ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရဲ့အကြောင်း ရေးသားတင်ပြထားတဲ့ စာတမ်းနဲ့ ပတ်သက်တဲ့ (Courageous Voices: Speaking Out for Prisoners of Conscience) "ရဲရင့်သောအသံများ" ဆွေးနွေးပွဲ တရပ်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဇူလိုင်လ (၂၄) ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ပါတယ်၊
နိုင်ငံတချို့က အစိုးရတွေဟာ ယနေ့အချိန်ထိ ပြည်သူလူထုပေါ် အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ ဖိနှိပ်ချုပ်ချယ်ညှဉ်းပမ်းမှုတွေ ရှိနေသေးတယ် ဆိုတာကို ကုလသမဂ္ဂ ရဲ့ အမေရိကန်ပြည်ထောင်စု မစ်ရှင်အဖွဲ့ က လေ့လာစုစည်းတင်ပြထားတဲ့ စာတမ်းတစောင်ကို ကုလသမဂ္ဂကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းထုတ်ပြန်တဲ့ နှစ် (၆၀) မြောက်နှစ်မှာ တင်သွင်းခဲ့ပါတယ်၊ ဒီစာတမ်းကို အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံပေါင်း (၆၄) နိုင်ငံက လက်မှတ်ရေးထိုးထားခဲ့ပါတယ်၊
ဒီစာတမ်းနဲ့ ပတ်သက်ပြီး (၂၄)ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ယူနက်စကိုရဲ့ အမေရိကန် သံအမတ်ကြီး မစ္စတာ T. Vance McMahan က ဦးဆောင် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအပါအ၀င် ဘီလရုစ်၊ ဆီးရီးယား၊ အီရစ်ထရီးယား၊ ကျူးဘား၊ ဥဇဘတ်ကီစ္စတန် နိုင်ငံတွေက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ လက်ရှိအကျဉ်းချခံနေရတဲ့ နို်င်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက သူတို့ကြုံတွေ့ခဲ့ရတဲ့ ထောင်တွင်း အတွေ့အကြုံများကို ပြောဆိုတင်ပြခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ယနေ့လက်ရှိ အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု့အဖွဲ့  (US Campaign for Burma) ဒါရိုက်တာ ဦးအောင်ဒင် က စာတမ်းကို ပြီးခဲ့တဲ့ ဇွန်လ(၁၁) ရက်နေ့က ကုလသမဂ္ဂကို တင်သွင်းခဲ့ပြီး စက်တင်ဘာလ အတွင်းကျင်းပမဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှာလည်း အကြောင်းအရာ တရပ်အနေနဲ့ ထည့်သွင်းဆွေးနွေးဘို့ တိုက်တွန်းထားကြောင်း ပြောဆိုသွားပါတယ်။