သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒေသ ကလေးငယ် ၇ သိန်းနီးပါးအတွက် အကူအညီများ လိုအပ်နေ


မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ ၃ လနီးပါး ရှိလာခဲ့ပြီ ဖြစ်ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အသက်မသေ ကျန်ရစ်ခဲ့တဲ့ အသက် ၁၇ နှစ်အောက် ကလေးငယ် ၇၀၀,၀၀၀ အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘ၀ ရှင်သန်နိုင်ရေးတွေအတွက် အကူညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။

မုန်တိုင်းမတိုက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ကလေးငယ်တွေအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ မကောင်းတာကြောင့် အခုချိန်မှာ ဒီကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ပြုစုစောင့်ရှောက်မှုတွေ ပိုပြီးတော့ လုပ်ပေးဖို့ လိုအပ်တယ်၊ လုပ်ပေးဖို့ အခွင့်အလမ်းလည်း အခု ရှိနေတယ်လို့ UNICEF အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ် မက် ကောမစ် (Patrick McCormick) က ပြောပါတယ်။

"အခုချိန်က ကယ်ဆယ်ရေးအဆင့်ပြီးတဲ့နောက်ပိုင်း ပြန်လည် တည်ဆောက်ရေးကာလပါ။ ဒါကြောင့် ကလေးငယ်တွေနဲ့ သူတို့ မိသားစုတွေရဲ့ ဘဝတွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ ကျနော်တို့ ဆိုလိုတာက - ဒီကလေးငယ်တွေ အတွက် စာသင်ကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေ ဆောက်ပေးဖို့ လိုပါတယ်။ နောက်တခါ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးရေးကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ မုန်တိုင်း မဖြစ်ခင်ကတည်းက မွေးကင်းစကလေးငယ် သေဆုံးမှုနှုန်းက များပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုသေဆုံးမှု အများဆုံး နိုင်ငံထဲမှာ ပါတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ဒီကလေးငယ်တွေအတွက် ဆေးဝါး ထောက်ပံ့မှုတွေ၊ ရောဂါ ကြိုတင်ကာကွယ်မှု အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေ ပိုပြီးတော့ လုပ်ပေးရမှာပါ။ အရင်တုန်းက ဒီလိုမျိုး ကူညီဖို့ အခွင့်အလမ်းတွေ သိပ်မရှိခဲ့သလို အခုချိန်ဟာ ကျနော်တို့ဘက်က ကူညီနိုင်တဲ့ အကောင်းဆုံး အချိန်ပါ။"

မုန်တိုင်းကာလနောက်ပိုင်း ရောဂါဘယ ပြန့်ပွားနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်ရဆဲ ဖြစ်သလို ဒီအတွက် လတ်တလောမှာလည်း UNICEF အဖွဲ့က အကူအညီတွေ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

"မုန်တိုင်းသင့်ဒေသမှာ ရောဂါဘယ ပြန့်ပွားနိုင်တဲ့ အနေအထားတွေကို ကျနော်တို့ အထူး စိုးရိမ်နေတုန်းပါပဲ။ ဒါကြောင့်လည်း လိုအပ်တဲ့ ဆေးဝါးတွေကို ကျနော်တို့ ထောက်ပံ့ပေးနေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ အစားအစာ အလောက်အလောက် မရတဲ့အခါမှာ အာဟာရ ချို့တဲ့ တဲ့ရောဂါ ဖြစ်လာနိုင်တဲ့ အနေအထားတွေ၊ တချို့တော့ ဖြစ်ပြီးသား အခြေအနေတွေ ရှိပါတယ်။ ဒီအခါ ရောဂါ ပြန့်ပွားမှုက ပိုပြီးတော့ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရေက ပြန့်ပွားတဲ့ ရောဂါမျိုးတွေပါ။ ဒါကြောင့် ကျနော်တို့က - ဒီကလေးငယ်တွေ သန့်ရှင်းတဲ့ သောက်သုံးရေ နဲ့ အစားအစာ ရရှိရေးအတွက် ကူညီထောက်ပံ့တာမျိုး ရောဂါ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးတာတွေ လုပ်ပေးပါတယ်။ စိတ်ချလုံခြုံရတဲ့ နေရာလို့ ကျနော်တို့ခေါ်တဲ့ နေရာမျိုးတွေကိုလည်း မုန်တိုင်းဖြစ်ဖြစ်ပြီးချင်းကတည်းက ကျနော်တို့ တည်ဆောက်ပေးပါတယ်။ ဥပမာ - ကလေးငယ်တွေ အန္တရာယ်ကင်းကင်းနဲ့ ကစားနိုင်တဲ့နေရာတွေ၊ မိဘတွေက ပျက်ဆီးခဲ့တဲ့ သူတို့ရဲ့ အိမ်ယာလယ်မြေတွေကို ပြန်ပြီးတော့ တည်ဆောက်ရတဲ့အခါမျိုးမှာ ကလေးငယ်တွေကို စိတ်ချလက်ချနဲ့ ထားခဲ့နိုင်တဲ့နေရာမျိုးတွေပါ။"

မုန်တိုင်းကြောင့် မိဘနှစ်ဦးစလုံး သေဆုံး၊ ဒါမှမဟုတ် အဖေ မဟုတ်ရင် အမေ ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်ပေါင်း ၆၀၀ ကျော်ရဲ့စရင်းကို UNICEF အဖွဲ့က ပြုစုခဲ့သလို ဒီကလေးငယ်တွေရဲ့ မိဘဆွေမျိုး နောက်ကြောင်း အစဖော်နိုင်အောင် ကြိုးစားရှာဖွေပေးတာတွေနဲ့ လူမှုပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့အကြောင်းလည်း သူက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ UNICEF အဖွဲ့ရဲ့ လုပ်ငန်းတွေ ၁၉၅၀ ခုနှစ်ကတည်းက စလုပ်ခဲ့တာဖြစ်သလို အခြေအနေတွေ အားလုံးကောင်းမွန်ပြီး အကူအညီ လုံးဝ မလိုတော့တဲ့အချိန်အထိ လုပ်ငန်းတွေ ဆက်လုပ်သွားတယ်၊ ဒါပေမယ့် သိပ်ကို ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ အဲဒီလို အခြေအနေမျိုး ရောက်ဖို့ကလည်း မလွယ်ဘူးလို့ မစ္စတာ McCormick က ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ အစောပိုင်း တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူနေအိမ် ၇၀၀,၀၀၀ ကျော်၊ ကျန်းမာရေး အဆောက်အဦ ၇၅ % နဲ့ စာသင်ကျောင်းပေါင်း ၄,၀၀၀ ကျော် ပျက်ဆီးခဲ့တယ်လို့ UNICEF အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၉ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံက ကူညီရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀ ကျော် UNICEF က မကြာသေးခင်ကပဲ တောင်းခံထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG