PONJA ခေါ် နာဂစ်မုန်တိုင်း အလွန် ပူးတွဲ စမ်းစစ်ချက်ဆိုတဲ့ အာဆီယံ၊ ကုလသဂ္ဂနဲ့ မြန်မာစစ်အစိုးရတို့ ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံစာကို ၁၉၉၇ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံ(စ်) က ဝေဖန်လိုက်ပါတယ်။ ဒီ အစီရင်ခံစာဟာ အောက်ခြေ လူထု ကြုံတွေ့နေရတဲ့ ပကတိ အခြေအနေတွ မပါဝင်ဘူးလို့ ဒီနေ့ မနက် ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သူ ထိုင်းမြန်မာနယ်စပ်ကို ၄ ရက်သွားရောက်ခဲ့တဲအချိန် မြန်မာနိုင်ငံသားတွေ ရာနဲ့ချီပြီး တွေ့ခဲ့ရတာ။ သိခဲ့ရာတွေနဲ့ နိုင်းယှဉ်ကြည့်မယ်ဆိုရင် တရားဝင် ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အချက်အားလုံးကို ယုံကြည်ချင်ပေမယ့် ခက်တဲ့ အကြောင်း ဂျိုဒီဝီလျံ(စ်) က ပြောသွားတာပါ။
"အကူအညီတွေ
ပေးရေးအနေအထားပိုပြီး ကောင်းလာခဲ့တာကို လက်ခံပါတယ်။ အကူအညီ လိုအပ်နေတဲ့သူတွေဆီကို
အကူအညီ ရောက်အောင် ပို့ပေးနိုင်ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့်တော့
မြန်မာစစ်အစိုးရက အစိုးရိမ်လွန်ပြီး အထီးကျန်ရပ်တည်ဖို့ ရွေးချယ်ခဲ့တဲ့အချိန်
နိုင်ငံတကာ အကူအညီတွေကို လက်မခံခဲ့တဲ့အချိန်မှာ အာဆီယံဘက်က
ကူညီဆောင်ရွက်ပေးခဲ့တာတွေက ထိရောက်မှုရှိခဲ့တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့်လည်း
တချိန်တည်းမှာ အဲဒီဒေသက ဒေသခံ ပြည်သူတွေရဲ့ အသံတွေ၊ ပြောဆိုသံတွေကို သူ ပစ်ပယ်လို့
မရပါဘူးဆိုပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိူဒီ ဝီလျံ (စ်) က ပြောသွားတာပါ။
ဒါ့အပြင် တချို့ လေဘေး ဒုက္ခရောက်တဲ့သူတွေဟာ ဒီ အကူအညီတွေက အလကားရတာ၊ နိုင်ငံတကာက
အခမဲ့ပေးတာပါ ဆိုတာကိုတောင် မသိတဲ့သူတွေ ရှိတယ်လို့ မြင်မိပါတယ်။ နိုင်ငံတကာ
အသိုင်းအဝိုင်းအနေနဲ့ စစ်အစိုးရက လေဘေးကြောင့် အသက်မသေဘဲ ကျန်နေတဲ့သူတွေကို
အကူအညီတွေ ရောင်းစားနိုင်အောင် ပေးနေတယ်ဆိုတာ စဉ်းစားလို့တောင် မရပါဘူး။"
စစ်အစိုးရဟာ နိုင်ငံတကာအကူအညီတွေကို သူတို့ရဲ့ သိုလှောင်ရုံတွေကို ပို့ပစ်ပြီး အရင်က ရိက္ခာအဟောင်းတွေကို လေဘေးဒဏ် ခံခဲ့ရတဲ့သူတွေကို ပေးခဲ့ပါတယ်။ ပလစ်စတစ် မိုးကာလေးတစ်ခု ရဖို့အတွက် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ပေးလိုက်ရတဲ့ လေဘေး ဒုက္ခသည်တွေ ရှိခဲ့ပါတယ်လို့ ဂျိုဒီဝီလျံ(စ်) က ပြောသွားတာပါ။ အာဆီယံ၊ ကုလသမဂ္ဂနဲ့ စစ်အစိုးရတို့ ပူးပေါင်း လေ့လာခဲ့တဲ့ ဆန်းစစ်ချက် အစီရင်ခံစာမှာ ဒီအကြောင်းတွေ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကတော့ မနက် ၁၁ နာရီ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းစာဆရာများ အသင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြချက်တွေပါ။ မွန်းလွဲတစ်နာရီမှာ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။
ဆူရင်း
ပစ်ဆူဝမ်က မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို အာဆီယံက
ဝင်ရောက်ကြီးကြပ်ခဲ့တာ၊ ဆန်းစစ်ချက် အကဲဖြတ်တဲ့ အစီရင်ခံစာတွေ ထုတ်ပြန်
နိုင်ခဲ့တာတွေက သမိုင်းမှာ ပထမဆုံး အာဆီယံ အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့ ဒေသတွင်းမှာ
ထိရောက်အောင် လုပ်နိုင်ခဲ့တဲ့ လုပ်ရပ်လို့ ဂုဏ်ယူပြောဆိုပါတယ်။ ပြဿနာ အခက်အခဲတွေ
ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ သေရေးရှင်ရေး အဆုံးဖြတ် ပေးရတော့မယ့်
လူတွေရဲ့ အကျိုးတခုတည်းကို ဦးတည်ဆောင်ရွက်ခဲ့တာလို့ ပြန်လည် ဖြေကြားပါတယ်။
"ကျနော်တို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက အခုလတ်တလော ကြုံနေရတဲ့ အကျပ် အတည်းကို ချက်ချင်း တုံ့ပြန်ဖို့ပါ။ ကျနော်တို့က အခြားကိစ္စတွေနဲ့ ရောထွေးပြီး ရှုတ်ထွေးအောင် လုပ်မယ်ဆိုရင် နောက်ထပ် ဘေးအန္တရာယ်ဆိုးကြီး ထပ်ကြုံရနိုင် ပါတယ်။ ဒုတိယအကြိမ် ကြေကွဲရမယ့် အဖြစ်ဆိုးကြီးကို ထပ်ကြုံရနိုင်ပါတယ်။" - လို့ ပြောဆိုသွားတာပါ။
"ကျနော်တို့က ရောဂါကပ်ဆိုးတွေ ထပ်ကြုံမှာကို စိုးရိမ်တယ်။ ကျန်းမာရေး အန္တရာယ်တွေ ထပ်ပြီး ရောက်မှာကို စိုးရိမ်တယ်။ လူတွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံရတဲ့ သူတွေကို ကယ်တင်နိုင်ခဲ့တဲ့ တချိန်တည်းမှာ အာဆီယံရဲ့ ဂုဏ်သိက္ခာကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။" - လို့ ပြောဆိုသွားတာပါ။
အာဆီယံအနေနဲ့ နိုင်ငံတကာ အကူအညီတွေကို ကြီးကြပ်ပြီး အကဲဖြတ် စမ်းစစ်ချက်တွေ စတင်ဖို့ ဆွေးနွေးခဲ့တဲ့အချိန် ကြိုတင်စည်းကမ်း သတ်မှတ်ချက်၂ ခု ထားခဲ့တယ်လို့ ပြောပါတယ်။
"တချက်ကတော့ ဒီ အစီရင်ခံစာ ဆန်းစစ်ချက်တွေ ရေးသားနိုင်ဖို့အတွက် အဖွဲ့တွေအနေနဲ့ လေဘေးဒဏ်ကြောင့် ပျက်ဆီးတာတွေကို တိုင်းထွာနိုင်ဖို့ လိုအပ်တဲ့နေရာတွေကို အပြည့်အ၀ သွားရောက် စစ်ဆေးနိုင်ခွင့် ရဖို့ပါ။ ဒုတိယ အချက်ကတော့ ဒီ အစီရင်ခံစာဟာ ယုတ္တိကျိုးကြောင်း ခိုင်လုံမှုရှိရမယ်။ ဘက်မလိုက်တဲ့ အစီရင်ခံစာ အချက်အလက်တွေ မှန်ကန်ကြောင်း ပြန်လည် စစ်ဆေးနိုင်တဲ့ အစီရင်ခံစာ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေပါ။" - လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ်က ပြောသွားပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ အကူအညီတွေကို ငွေကြေးလဲလှယ်တဲ့နေရာမှာ စစ်အစိုးရရဲ့ နိုင်ငံခြားငွေလဲ လက်မှတ် FEC နဲ့ လဲရတဲ့အတွက် ၂၀ % ဆုံးရှုံးတယ်၊ ဒီ အကူအညီတွေကို စစ်အစိုးရက ရနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးခဲ့ကြပါတယ်။ မစ္စတာ ဆူရင်း ပစ်ဆူဝမ်ကတော့ ၂၀ % ဆုံးရှုံးတယ်ဆိုရင်တောင် ကျန်တဲ့ ၈၀ % နဲ့ လူတွေကို ကယ်တင်မယ်လို့ ပြောဆိုသွားပါတယ်။ ကုလသမဂ္ဂ အရာရှိတွေကတော့ ဒီကိစ္စက သိပ်ပြီး ထင်သလောက် မဆိုးဘူးဆိုတဲ့ သဘောမျိုး လျောလျော့ပေါ့ပေါ့ ပြောဆိုသွားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်း လုပ်ငန်း ဆောင်ရွက်ချက်တွေဟာ ရွေးချယ်စရာလမ်းတွေ အများကြီးထဲက ကိုယ့်စိတ်ကြိုက် ရွေးချယ်လုပ်ကိုင်ရတဲ့ အနေအထားမျိုး မဟုတ်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုကြပါတယ်။