သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများကို ဘန်ကောက်၌ သမ္မတဘုရှ် တွေ့ဆုံမည်


အမေရိကန်သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ်ရဲ့ ၇ ရက်ကြာ အာရှခရီးစဉ်အတွင်း
ထိုင်းနိုင်ငံရောက်စဉ် သမ္မတဘုရှ်အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ
များနဲ့တွေ့ဆုံဖို့ရှိသလို မြန်မာနိုင်ငံကိစ္စကို သတင်းစာရှင်းလင်းပွဲတရပ်
ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ အမေရိကန်သမ္မတ
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရဲ့ အမျိုးသားလုံခြုံရေး
ကောင်စီအာရှရေးရာ အကြီးတန်းညွန်ကြားရေးမှုး Dennis Wilder က
သတင်းထောက်တွေကို အခုလိုပြောသွားတာပါ။

သမ္မတဘုရှ်ဟာ သြဂုတ်လ ၆ ရက်နေ့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အတော
အတွင်း မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း
တွေအတွင်း ကူညီနေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ အမေရိကန်
အစိုးရအေဂျင်စီတွေရဲ့ အတွေ့အကြုံရှင်းပြတာတွေကို သူသွားရောက်
နားဆင်မယ်လို့ Dennis Wilder က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဘန်ကောက်
မှာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီးတော့
သူတို့ပြောဆိုတာတွေကို နားထောင်မယ်လို့လည်း ပြောပါတယ်။ ဒါပြီး
ရင်တော့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီ
ကနေ သမ္မတဘုရှ်အနေနဲ့ မြန်မာပြည်သူတွေကို တိုက်ရိုက်ပြောဆိုစရာတွေ
ကို ပြောနိုင်မယ်လို့လည်း Dennis Wilder က ပြောသွားပါတယ်။

အဲဒီအချိန်မှာ သမ္မတကတော် လော်ရာဘုရှ်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို
သွားရောက်ပြီး မယ်လဒုက္ခသည်စခန်းက မြန်မာ့ဒုက္ခသည်တွေနဲ့တွေ့ဆုံဖို့
ရှိပါတယ်။ ဒါ့အပြင် သမ္မတကတော် လော်ရာဘုရှ်အနေနဲ့ မဲဆောက်က
မယ်တော်ဆေးခန်းသွားရောက်ပြီး ဒေါက်တာစင်သီယာမောင်နဲ့လည်း
တွေ့ဆုံဖို့ရှိတယ်လို့ဆိုပါတယ်။

သမ္မတဘုရှ်ရဲ့ အာရှခရီးစဉ်အတွင်းမှာတော့ တောင်ကိုရီးယား၊ ထိုင်းနဲ့
တရုတ်နိုင်ငံတို့ကို သွားရောက်မှာပါ။ တရုတ်နိုင်ငံမှာတော့ အိုလံပစ်ဖွင့်ပွဲ
ကို သမ္မတဘုရှ် တတ်ရောက်ဖို့ရှိပါတယ်။ ဒါဟာ သမ္မတဘုရှ်ရဲ့ ၉ ကြိမ်
မြောက် အာရှခရီးစဉ်ဖြစ်သလို ထိုင်းနိုင်ငံမှာတော့ အရှေ့အာရှဆိုင်ရာ
အမေရိကန်အစိုးရရဲ့မူဝါဒကို ပြန်လည်သုံးသပ်ပြောဆိုဖို့ရှိပါတယ်။

XS
SM
MD
LG