သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီး လူအသေအပျောက်များပြား


အိန္ဒိယနိုင်ငံက ကွန်ပြူတာနည်းပညာ IT မြို့ဖြစ်တဲ့ ဘင်္ဂလောမြို့မှာ ဗုံးကွဲမှု အငယ်စားတွေ ဖြစ်ပြီး နောက်တနေ့မှာပဲ မနေ့ညနေပိုင်းကတော့ အိန္ဒိယနိုင်ငံ အနောက်ဖက်ခြမ်း စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာမြို့တော်ဖြစ်တဲ့ Ahmedabad မြို့မှာ ဗုံးကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဂူဂျရတ် ပြည်နယ် မြို့တော် Ahmedabad မြို့တဝိုက် ပေါက်ကွဲမှု ၁၆ ခု ဆက်တိုက် ဖြစ်ပေါ်ခဲ့တာကြောင့် အခုအချိန်အထိ လူပေါင်း အနည်းဆုံး ၂၉ ယောက် သေဆုံးသွားပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာ ရရှိထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တနေ့က ဘင်္ဂလောမြို့က အသေးစား ပေါက်ကွဲမှုလေးတွေက အပျက်အစီး အထိအခိုက် တွေကြားက သဲလွန်စတွေကို ထောက်လှမ်းရေး စုံစမ်းရေးမှုးတွေက လိုက်လံရှာဖွေနေချိန် - မနေ့ စနေနေ့ ညနေပိုင်းမှာပဲ အလားတူ ပေါက်ကွဲမှုမျိုးတွေ ဂူဂျာရက် ပြည်နယ်မြို့တော် Ahmedabad မှာ ဆက်တိုက် ဖြစ်ပေါ်လာတာလို့ နယူးဒေလီမြို့ကနေ ဗွီအိုအေ သတင်းထောက် Steve Herman က သတင်းပေးပို့ပါတယ်။

ဘင်္ဂလောက ပေါက်ကွဲမှုတွေမှာ လူတဦးပဲ သေဆုံးခဲ့ပေမယ့်လို့ အခု Ahmedabad က ပေါက်ကွဲမှုတွေမှာတော့ လူအတော်များများ သေဆုံးခဲ့ပါတယ်။ ဒီပေါက်ကွဲပစ္စည်းတွေကို ထမင်းဗူးနဲ့ထည့်၊ စက်ဘီးတွေပေါ်တင်ပြီး အဲဒီစက်ဘီးတွေကို လူစည်ကားတဲ့ ဈေးတွေမှာ ထိုးထားရင်နဲ့ အခုလို ပေါက်ကွဲခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူ အချို့ကို ခေါ်ဆောင်ထားတဲ့ ဆေးရုံတခုမှာလည်း ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

ပထမဆုံးဗုံး မကွဲခင် အချိန်ပိုင်းမှာပဲ အိန္ဒိယ မူဂျာဟစ်ဒင်လို့ အမည်ပေးထားတဲ့ အုပ်စုကနေ ၁၄ မျက်နှာရှိတဲ့ အီးမေး စာတစောင်နဲ့ တိုက်ခိုက်တော့မယ်ဆိုတဲ့ သတိပေးချက် သူတို့ ရရှိခဲ့တယ်လို့ ရုပ်မြင်သံကြားသတင်းဌာနတွေက ပြောပါတယ်။ ဒီအဖွဲ့ကိုတော့ အိန္ဒိယမှာ လူသိနည်းပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ဟာ အရင်တုန်းက အခြားမြို့တွေက ပေါက်ကွဲမှုတွေကို သူတို့လုပ်တာလို့ ပြောခဲ့ဖူးပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး Shivraj Patil ကတော့ အခု ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုအတွက် အကူအညီတွေ ဘယ်လိုမဆို လိုအပ်တယ်လို့ ပြောပါတယ်။

မူဘိုင်းပဲဖြစ်ဖြစ်၊ ဒေလီပဲဖြစ်ဖြစ် ဘင်္ဂလောပဲဖြစ်ဖြစ် အမာဒမတ်ပဲဖြစ်ဖြစ် အစိုးရအနေနဲ့ တခုခုကို အပြစ်တင်ပုံချတာမျိုး လုပ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို အပြစ်တင်ရုံနဲ့ ပြီးသွားတာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးက ဟိန္ဒြူဘာသာစကားနဲ့ ပြောသွားတာပါ။

ဒီတိုက်ခိုက်မှုတွေကို ကာကွယ်မှုတွေ လုံလုံလောက်လောက် မလုပ်နိုင်တဲ့အပေါ် ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အပြန်အလှန် စွပ်စွဲထောက်ပြမှုတွေ ရှိနေတဲ့အပေါ် ရည်ညွန်းပြီး သူပြောခဲ့တာပါ။

အိန္ဒိယဝန်ကြီးချုပ် Manmohan Singh ကတော့ အိန္ဒိိယပြည်သူတွေအနေနဲ့ တိုင်းပြည်အတွင်း လူမျိုးနွယ်စုတွေ ဘာသာကွဲတွေအကြား သဟဇာတ ဖြစ်အောင် နေထိုင်ကြဖို့ တောင်းဆိုပါတယ်။ စိုးရိမ်ရတာကတော့ ဒီတိုက်ခိုက်မှုတွေကို အစွန်းရောက် အစ္စလာမစ် အုပ်စုတွေ လုပ်တာလို့ စွပ်စွဲချက်တွေ ပေါ်လာမယ့်ကိစ္စပါ။ ဒီလို စွတ်စွဲရာကနေ လက်တုံ့ပြန်တဲ့ အနေနဲ့ ဟိန္ဒြူဘာသာဝင် တွေအနေနဲ့ လူနည်းစုမွတ်ဆလင်တွေကို ပြန်လည် တိုက်ခိုက်မှုတွေ ပေါ်လာနိုင်ချေ ရှိတာကို စိုးရိမ်ရပါတယ်။ အထူးသဖြင့်ဆိုရင် ဂူဂျရတ်ပြည်နယ်ဟာ ဘာသာရေးနဲ့ ပတ်သက်လို့ အထိအရှ ရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အဲဒီမှာ မွတ်ဆလင်နဲ့ ဟိန္ဒြူဘာသာဝင်တွေအကြား ရက်သီတင်းပတ် အတော်ကြာ အဓိကရုန်းတွေ ဖြစ်တာကြောင့် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG