေအနေတွေဟာ နိုင်ငံခြားသတင်းဌာနကြီးတွေမှာ မုန်တိုင်းလွန်ကာလ
အခြေအနေများဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားပြီး အဲဒီဒေသက အခြေအနေတွေ
အပေါ် နိုင်ငံခြားသတင်းထောက်တွေရဲ့ ကိုယ်တွေ့ရုပ်သံမှတ်တမ်းကြောင့် ဖြစ်နိုင်တယ်
လို့ သူကပဲ အခုလိုခန့်မှန်းပြပါတယ်။

"ကျနော်တို့ထင်တာက လေဘေးစဖြစ်တုန်းက နိုင်ငံခြားသားတွေက စွန့်စွန့်စားစားနဲ့ပဲ
ထိုးဖောက်သွားကြတာပဲ။ အများစုက မကြည့်ပေမယ့် အနည်းစုက နိုင်ငံခြားသတင်း
တွေမှာ လေဘေးဖြစ်နေတဲ့ အမှန်တကယ်ဖြစ်ရပ်တွေကို သူတို့ တွေ့သွားကြတယ်။
အဲတော့ သူတို့အတွက်လည်း ထိခိုက်နစ်နာမှုရှိတယ်လို့ ကျနော်ယူဆတယ်။ အဲဒါ
ကြောင့် တင်းတင်းကျပ်ကျပ် လိုက်ပိတ်လိုက်တာလို့ ယူဆပါတယ်။"
ပုဂ္ဂလိက ခရီးသွားလုပ်ငန်းရှင်တဦး ပြောပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ခွင့်ပြုမိန့်ရတဲ့ NGO လို ကူညီရေးအဖွဲ့တွေ၊ MSF နယ်ခြားမဲ့ ဆရာဝန်များ
အဖွဲ့လို ကျန်းမာရေးအဖွဲ့တွေကိုတော့ ချွင်းချက်နဲ့ စာရွက်စာတမ်းပြပြီး ဒီနေရာတွေကို
သွားခွင့်ရနေပါတယ်။ ပြည်တွင်းသတင်းသမားတွေ အနေနဲ့လည်း ဒီသတင်းတွေကို
ရယူဖို့ အတော်လေး ကြိုးစားရပါတယ်။ မသင်္ကာရင် မသင်္ကာသလို ကင်မရာတွေ
စစ်ဆေးတာ၊ သတင်းထောက်ကတ်ပြားနဲ့ ဌာနကို စစ်ဆေးတာတွေ ပြုလုပ်သလို သူတို့
လိုအပ်မယ်ထင်ရင် ကင်မရာတွေကို ဖွင့်ကြည့်စစ်ဆေးပြီး အထဲက ဓာတ်ပုံမှတ်တမ်း
တွေကို အဖျက်ခံရတဲ့အထိ ရှိတယ်လို့ ပြည်တွင်းသတင်းသမားတွေက ပြောကြပါတယ်။

အဲဒီလို ကန့်သတ်တဲ့ အခြေအနေတွေနဲ့အတူ ဂျာနယ်တွေမှာ ရေးသားတင်ပြရာမှာ
လည်း အလိုက်သင့် ရေးသားတင်ပြနေရတဲ့အကြောင်းကို အမျိုးသမီးသတင်းထောက်
တဦးက အခုလို ရှင်းပြထားပါတယ်။

"အများအားဖြင့်တော့ မရဘူး။ အခုရေးနေကြတာတော့ ဘယ်သူက ဘယ်လောက်
လှူတယ်၊ ဂျပန်က ဘယ်လောက်လှူတယ်၊ အဲလို ကောင်းတဲ့သတင်းတွေပဲ။ ဒီမှာ
ဘာတွေဖြစ်နေတယ်၊ အလှူရှင်တွေ လုံလုံလောက်လောက် မရသေးဘူး၊ အဲလိုသတင်း
တွေတော့ ရေးလို့မရဘူး။ ဒါပေမယ့် အများအားဖြင့်တော့ အလှူသတင်းတွေ၊ ဂျပန်
အစိုးရက ဘယ်လောက်လှူတယ်၊ ဘာတွေပြန်ဆောက်ပေးမယ်၊ ဟိုင်းဝေးလမ်းမကြီး
ပြန်ဆောက်ပေးမယ်၊ အိမ်တွေ ပြန်ဆောက်ပေးမယ်၊ အဲဒါမျိုးဆိုရင်တော့ ရေးလို့ရ
တယ်။"

ပြည်တွင်းသတင်းသမားတွေအနေနဲ့ လွတ်လွတ်လပ်လပ် ရေးသားခွင့်မရပေမယ့်
နိုင်ငံခြားသတင်းသမားတွေနဲ့ သတင်းဌာနတွေကတော့ လက်ရှိအခြေအနေမှန်တွေနဲ့
မြင်တာကိုရေးတာလို့ သူကဆိုပါတယ်။

"နာဂစ်ပြီးမှ နိုင်ငံတကာမီဒီယာတွေက ပိုစိတ်ဝင်စားတယ်။ အားလုံးက သူ့အဆက်
အသွယ်နဲ့သူ လာကြတယ်။ အမေရိကန် သတင်းထောက်တွေလည်း လာတယ်၊ ကမ္ဘာ
ကျော်သတင်းဌာနတွေက သတင်းထောက်တွေလည်း လာတယ်။ လာတဲ့အခါကျတော့
သူတို့က ဘယ်ကြိုက်မလဲ။ များသောအားဖြင့် ပြည်တွင်းသတင်းထောက်တွေအပေါ်မှာ
တော့ သူတို့က နိုင်တာပေါ့။ ပြည်တွင်းသတင်းထောက်က သူတို့လက်ထဲမှာရှိတာကိုး။

"နိုင်ငံခြားသတင်းထောက်ကြတော့ သူတို့က မြင်တာရေးတာလေ။ ကောင်းတာလည်း
ရေးမယ်၊ ဆိုးတာလည်းရေးမယ်၊ ပြီးတော့ ဟန့်တားလို့လည်း မရဘူး။ အဲတော့ သူတို့က
နိုင်ငံခြားသတင်းထောက် မပြောနဲ့၊ နိုင်ငံခြားသားကို ကားပေါ်မှာမြင်တာနဲ့ကို လန့်နေပြီ။
ဒါပေမယ့် နိုင်ငံခြားသတင်းထောက်က သူတို့ထင်သလို မကောင်းရေးတာမဟုတ်ဘူး၊
မြင်တာကိုရေးတာ။ အဲဒီ မြင်တာရေးတာကို သူတို့က မခံနိုင်တာ။"
မုန်တိုင်းလွန်ကာလ သတင်းသမားတွေရဲ့ အခြေအနေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG